09/05/2026
ဖလမ်းမြို့ သိမ်းပိုက်ခံရမှု သမိုင်းမှတ်တမ်း
😪😪😪😪😪😪😪😪😪😪
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်
ဖလမ်းမြို့သည် ဗြိတိသျှတို့ မအုပ်ချုပ်မီ ကတည်းက ချင်းပြည်နယ်မြောက်ပိုင်းတစ်ခွင်ကို ဩဇာညောင်းစွာ စိုးမိုးအုပ်ချုပ်ခဲ့သော Taisun ကျေးရွာ စောဘွားကြီး Pu Con Bik နေထိုင်ရာ အချက်အခြာကျသည့် ဒေသဖြစ်သည်။ ဖလမ်းမြို့၏ သမိုင်းတစ်လျှောက် အလှည့်ကျ သိမ်းပိုက်ခံခဲ့ရသည့် အဓိကကျသော သမိုင်း ဖြစ်စဉ်(၇) ကြိမ်ကို အောက်ပါအတိုင်း မှတ်တမ်းတင်အပ်ပါသည်-
(၁) ပထမအကြိမ် - ဗြိတိသျှတို့၏ သိမ်းပိုက်မှု
၁၈၉၂ ခုနှစ်တွင် ဗြိတိသျှတို့သည် အင်အားသုံး၍ ချင်းတောင်တန်းကို နယ်ချဲ့လာရာ လက်နက်အင်အား မမျှတခြင်းကြောင့် ဖလမ်း (Taisun) ရွာကို ဗြိတိသျှတို့နှင့် ညှိနှိုင်း၍ အပ်နှံခဲ့ရသည်။ ယင်းနောက် ဗြိတိသျှတို့သည် လက်ရှိ ဖလမ်းမြို့နေရာကို ချင်းတောင်တန်း၏ မြို့တော် (Headquarters) အဖြစ် သတ်မှတ်ကာ စနစ်တကျ မြို့ကွက်ဖော် တည်ထောင်ခဲ့သည်။ ထို့ကြောင့် ဖလမ်းသည် ဗြိတိသျှတို့ အုတ်မြစ်ချခဲ့သော သမိုင်းဝင်မြို့တစ်မြို့ ဖြစ်သည်။
(၂) ဒုတိယအကြိမ် - ဂျပန်စစ်တပ်၏ သိမ်းပိုက်မှု
ဗြိတိသျှတို့ အုပ်ချုပ်နေစဉ် ဒုတိယကမ္ဘာစစ်မီး ကူးစက်လာရာ ၁၉၄၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် တွင် ဖလမ်းမြို့ရှိ ဗြိတိသျှတပ်များ အိန္ဒိယဘက်သို့ ဆုတ်ခွာခဲ့ရသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံအတွင်းသို့ ချီတက်လာသော ဂျပန်စစ်တပ်သည် ကလေးမြို့ဘက်မှနေ၍ စစ်ကြောင်း (၂) ကြောင်းဖြင့် ထိုးစစ်ဆင်ကာ ဖလမ်းမြို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ဤသည်မှာ ဒုတိယအကြိမ် ဖလမ်းမြို့သိမ်းခံရသည့် မှတ်တမ်းဖြစ်သည်။
(၃) တတိယအကြိမ် - ချင်းလက်နက်ကိုင်အဖွဲ့တို့၏ သိမ်းပိုက်မှု
၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီအာဏာသိမ်းခဲ့မှုကို ချင်းလူမျိုး တော်တော်များများက လက်မခံခဲ့ကြပေ။ ဒေသ အသီးသီးမှ ပုန်ကုန်ကြသည်။ မကျေနပ်သည့် ပါလီမန်အမတ် U Hrang Nawl နှင့် U Son Khaw Pau တို့က ၁၉၆၃ ခုနှစ်တွင် ချင်းတော်လှန်ရေးအမည်ခံ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တို့သည် တောခိုပြီးနောက်ပိုင်း ၁၉၆၄ ခုနှစ်တွင် ချင်းဝိသေသတိုင်း၊ ဖလမ်းမြို့ပေါ်ရှိ မြို့တော်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်။ မြို့တော် ရဲစခန်းကျဆုံးသည် သာမက လက်နက် တစ်ချို့ကိုလည်း ဆုံးရှုံးခဲ့ကြရပါသည်။ ယင်း ဖလမ်းမြို့တော် ရဲစခန်းကို သိမ်းပိုက်ခဲ့ကြပြီးနောက် သူတို့မှာ လက်နက် အင်အား အခိုက်အတန့် ကောင်းလာခဲ့ကြသည်။ ၎င်းအဖွဲ့သည် ထိုအချိန်မှ လက်နက် အင်အား အခိုက်အတန့်ကောင်းလာခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့ အချင်းချင်း စိတ်ဝမ်းကွဲပြားပြီး ပြိုကွဲ ပျက်စီးခဲ့ကြတော့သည်။ ဤသည်မှာ တတိယအကြိမ် ဖလမ်းမြို့ သိမ်းခံရသည့် သမိုင်း မှတ်တမ်း ဖြစ်သည်။
