09/04/2023
ပိုက်ဆံပေးလိုက်တဲ့ သတိပေးစကားများ
++++++++++++++++++++++++
လုပ်အားနဲ့ ရှာဖွေရရှိတဲ့ ပိုက်ဆံဟာ
အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်စေသလို
စုဆောင်းလို့ တိုးလာတဲ့ပိုက်ဆံဟာ
ချွေတာတဲ့ တန်ဖိုးကို ပိုမိုသိတတ်စေပါတယ်။
ဆုလဘ်အဖြစ် ရရှိတဲ့ ပိုက်ဆံဟာ
ပိုမိုကြိုးစားဖို့ တွန်းအားဖြစ်ပေါ် စေသလို
အကူအညီနဲ့ ရတဲ့ ပိုက်ဆံဟာ
ရင်ထဲ အသဲထဲကို ပိုမို နွေးထွေးစေပါတယ်။
အလကားနေရင်း ရတဲ့ ပိုက်ဆံဟာ
အချောင်ရလိုစိတ်ကို အားပေးအားမြောက်ပြုသလို
ထီထိုးလို့ ရလိုက်တဲ့ ပိုက်ဆံဟာလည်း
ထီထိုးရင်းနဲ့ ပြန်လည် ကုန် ဆုံးစေတတ်ပါတယ်။
လက်ဖွဲ့လို့ ရလိုက်တဲ့ ပိုက်ဆံဟာ
အဆတိုးပြန်လည် ပေးဆပ်ရသလို
လောင်းကစားမှာ နိုင်လိုက်တဲ့ ပိုက်ဆံဟာ
တစ်အိမ်လုံး ပြောင်သွားစေဖို့ နိမိတ်ပျိုးလိုက်ခြင်းဖြစ်ပါတယ်။
ကောက်လို့ ရလိုက်တဲ့ ပိုက်ဆံဟာ
သုံးရတာ စိတ်မဖြောင့်စေသလို
လက်ဖြန့်တောင်းလို့ ရလိုက်တဲ့ ပိုက်ဆံဟာ
အရှက်တကွဲ အကျိုးနည်းစေတတ်ပါတယ်။
ချေးယူလို့ ရလိုက်တဲ့ ပိုက်ဆံဟာ
တစ်နေ့နေ့ ပြန်ဆပ်ရမှာ ဖြစ်သလို
လိမ်လည်လို့ ရလာတဲ့ ပိုက်ဆံဟာ
စိတ်ဒုက္ခမျိုးစုံ အမြဲ ဖြစ်ပေါ်စေပါတယ်။
ခိုးယူလာတဲ့ ပိုက်ဆံဟာ
ရင်တထိပ်ထိပ် အမြဲဖြစ်စေသလို
လဘ်စားလို့ ရလိုက်တဲ့ ပိုက်ဆံဟာ..
နှောင်ဘဝမှာ နွားအဖြစ်နဲ့ အကြွေးဆပ်စေပါတယ်။
ဘာပဲပြောပြော ပိုက်ဆံဟာ လဘ်တစ်ပါးပါ။
ကိုယ့်ခြေကိုယ့်လက်နဲ့ ရှာဖွေရလိုက်တဲ့ ပိုက်ဆံဟာ တန်ဖိုးအရှိဆုံးပါ။
ယော့ကျ်ား ကောင်း ဖြစ်ခဲ့ရင် အမွေကို မမျော်သင့်သလို
မိန်းမကောင်းဖြစ်တယ်ဆိုရင်လည်း ခန်းဝင်ပစ္စည်း မမက်မောသင့်ပါ။
လူတိုင်းလူတိုင်း ကိုယ်ပိုင်ရှာတဲ့ ပိုက်ဆံကိုသာ ဂုဏ်ယူတန်ဖိုးထားတတ်တဲ့ တစ်နေ့...
သူဠေးသားပါ၊ လူကြီးသားသမီးပါလို့ ဂုဏ်ဖေါ်ရတာကို ရှက်ကြောက်တတ်တဲ့ တစ်နေ့....
အမွေဆိုင်၊ အမွေခွဲ၊ ခြံရောင်းမြေရောင်းပြဿနာ
အားလုံးပျောက်ကွယ်သွားမှာပါ။
ချမ်းသာသူများလည်း မျိုးဆက်အဆက်ဆက် ပိုမိုချမ်းသာသွားကြပြီး၊
ဆင်းရဲသူများလည်း မျိုးဆက်တစ်ဆက်ထက်တစ်ဆက်
ပိုပြီး အဆင်ပြေလာကြမှာပါ။
လူရှိတယ်၊ လုပ်အားရှိတယ်၊ တိုးတက်လိုစိတ်ရှိတယ်၊
တစ်ချိန်မဟုတ်တစ်ချိန် တိုးတက်အောင်မြင်ဖို့ မုချ မလွှဲပါ။
ီ_ဘာ_ဘာ