Aunty Gyi Farming and Agricultural Products

Aunty Gyi Farming and Agricultural Products စိုက်ပျိုးရေးနည်းလမ်းများနှင့် ပျိုးပင်များဖြန့်ဖြူးရန်

ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်းစိုက်ပျိုးထုတ်လုပ်မှုတစ်ခုလုံးအတွက် ရောဂါကျရောက်မှုသည် ကြီးမားသေ...
27/10/2025

ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါကို ကာကွယ်တားဆီးနည်း

စိုက်ပျိုးထုတ်လုပ်မှုတစ်ခုလုံးအတွက် ရောဂါကျရောက်မှုသည် ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်။ ရောဂါများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ကာကွယ် ကုသမှုများပြုလုပ်ရန် အရေးကြီးပါသည်။ စိုက်ပျိုးမြေဧရိယာအကျယ်အဝန်းပေါ်မူတည်၍ လုပ်ငန်းစဉ်သည် ခက်ခဲနိုင်သည်။ အထူးသဖြင့် သီးနှံဆိုးရွားစွာ ထိခိုက်စေနိုင်သော ရောဂါများလည်း ပို၍ များပြားလာခြင်းလည်း ပါဝင်ပါသည်။

အပူချိန် နိမ့်လွန်းခြင်း သို့မဟုတ် မြင့်မားခြင်း၊ အစိုဓာတ် လွန်ကဲခြင်း သို့မဟုတ် ချို့တဲ့ခြင်း၊ လေထဲတွင် ပါဝင်သော အဆိပ်အတောက်ဖြစ်စေသည့် ညစ်ညမ်းမှုများကြောင့် အပင်ရောဂါများကို ဖြစ်ပေါ်စေသည်။ အနီးအနားတွင် ဓာတုစက်ရုံများ သို့မဟုတ် သတ္တုရည်ချက်စက်ရုံများ ရှိပါက ထိုညစ်ညမ်းမှုများ စုပုံလာနိုင်သည်။ ထို့ပြင် ပိုးသတ်ဆေးအသုံးပြုမှုများကြောင့်လည်း ပတ်ဝန်းကျင်နှင့် စီးပွားရေးအရပါ ထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဖန်လုံအိမ်များတွင် စိုက်ပျိုးထားသော အပင်မျိုးစိတ် အချို့နှင့် မှိုများမှ မြေဆီလွှာအတွင်းသို့ စွန့်ထုတ်လိုက်သော အဆိပ်အတောက်များသည်လည်း သီးနှံရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။

အောက်ပါအခြေအနေသုံးရပ် ပေါင်းစပ်ပါဝင်လျှင် သီးနှံရောဂါတစ်ခု ဖြစ်ပွားသည်။

(၁) ရောဂါကျရောက်နိုင်သော သီးနှံပင်ရှိခြင်း

(၂) ရောဂါဖြစ်စေသော ပိုးမွှားရှိခြင်းနှင့်

(၃) ရောဂါပြန့်ပွားရန် အားပေးသော ပတ်ဝန်းကျင်အခြေအနေရှိခြင်း။

အပင်သည် ရောဂါပိုး၏ host ဖြစ်ရမည်။ ကျန်းမာသန်စွမ်းသော သီးနှံများ၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးစေ့များနှင့် ကြိုတင်ကုသပြင်ဆင်ထားသော မျိုးစေ့များသည် သီးနှံရောဂါများ ကျရောက်နိုင်ခြေ ပိုမိုနည်းပါးပါသည်။

ထို့အပြင် ရောဂါဖြစ်စေသောပိုးသည် ပေါက်ဖွားကြီးထွားရန်အတွက် သင့်တော်သော ပတ်ဝန်းကျင်အခြေအနေ တစ်ရပ်ရပ်ကို လိုအပ်ပါသည်။ ဥပမာအားဖြင့်၊ nematodes များသည် စိုစွတ်သော မြေဆီလွှာအခြေအနေကို လိုအပ်ပြီး ရေဝပ်မှုဆက်တိုက်ဖြစ်ပေါ်နေသော အခြေအနေမျိုးတွင် အပင်အမြစ်များကို ပြင်းထန်စွာ ပျက်စီးစေပါသည်။