(၄) စတုတ္ထအကြိမ် - မီဇိုအမျိုးသားတပ်ဦး (MNF) ၏ သိမ်းပိုက်မှု
အိန္ဒိယ- မြန်မာနယ်စပ်ရှိ Mizo တော်လှန်ရေးလက်နက်ကိုင် MNF သည် ၁၉၆၆ ခုနှစ်တွင် Mizoram လွတ်လပ်ရေး ကြေညာခဲ့သည်။ ယင်းနောက်ပိုင်း ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်တွင် Mizo National Front (MNF) တပ်ဖွဲ့ဝင်များက ဖလမ်းမြို့ ရဲစခန်းကို အငိုက်ဖမ်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်နိုင်ခဲ့သည်။ ဤသည်မှာ စတုတ္ထအကြိမ် ဖလမ်းမြို့ သိမ်းပိုက်ခံရခြင်း ဖြစ်သည်။
(၅) ပဉ္စမအကြိမ် ပြန်လည်သိမ်းပိုက်မှု နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) ၏
၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံး ကျောင်းသားအရေးအခင်းများ ဖြစ်ပေါ်လာခဲ့သည်။ Pu Thawm Mang ဦးဆောင်သော ဖလမ်းကျောင်းသားများအဖွဲ့သည် ဖလမ်းမြို့ကို ခေတ္တ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် နဝတ အစိုးရသည် ချင်းတောင်တန်းရှိ မြို့အသီးသီးကို စစ်အင်အားသုံး၍ ပြန်လည်ထိန်းချုပ် စိုးမိုးခဲ့ရာတွင် ဖလမ်းမြို့သည်လည်း ပြန်လည် ထိန်းချုပ်ခံခဲ့ရသည်။ ပဉ္စမအကြိမ်မြောက် မြို့သိမ်းခံရခြင်းအဖြစ် မှတ်တမ်းဝင်ပါသည်။
(၆) ဆဋ္ဌမအကြိမ် - CB/CNO/CNDF တော်လှန်ရေးတပ်ဖွဲ့များ၏ သိမ်းပိုက်မှု
စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးကာလအတွင်း ချင်းညီနောင် (CB) နှင့် CNO/CNDF ပူးပေါင်းတပ်ဖွဲ့များသည် ဖလမ်းမြို့ကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၊ မေလတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း နယ်မြေစိုးမိုးမှု အပြောင်းအလဲများကြောင့် CB/CNO/CNDF တို့ သိမ်းပိုက်ထားသော ဖလမ်းမြို့နှင့် နယ်မြေအချို့ကို CNF/CNA (Chinland Council) မှ ထပ်မံ လုယူခဲ့သည်။ ဤသည်မှာ ဆဋ္ဌမအကြိမ်မြောက် မြို့သိမ်းခံရခြင်း ဖြစ်သည်။
(၇) သတ္တမအကြိမ် - စစ်ကောင်စီ၏ ပြန်လည်သိမ်းပိုက်မှု
ဖလမ်းမြို့ကို CNF/CNA က လုယူခဲ့ပြီးနောက် (၈) လခန့်အကြာတွင် စစ်ကောင်စီသည် Khaikham (ခိုင်ခမ်း) စစ်ကြောင်းနှင့် Webulah (ဝေဘူလ) စစ်ကြောင်းဟူ၍ စစ်ကြောင်းကြီး (၂) ကြောင်းဖြင့် အင်အားသုံး ထိုးစစ်ဆင်လာခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် CNF/CNA လက်ထဲမှ ဖလမ်းမြို့ကို စစ်ကောင်စီတပ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သတ္တမအကြိမ်မြောက် ဖလမ်းမြို့ သိမ်းပိုက်ခံရခြင်းအဖြစ် သမိုင်းတွင်ခဲ့သည်။ ဤသည်မှာ
နိဂုံး
ဖလမ်းမြို့သည် ဗြိတိသျှခေတ်မှ ယနေ့ခေတ်အထိ စစ်ဗျူဟာအရ အချက်အခြာကျလှသော မြို့တစ်မြို့ ဖြစ်ခဲ့သည့်အတွက် ခေတ်အဆက်ဆက်တွင် အင်အားစုအသီးသီး၏ အကြိမ်ကြိမ် သိမ်းပိုက်မှုကို ခံခဲ့ရသည့် "ချင်းတောင်တန်း၏ မြို့တော်ဟောင်း" ဖြစ်ကြောင်း ထင်ရှားလှပေသည်။
#ဆလိုင်း ထန်း
(Suainuai)
#ဆလိုင်း