27/11/2019
#ကိုယ့်ကိုကိုယ်ကံဆိုးလှပြီလို့ထင်နေပြီလား
ရော့. . .ဒါလေးတွေ ဖတ်ကြည့်။ ပြီးတဲ့အခါ ဒီလောက်ကြီးလည်း ငါ့ကံမဆိုးလှသေးပါဘူးလို့ ခံစားသွားရမယ်။
၁။
တစ်ခါက ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်မှု ဖြစ်ပြီး မီးငြိမ်းသွားတဲ့အခါ ဘာတွေများပျက်စီးဆုံးရှုံး သွားသလဲလို့ လိုက်စစ်ကြည့်တော့ မီးလောင်ထားတဲ့ သစ်တောတစ်နေရာမှာ အလောင်းတစ်လောင်း သွားတွေ့ တယ်။ ယောက်ျားအလောင်း။ ရေကူးဝတ်စုံပြည့်နဲ့။ ကျောပေါ်မှာ အောက်ဆီဂျင်ဘူးနဲ့။ ခြေထောက်မှာ ရေယပ်ခြေတုနဲ့။ မျက်နှာမှာ ရေငုပ်မျက်နှာဖုံးနဲ့။
အလောင်းကို စစ်ဆေးချက်တွေ လုပ်ကြတော့ ဒီလူဟာ မီးလောင်ပြီးသေတာ မဟုတ်ဘဲ ပြင်းထန်တဲ့ ခန္ဓာကိုယ် အတွင်းထိခိုက်ဒဏ်ရာအမြောက်အများကြောင့် သေတာလို့ အဖြေထွက်တယ်။
Dental records ကောက်ကြည့်တော့လည်း ဒီအဖြေပဲ ထွက်တယ်။ ဒါဆို ရေငုပ်ဝတ်စုံအပြည့်အစုံနဲ့ ဒီလူဟာ တောမီးအလယ်မှာ ဘယ်လိုဖြစ်ပြီး လာသေနေရတာတုန်း။ စုံစမ်းမှုတွေ လုပ်ကြရတော့တယ်။
သေဆုံးသူဟာ မီးလောင်တဲ့နေ့မှာ တောရဲ့ မိုင်နှစ်ဆယ် အကွာလောက်က ကမ်းခြေကို ရေငုပ်ထွက်လာခဲ့တာတဲ့။
မီးကို တတ်နိုင်သမျှ မြန်မြန်ငြိမ်းစေချင်တာမို့ မီးသတ်တပ်ဖွဲ့ဟာ ဟယ်လီကော်ပတာတွေကို အကူအညီ ခေါ်လိုက်ရတယ်။
ဟယ်လီကော်ပတာတွေက ရေပုံးအကြီးကြီးတွေချိတ်ပြီး အဲ့ဒီရေပုံးတွေနဲ့ ပင်လယ်ထဲကရေကို နှစ်ပြီး ခပ်တယ်။ ပြီးတော့မှ အဲ့ဒီရေတွေကို တောမီးလောင်နေတဲ့ အပေါ်ကနေ လောင်းချလိုက်တယ်။
ပစ္စဖစ်သမုဒ္ဒရာထဲ ရေငုပ်စံပယ်တော်မူတဲ့ ကျနော်တို့ရဲ့ ချိဖကြီးဟာ ရေယပ်တောင်ကလေး ခတ်ကူးရုံရှိသေးတယ် ဖြုန်းခနဲဆို ပေ ၃၀၀အမြင့်မှာ လေထဲပျံနေတဲ့ မီးသတ်ရေပုံးကြီးထဲ ရောက်သွားကာ ယက်ကန်ယက်ကန် နဲ့ မီးလောင်တဲ့နေရာအပေါ် သွန်ချခံရပြီး
အခြားဘဝသို့ ပြောင်းသွားရရှာတော့တယ်။