အဖြစ်များဆုံး အပင်ရောဂါများတွင် ဘက်တီးရီးယားများကြောင့် ဖြစ်ပွားမှုများပါဝင်ပါသည်။ ၎င်းကို ကာကွယ်ထိန်းချုပ်ရန်မှာ ခက်ခဲပါသည်။

ရောဂါဖြစ်စေရန် ဘက်တီးရီးယားသည် အပင်ရှိ တစ်ရှူးများအတွင်းသို့ ဝင်ရောက်ရမည်။ ၎င်းသည် အဓိကအားဖြင့် စိုက်ပျိုးရေးကိရိယာများ၊ ပိုးမွှားများ၊ ရာသီဥတုဆိုးရွားမှုများ (ဖုန်၊ လေ၊ မိုးသည်းထန်စွာ ရွာခြင်း) ကြောင့်ပျက်စီးသွားသော နေရာများမှတစ်ဆင့် ဖြစ်ပွားလေ့ရှိသည်။ သို့ရာတွင် အပင်များရှိ သဘာဝအပေါက်များ (ဥပမာ- ဂလင်းများ) မှတစ်ဆင့်လည်း ကူးစက်ဖြစ်ပွား နိုင်သည်။

ရောဂါဖြစ်စေသောဘက်တီးရီးယားပိုးသည် အပင်တစ်ခု သို့မဟုတ် မြေဆီလွှာထဲသို့ ရောက်ရှိပါက ၎င်းတို့အတွက် သင့်တော်သော အခြေအနေများ မပေါ်ပေါက်မချင်း ကြာရှည်စွာ ငုတ်လျှိုးနေနိုင်ခြင်း ဖြစ်သည်။ အပူချိန် သိသိသာသာ ပြောင်းလဲမှုများနှင့် စိုထိုင်းဆမြင့်မားခြင်းတို့သည် ဘက်တီးရီးယားများ ကြီးထွားမှုကို လှုံ့ဆော်ပေးသည်။

ဘက်တီးရီးယားကြောင့်ဖြစ်သော သီးနှံရောဂါများ၏ လက္ခဏာများ

ဘက်တီးရီးယားကြောင့်ဖြစ်သော သီးနှံရောဂါ၏ အဓိကလက္ခဏာများတွင် အပင်ညှိုးခြင်း (vascular wilting)၊ တစ်ရှူးသေခြင်း (necrosis)၊ အပင်ရည်ပုပ်ခြင်း (soft rot) နှင့် အကျိတ်ထွက်ခြင်း (tumor) တို့ ပါဝင်သည်။

ဤရောဂါအမျိုးအစားကို သိသာထင်ရှားသော လက္ခဏာများကြောင့် ခွဲခြားသတ်မှတ်နိုင်သော်လည်း ရောဂါဖြစ်စေသော ဘက်တီးရီးယားအမျိုးအစားကို ခွဲခြားသိရှိရန် ဓာတ်ခွဲခန်းစမ်းသပ်နည်းများ လိုအပ်ပါသည်။

ဘက်တီးရီးယားပိုးများသည် ပျံ့နှံ့မှုနှုန်းမြင့်မားခြင်းနှင့် အပင်အတွင်းပိုင်းတွင် ရှိနေသောကြောင့် ဓာတုဆေးဝါးများ၏ ထိတွေ့သက်ရောက်မှုနည်းပါးခြင်းဖြင့် ရောဂါကို ထိန်းချုပ်ရန်မှာ ခက်ခဲပါသည်။

အောက်ပါနည်းလမ်းများဖြင့် ဘက်တီးရီးယားရောဂါကို ကာကွယ်ပေးနိုင်ပါသည်။

မိုးခေါင်ရေရှားသောဒေသများတွင် ထုတ်လုပ်သည့် ရောဂါပိုးကင်းစင်သော မျိုးစေ့များ အသုံးပြုခြင်း
မျိုးစေ့ကုသရန် ရေပူဖြင့် စီရင်ခြင်း
မြေဆီလွှာကို နေရောင်ခြည်ဖြင့် ပြုပြင်သန့်စင်ခြင်း
မျိုးစေ့ကုသရန် ဆေးဖြင့် စီရင်ခြင်း (မျိုးစေ့ဆောင်ရောဂါပိုးများ ကာကွယ်ခြင်း)
ထို့အပြင် ဖျန်းဆေးများ (ဓါတု၊ သဘာဝ) အသုံးပြု၍လည်း သီးနှံရောဂါများကို ကာကွယ်နိုင်ပါသည်။ သို့သော် မလွဲမသွေ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စီမံချက်များကို ဆောင်ရွက်ထားရှိရမည်။
Credit - greenway



#စိုက်ပျိုးရေး
#ဘတ်တီးရီးယား

စားကျက်သီးနှံများ စိုက်ပျိုးသင့်သောအကြောင်းရင်းများ(က) မွေးမြူရေးအတွက် အဓိကအစာဖြစ်ခြင်းစားကျက်သီးနှံ (Forage crops) ဥပမာ...
19/10/2025

စားကျက်သီးနှံများ စိုက်ပျိုးသင့်သောအကြောင်းရင်းများ

(က) မွေးမြူရေးအတွက် အဓိကအစာဖြစ်ခြင်း
စားကျက်သီးနှံ (Forage crops) ဥပမာ – မြက်၊ ပဲ) တို့သည် စားမြုံ့ပြန်တိရစ္ဆာန်များ (Ruminant animals) ဥပမာ - နွား၊ ဆိတ်၊ သိုး များအတွက် အဓိကအစာဖြစ်သည်။
သက်တမ်းရှည်၊ အာဟာရပြည့်ဝသောအစာဖြစ်ပြီး နွားနို့ထွက်နှုန်း၊ အသားအရည်အသွေး၊ အသားတိုးနှုန်းတို့ကို တိုးတက်စေသည်။

(ခ) မြေဆီလွှာထိန်းသိမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှု
စားကျက်သီးနှံသည် မြေဆီလွှာ ပျက်စီးမှုကိုလျှော့ချပြီး မြေဆီလွှာအဟာရဓာတ် အရည် အသွေး (Soil Fertility Improvement) ကိုတိုးတက်စေသည်။
မြေဆီလွှာတိုက်စားမှု၊ ရေစီးဆင်းမှု တို့ကို ထိန်းချုပ်နိုင်ပြီး သဘာဝအပင်များမှ ကာဗွန် သိုလှောင်ခြင်း (carbon sequestration) ပြုလုပ်နိုင်သည်။

(ဂ) စီးပွားရေးအကျိုးအမြတ်ရခြင်း
စားကျက်သီးနှံ သည် အခြားအစားအစာများထက် စျေးသက်သာပြီး စိုက်ပျိုး ကုန်ကျ စရိတ်နည်းသည်။
အမေရိကန်တွင်သာမက ကမ္ဘာတစ်ဝှမ်းတွင် စားကျက်သီးနှံများထုတ်လုပ်မှု (Forage production) သည် စိုက်ပျိုးမြေ၏ ၅၀% ခန့်ကိုဖုံးလွှမ်းပြီး အမေရိကန်ဒေါ်လာ ၁၈-ဘီလီယမ် ($18 billion) ခန့်အထိ စီးပွားရေးတန်ဖိုးရှိနေပါသည်။

(ဃ) အခြားသီးနှံများနှင့် ပေါင်းစပ်စိုက်ပျိုးနိုင်မှု
စားကျက်သီးနှံ ကို သီးနှံလှည့်စိုက်နည်းစနစ် (Crop rotation) တွင် အသုံးပြုနိုင်သည်။
ဥပမာ – ပဲပင်များသည် မြေထဲသို့ နိုက်ထရိုဂျင်ဓာတ် (Nitrogen) ဖြည့်စွက်ပေးနိုင်ပြီး အခြားသီးနှံများအတွက် အထောက်အကူဖြစ်စေသည်။

(င) အစားအသောက်လုံခြုံရေးအတွက် အခြေခံဖြစ်ခြင်း
စားကျက်သီးနှံသည် နို့ (Milk)၊ အသား (Meat)၊ မွေးမြူရေးထုတ်ကုန် (Animal products) များ၏ အရင်းအမြစ်ဖြစ်သည်။
လူဦးရေတိုးလာမှုနှင့်အမျှ အစားအသောက်၊ ပရိုတန်းဓာတ် (Protein) လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