ဘယ်လိုလဲ ခင်ဗျားကို ခင်ဗျားပဲ ကံဆိုးလှချည်ရဲ့လို့ ထင်နေသေးလား။
၂။
လူတစ်ယောက်ဟာ သူ့အိမ်ရှေ့ ပေါ်တီကိုခန်းထဲမှာ ဆိုင်ကယ်ပြင်နေတယ်။ သူ့မိန်းမကတော့ မီးဖိုချောင်ထဲမှာ။ ဆိုင်ကယ်ကို စက်နှိုးပြီး လီဘာကို ကစားနေတုန်း အခန့်မသင့်ချင်တော့ ဆိုင်ကယ် ဂီယာဝင်သွားတယ်။ ဆိုင်ကယ်လက်ကိုင်ကို မလွှတ်တမ်း ကိုင်ထားမိတဲ့ချိဖခမျာ တရွတ်တိုက်ပါသွားပြီးနောက် ပေါ်တီကိုမှန်တံခါးတွေကို အင်တိုက်အားတိုက် ဝင်ကြုံးပစ်လိုက်တယ်ပေါ့။
တိုက်သံခိုက်သံ ကွဲသံရှသံတွေကြားတဲ့ ချိမဟာအခန်းထဲ ပြေးဝင်လာခဲ့တဲ့အခါမှာတော့ သွေးသံတရဲရဲနဲ့ ကွဲပြဲနေတဲ့ လင်တော်မောင်ရယ်၊ ဆိုင်ကယ်ရယ်၊ တစ်စစီကြေမွနေတဲ့ တံခါးရယ်ကို တွေ့လိုက်ရတယ်။
လူနာတင်ယာဉ် အပြေးအလွှား ဖုန်းဆက်ခေါ်တယ်။ အိမ်ကြီးက တောင်ကုန်းပေါ်မှာ ဆောက်ထားလေတော့ ချိမ ခမျာ လူနာတင်ယာဉ်မှာပါလာတဲ့ ဆေးတပ်သားလေးတွေကို လင်တော်မောင်ရှိတဲ့နေရာပြဖို့ လှေကားထစ်ပေါင်း မြောက်များစွာကို ပြေးလွှားဆင်းခဲ့ရတယ်။
ချိဖကို ဆေးတပ်သားလေးတွေ ခေါ်သွားတဲ့အခိုက်မှာ အငြိမ်မနေတတ်တဲ့ချိမဟာ လဲနေတဲ့ဆိုင်ကယ်ကိုထောင်ပြီး အပြင်ဘက် တွန်းထုတ်တယ်။ ဖိတ်စင်သွားတဲ့ဆီတွေကို တစ်ရှူးနဲ့လိုက်သုတ်တယ်။ တစ်ရှူးတွေကို အိမ်သာခွက်ထဲ သွားလွှင့်လိုက်တယ်။
ဆေးရုံမှာ ဒဏ်ရာတွေကို စစ်ဆေးကုသပြီးတဲ့နောက် ချိဖဟာ အိမ်ကို တန်းပြန်လာတယ်။ ပျက်ဆီးသွားတဲ့ ပေါ်တီကိုတံခါးကို တစ်ချက်ရှိုးတယ်။ ဆိုင်ကယ်ကို ဘာပျက်သွားလဲ တစ်ချက်ကြည့်တယ်။ ပြီးတဲ့အခါ အိမ်သာဝင်တက်တယ်။ နာကျင်နေသော ချိဖဟာ မိမိကိုယ်ကို နှစ်သိမ့်တဲ့အနေနဲ့ ဆေးလိပ်တစ်လိပ်ကို ကောက်ဖွာရင်း စိမ်ပြေနပြေ အီအီးစည်းစိမ် ခံတော်မူတယ်။
အားရကျေနပ်တော်မူတဲ့အခါမှာတော့ ဖင်လေးကြွပြီး ဆေးလိပ်တိုကို ခြေထောက်နှစ်ချောင်းကြားထဲကနေ ဆတ်ခနဲ အိမ်သာခွက်ထဲ ပစ်ထည့်လိုက်တော့တယ်။
"ဝုန်း..."
မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ချိမ၊ ဝုန်းခနဲဆိုတဲ့ ပေါက်ကွဲသံနဲ့အတူ လင်တော်မောင် ချိဖရဲ့ မချိမဆန့် အော်ဟစ်သံကို တပြိုင်နက်ထဲ ကြားလိုက်ရတယ်။
ဘောင်းဘီတွေလည်း ပြဲစုတ်လို့၊ ဖင်တစ်ခုလုံးလည်း မီးလောင်ကျွမ်းလို့၊ အိမ်သာကြမ်းပြင်ပေါ်မှာ မှောက်ခုံကြီး လျောင်းစက်တော်မူနေတဲ့ ချိဖကို တွေ့ရတဲ့အခါ ချိမဟာ အရေးပေါ် လူနာတင်ယာဉ်ကို ဒုတိယအကြိမ် ဖုန်းဆက်ရပြန်တယ်။
ခုနက ဆေးတပ်သားလေးတွေပဲ ရောက်ချလာတယ်။
လှေကားထစ်တွေက ဆင်းရင်း လူနာတင်ယာဉ်ဆီ ချိဖကို သယ်သွားတဲ့ ဆေးတပ်သားလေးတွေက ချိမကိုမေးတယ်။ ချိဖရဲ့ ဖင်နိုင်ငံတော်ကို မီးဘယ်လိုဆော်သလဲပေါ့။
အကြောင်းစုံကို ချိမက အလင်းပြလိုက်တဲ့အခါမှာတော့ ဆေးတပ်သားလေးတွေ ပိုးဆိုးပက်စက်ရယ်တယ်။ အဲ့ဒီမှာ တစ်ယောက်က ခြေချော်ပါလေရော။ လူနာတင်စင်လဲပြီး ချိဖခမျာ ခွေးကျဝက်ကျ ပြုတ်ကျပြန်တယ်။ လှေကားတစ်လျှောက် တလှိမ့်ခေါက်ကွေး လိမ့်ဆင်းပြီး
ချိဖတစ်ယောက် ဖင်မီးလောင်ခံရတဲ့အပြင် လက်ပါ ကျိုးရ ပြန်တယ်။
ကဲ. .
တွတ်ပီ ဒီနေ့ ကံမကောင်းဘူး ဖြစ်နေတုန်းလား။ ဒီမှာ ကိုယ့်လူ ဒီ့ထက် ပိုဆိုးလာနိုင်သေးတယ်ဆိုတာကိုသာ သတိရ။
၃။
အလက်စကာ မှာ Exxon Valdez ရေနံယိုဖိတ်မှုကြောင့် ဖျံတွေ ပင်လယ်ငှက်တွေ ဝေလငါးတွေ အများကြီး ထိခိုက်သေကြေကြရတယ်။
လူကြောင့်ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေထဲမှာ အဆိုးရွားဆုံး အဖြစ်တစ်ခုပဲ။ အဲ့ဒီအဖြစ်ကြောင့် သေမလိုဖြစ်တဲ့ ဖျံတစ်ကောင်ကို ပြန်လည်ကယ်တင်ရတဲ့ စရိတ်ဟာ ဒေါ်လာ ၈၀၀၀၀ ကုန်ကျသတဲ့။
ဒီလို ကုန်ကျစရိတ် အကြီးဆုံးနဲ့ ပြန်လည်ပြုစုထားရတဲ့ ဖျံတွေထဲက နှစ်ကောင်ကို အခမ်းအနားပွဲ စပယ်ရှယ် ကျင်းပပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့တဲ့အခါ လာကြည့် အားပေးလက်ခုပ်တီးသူ ပရိတ်သတ်တွေကလည်း အုံးအုံးကျွတ် အများကြီးပေါ့။
လွှတ်ပေးပြီး တစ်မိနစ်အကြာမှာ အဲ့လူအုပ်ကြီးရှေ့ မျက်ဝါးထင်ထင်မှာပဲ အဲ့ဒီ ဖျံနှစ်ကောင်ကို သားရဲ ဝေလငါးကြီးတစ်ကောင်က ဝင်စားသွားလေရဲ့။
ဘယ့်နှယ့် ?