စားကျက်သီးနှံများ စိုက်ပျိုးပြုစုရာတွင် အောက်ပါအချက်များကို ပထမဦးစွာသိရှိထားရပါမည်။
(က) သဘာဝစားကျက်သီးနှံစိုက်ခင်း (Native Pasture) လမ်းဘေး၊ စိုက်ခင်းဘေး၊ အ ဆောက်အဦများ ဘေး, အနီးအနားတွင် သဘာဝအတိုင်းရှိနေသည့် မြက်နှင့် အပင်များ ဖြစ်သည်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည့် တိရစ္ဆာန်များ လွတ်လပ်စွာနေထိုင်နိုင်သော်လည်း အာဟာရဓာတ် နည်းပါးခြင်း၊ ထုတ်လုပ်မှုနည်းခြင်းကြောင့် တိရစ္ဆာန်၏ ကြီးထွားနှုန်း နှေးကွေးသည်။

(ခ) စိုက်ပျိုးထားသော စားကျက်သီးနှံစိုက်ခင်း (Sown or Planted Pasture) တောင်သူ လယ်သမားတို့မှ မြက်ပင်များ၊ စားကျက်ပဲသီးနှံများကို ရွေးချယ်စိုက်ပျိုးထားသော အခြေအနေဖြစ်သည်။ အသားဓာတ်ရှိ၊ အာဟာရမြင့်သည့်မြက်ပင်မျိုးများစွာ ထုတ်လုပ်နိုင် သည်။ အထွက်နှုန်းမြင့်၍ တိရစ္ဆာန် မွေးမြူရေးတွင် အကျိုးအတွက်ပိုမိုဖြစ်သည်။ ဒေသအလိုက် မိုးရွာသွန်းမှု၊ မြေအမျိုးအစား၊ ရာသီဥတု အခြေအနေ အရ စိုက်ပျိုးမှုကို စီမံဆောင်ရွက်နိုင်သည်။
ကမ္ဘာ့နိုင်ငံအလိုက် နေရာဒေသအပေါ်မူတည်၍ စားကျက်သီးနှံ - မြက်၊ ပဲ များကို အပူပိုင်း နှင့် သမပိုင်း သီးနှံများအဖြစ် အောက်ပါအတိုင်းခွဲခြားနိုင်ပါသည်။

(ဂ) အပူပိုင်း နှင့်အပူလျော့ပိုင်းဒေသစိုက်ပျိုးသော မြက်/ပဲ (Tropical and Sub-Tropical Grasses/Tropical and Sub-Tropical Legumes)

(ဂ-၁) အပူပိုင်းဒေသစိုက်မြက်/ပဲမျိုးများ (Tropical Grasses/Legumes)
အဓိပ္ပာယ် – အပူပိုင်းဒေသ (လတ္တီတွတ် မြောက် ၂၃.၅°N နှင့် တောင် ၂၃.၅°S အကြား) တွင် အပူချိန် မြင့်မားပြီး ရာသီ အပြောင်းအလဲများ ကြားတွင် တွေ့နိုင်သည့် မြက်မျိုးများ၊ ပဲမျိုးများ ဖြစ်ပါသည်။
ရာသီဥတု – အပူချိန် ≥ ၂၀°C, နေထွက်ချိန်များ, မိုးရာသီကွဲပြားမှုကြီးမား။
ဥပမာ (မြက်) – နပီယာမြက် Napier grass (Pennisetum purpureum), ဂီနီမြက် Guinea grass (Panicum maximum), ဘူဖယ်မြက် Buffel grass (Cenchrus ciliaris)
ဥပမာ (ပဲ) – စတိုင်လို Stylo (Stylosanthes spp.), ဆင်ထရို Centro (Centrosema pubescens), ဘောစကိုင်း Leucaena (Leucaena leucocephala)

(ဂ-၂) အပူလျော့ပိုင်း မြက်/ပဲမျိုးများ (Sub-tropical Grasses/Legumes)
အဓိပ္ပါယ် – အပူပိုင်းနှင့် အပူလျော့ပိုင်းအကြား (၂၃.၅° – ၃၅° တောင်၊ မြောက် လတ္တီကျု) အကြား တွင်တွေ့နိုင်သည့် မြက်/ပဲအမျိုးအစားများဖြစ်ပါသည်။
ရာသီဥတု – နွေရာသီအပူချိန် ၂၀–၃၀°C ဆောင်းတွင် အေးသော်လည်း အနည်းငယ် ရေခဲနိုင်သည်။
ဥပမာ (မြက်) – ဘာမူဒါမြက် Bermuda grass (Cynodon dactylon), ရုဒ်မြက် Rhodes grass (Chloris gayana)
ဥပမာ (ပဲ) – လျူဆန်း/အယ်ဖာဖာပဲ Lucerne/Alfalfa (Medicago sativa), စီရာထရိုပဲ (Macroptilium atropurpureum), ဒက်စမိုဒီယမ်ပဲ (Desmodium spp.)

(ဃ) သမပိုင်းဒေသစိုက်ပျိုးသော မြက်/ပဲ (Temperate Grasses/Temperate Legumes)
(ဃ-၁) သမပိုင်း မြက်/ပဲမျိုးများ (Temperate Grasses/Legumes)
အဓိပ္ပာယ် – လတ္တီကျု ၃၅° ထက် အထက်ရှိ အအေးပိုင်းဒေသများတွင် တွင်ကြရသည့် အမျိုးအစားများ။
ရာသီဥတု – အေးမြသောရာသီဥတု (၁၀–၂၅°C)၊ ဆောင်းတွင် ရေခဲ/နှင်းကျ ရောက်ခြင်း များ၊ အအေးဆုံးလအတွင်း ဖြစ်နိုင်ပါသည်။
ဥပမာ (မြက်) – ရိုင်မြက် Ryegrass (Lolium perenne), အော်ချပ်မြက် Orchardgrass (Dactylis glomerata), တီမိုသီမြက် Timothy (Phleum pratense)
ဥပမာ (ပဲ) – ကလိုဘာအဖြူပဲ White clover (Trifolium repens), ကလိုဘာအနီပဲ Red clover (Trifolium pratense), ဌက်ခြေထောက်ပုံပဲ Birdsfoot trefoil (Lotus corniculatus)စသည်ဖြင့် ထပ်မံခွဲခြားနိုင်ပါသည်။

တစ်ဖန်စားကျက်သီးနှံ အမျိုးမျိုးကို
(င) Forage Crops (မွေးမြူထားသောတိရိစ္ဆာန်များအတွက် စိုက်ပျိုးသောမြက်နှင့် အပင်များ)
စားကျက်ပင် (Forage crops) ဆိုသည်မှာ တိရစ္ဆာန်တွေ စားဖို့အတွက် သီးသန့် စိုက်ပျိုးထားသည့် အပင်များဖြစ်ပါသည်။ ၎င်းအပင်များကိုတိရစ္ဆာန်များ တိုက်ရိုက်လွှတ်ကျောင်းစားနိုင်သလို (Grazing)၊ ခုတ်ဖြတ်၊ သယ်ယူပြီး စားခိုင်းခြင်း (Cut-and-carry)၊ အခြောက်သိုလှောင်ခြင်း (Hay)၊ အစိုအချဉ်ဖောက်သို လှောင်ခြင်း (Silage) စသည့် ပုံစံမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါသည်။
ဥပမာများ - နေပီယာမြက် (Napier grass), လူဆန် (သို့) အယ်ဖာဖာ (Lucerne/Alfalfa)၊ ကလိုဗာ (Clover)