ငါ့ဘဝ ဆိုးလှချည်ရဲ့ တွေးတုန်းပဲလား။
၎။
အိမ်ပြန်ရောက်လာတဲ့ မိန်းမတစ်ယောက်ဟာ မီးဖိုချောင်ထဲမှာ ယောက်ျားဖြစ်သူ ကယောက်ကယက်နဲ့ လှုပ်ခတ်နေတာကို တွေ့တယ်။ ရူးပြီး ကယောင်ခြောက်ခြား ကနေတဲ့ အတိုင်းပဲ။
သူ့ယောက်ျား ခါးကနေ လျှပ်စစ်ရေနွေးကရားအိုး တလျှောက် ဝါယာကြိုးတစ်ချောင်းကိုလည်း လှမ်းတွေ့ရရော ဓာတ်လိုက်နေတယ်ထင်ပြီး သေတော့မှာပဲဆိုတဲ့ စိုးရိမ်စိတ် နဲ့ အနားမှာရှိတဲ့ သစ်သားချောင်းကိုယူကာ သူ့ယောက်ျားကို ဆွဲခတ် ရိုက်ထုတ်ပလိုက်တယ်။
ယောက်ကျားဖြစ်သူ လက်နှစ်ပိုင်းလောက် ကျိုးသွားတယ်။ အဲ့ဒီအချိန်က ယောက်ျားဖြစ်သူခမျာမှာ နားကြပ်ကလေး တပ်ပြီး Walkman ကက်ဆက်ကို ပျော်ပျော်ပါးပါး နားထောင်ရင်း ဒွန့်နေခဲ့ရှာတာပါ။
ကဲ
ကိုယ့်အဆင်မပြေမှုတွေကိုပဲ တွေးခံစားနေတုန်းလား
၅။
ဂျာမနီနိုင်ငံ ဘွန်းမြို့က သားသတ်ရုံတစ်ရုံဆီ ဝက်တွေ အမြောက်အမြားပို့နေတဲ့ ရက်စက်မှုကြီးကို ကန့်ကွက်ဖို့ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူနှစ်ယောက် ဆန္ဒလာပြတယ်။ အဲဒီအချိန်မှာပဲ ဖမ်းထားတဲ့ ဝက် အကောင်နှစ်ထောင်လုံး ရုတ်တရက် လွတ်သွားပြီး ကရူးမူးထိုး ပြေးကြ လွှားကြ ရုန်းရင်းဆန်ခတ် ဖြစ်ကာ
ခုနက ဝက်အခွင့်အရေး ဆန္ဒပြသူ နှစ်ဦးခမျာ
ဝက်နင်းခံရပြီး သေသွားရှာတော့တယ်။
ဘာတုန်း
ဒီအထိ ခင်ဗျားကို ခင်ဗျားပဲ ကံဆိုးလှချည်ရဲ့ ထင်နေတုန်းလား
၆။
Khay Rahnajet ဆိုတဲ့ အီရတ်က အကြမ်းဖက်သမား တစ်ဦးရှိတယ်။ စာအိတ်ထဲ ဗုံးထည့်ပြီး ဖောက်ခွဲဖို့ ကြိုးစားရာမှာ တံဆိပ်ခေါင်းဖိုး အပြည့်မပေးလိုက်မိတဲ့ အတွက် return to sender ဆိုတဲ့ တံဆိပ်နှိပ်ပြီး စာတိုက်က သူ့ဆီ ပြန်ပို့လိုက်တယ်။
ဗုံးထည့်ထားတယ်ဆိုတာကို ငနဲက မေ့ပြီး ဖွင့်ဖတ်ကြည့်မိ ပါလေရော။
ကဲ . . ကဲ .
ဒီလောက်ဆိုရင်တော့ ငါ့ထက် ကံဆိုးကြသူတွေ အများကြီးပါလားလို့ စိတ်ကျေနပ်ကြတော့ပေါ့
You Think YOU'RE Having A Bad Day?
by Galaxian from Short Stories 101
Sian Hnin
Khit Xtoo