(စ) Fodder Crops (ဖြတ်ယူ၍ တိရစ္ဆာန်အစာစိမ်းအဖြစ် အသုံးပြုသော စိုက်ပျိုးပင်များ)
တိရစ္ဆာန်စာသုံးနိုင်သောအပင်များ (Fodder crops) ဆိုတာ တိရစ္ဆာန်အစာအဖြစ် ဖြတ်ယူပြီး စားခိုင်းဖို့အတွက် စိုက်ပျိုးတဲ့ အပင်များ ဖြစ်ပါတယ်။ များအားဖြင့် အသီး၊ အဖူးများကို စားခြင်း မဟုတ်ဘဲ ဖြတ်ယူပြီး စားခိုင်းကြတတ်ပါသည်။
အသုံးပြုပုံ - သက်တောင့်သက်သာဖြစ်အောင် အပင်စိမ်း (Green fodder) ဖြတ်ယူပြီး စားခိုင်းခြင်း၊ အခြောက်သို (Hay) သို့မဟုတ် အစိုသို့ (Silage) ပုံစံဖြင့် အသုံးပြုခြင်း
ဥပမာများ - ပြောင်းဖူး (Maize)၊ နှံစားပြောင်း (Sorghum)၊ ပဲလွန်း (Cowpea)၊ အုတ် (Oat)၊ ဆူဒန်မြက် (Sudan grass)
Credit - အစိမ်းရောင်လမ်း




ငရုတ်ပင်၏ သဘောသဘာဝ(က) ငရုတ်ပင်အတွက်သင့်တော်သောရာသီဥတု (Climatic Requirements for Chilli/Pepper)ငရုတ်သီးကို အောင်မြင်စွာ ...
13/10/2025

ငရုတ်ပင်၏ သဘောသဘာဝ

(က) ငရုတ်ပင်အတွက်သင့်တော်သောရာသီဥတု (Climatic Requirements for Chilli/Pepper)

ငရုတ်သီးကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်းသည် ငရုတ်ပင်အတွက် သင့်တော်သော ရာသီ ဥတု အခြေအနေ ရရှိမှုအပေါ် မှီခိုနေပါသည်။ နွေရာသီ ပူအိုက်မှုကို ကြိုက်နှစ်သက် သည့် သီးနှံ ဖြစ်သောကြောင့် ငရုတ်သီး အပူချိန်နဲမှု (အအေးဓာတ်) နှင့် နှင်းများရှိသောဒေသ များတွင် စိုက်ပျိုးပါက အထွက်ကို အလွန်အမင်း ထိခိုက်နိုင်သည်။

(က-၁) အပူချိန် (Temperature)

ကောင်းမွန်စွာ ကြီးထွားရန်နှင့် အသီးတင်ရန်အတွက် အကောင်းဆုံးအပူချိန်သည် နေ့ဘက်တွင် ၇၀ မှ ၈၀ ဒီဂရီဖာရင်ဟိုက် (၂၁ မှ ၂၇ ဒီဂရီစင်တီဂရိတ်)၊ ညဘက်တွင် ၆၀ မှ ၇၀ ဒီဂရီဖာရင်ဟိုက် (၁၆ မှ ၂၁ ဒီဂရီစင်တီဂရိတ်) ဖြစ်သည်။ ညဘက်တွင် အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်အောက် ကျဆင်းသွားသောအခါ သို့မဟုတ် နေ့ဘက်တွင် ၉၀ ဒီဂရီ ဖာရင်ဟိုက်အထက် မြင့်တက်လာသောအခါ အပင်များသည် ပန်းပွင့်များကြွေကျခြင်းကို ခံစားရနိုင်ပြီး အသီးတင်ခြင်းကို ဟန့်တားစေသည်။ အပူချိန် ၈၅ ဒီဂရီဖာရင်ဟိုက် အထက်တွင် အသီးများတင်ပါက များသောအားဖြင့် သေးငယ်ပြီး ပုံသဏ္ဌာန်မမှန် ဖြစ် တတ်သည်။ အပူချိန်လွန်ကဲမှုအပေါ် ထိခိုက်လွယ်ခြင်းက စိုက်ပျိုးရာတွင် သိသာ ထင်ရှား သော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အရွယ်အစားသေးငယ်ပြီး အစပ်ဓာတ် ပါဝင်သည့် ငရုတ်သီးများသည် အရွယ်အစားကြီးပြီး ငရုတ်သီး အချိုများထက် အပူ ဒဏ်ကြောင့် အ သီးမတင်ခြင်းပြဿနာကို ပိုမိုခံနိုင်ရည်ရှိသော်လည်း ၎င်းသည် ဇီဝကမ္မ ဗေဒဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်တတ်သည်။ အစပ်ဓာတ်မပါဝင်သော အသီးကြီး မျိုး စိတ်များအတွက် ရွေးချယ်စိုက်ပျိုးခြင်းသည် အပင်၏ သဘာဝ အပူဒဏ်ခံနိုင်ရည်ကို မသိမသာ လျော့ကျ စေသည်ဟု ယူဆနိုင်သည်။ အပူဒဏ်ခံနိုင်ရည်ရှိခြင်းသည် ငရုတ်သီး၏ မူရင်းမျိုးရိုးနှင့် အစပ်ဓာတ် (Capsaicin) ထုတ်လုပ်မှုနှင့် အနီးကပ်ဆက်စပ်နေသည့် စရိုက်လက္ခဏာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အပူအစပ်ဓာတ်ကို အများဆုံးထုတ်ပေးသည့် အခြေအနေများသည် စုစုပေါင်း အထွက်နှုန်းကို အမြင့်ဆုံး ဖြစ်စေသည့် အခြေအနေများ နှင့် မကြာခဏဆိုသလို ပြောင်းပြန်ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါသည်။

(က-၂) နေရောင်ခြည် (Solar Radiation)

ငရုတ်သီးသည် သန်မာစွာ ကြီးထွားရန် နေရောင်ခြည် တိုက်ရိုက်အလုံအလောက် လိုအပ် သည့် “နေကိုကြိုက်သည့် အပင်များ (Sun-Loving Plants)” ဖြစ်သည်။ တစ်နေ့လျှင် အ နည်းဆုံး ၆ နာရီမှ ၁၂ နာရီအထိ နေရောင်ခြည် တိုက်ရိုက်ရရှိသည့်နေရာသည် အပင်အ တွက် အလင်းမှီစုဖွဲ့ခြင်း/အစာချက်လုပ်ခြင်း (photosynthesis) ပြုလုပ်ရန် လုံလောက် သော စွမ်းအင်ကို ပေးနိုင်ရန် လိုအပ်ပါသည်။ အလင်းရောင် အလုံအလောက် မရရှိခြင်း သည် အထွက်နှုန်းညံ့ဖျင်းစေပြီး "အပင်လှီခြင်း" ဖြစ်စေနိုင်ကာ ၎င်းအပင်များက ပင်စည် အား နည်းပြီး ရှည်လျားကာ ပိန်သွယ်နေတတ်သည်။ အထူးသဖြင့် အပူရှိန် ပြင်းသည့်နေ့ များတွင် နေ့လယ်ပိုင်း နေရောင်ခြည် ပြင်းထန်မှုကြောင့် အသီးများနှင့် အရွက်များပေါ် တွင် နေလောင်ဒဏ်ရာ (sunscald) ဖြစ်ပေါ်စေနိုင်ပြီး အသီးများပေါ်တွင် အရောင်ဖျော့၊ တွန့်လိမ်နေသော စက္ကူ ကဲ့သို့ အကွက်များအဖြစ် ပေါ်လာစေသည်။ ဤထိခိုက်မှုကြောင့် အသီးများသည် မှို သို့မဟုတ် ဘက်တီးရီးယားကူးစက်မှုများကို ပိုမိုခံနိုင်ရည်ရှိ လာနိုင် သည်။ ၎င်းကို လျော့ပါးစေရန် ငရုတ်စိုက်ပျိုးသူများသည် တစ်ခါတစ်ရံတွင် နေ့၏အပူဆုံး အချိန်များတွင် ယာယီအရိပ် သို့မဟုတ် အမိုးပိုက်ကွန်များ (temporary shade or shade netting) အသုံးပြု လေ့ရှိပါသည်။

(က-၃) စိုထိုင်းဆ (RH – Relative Humidity)

စိုထိုင်းဆသည် အပင်၏ ဘဝသံသရာ (Life cycle) တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ၆၅-၇၅% ၏ ပတ်ဝန်းကျင် စိုထိုင်းဆသည် ကျန်းမာစွာ ကြီးထွားရန်နှင့် အောင်မြင်စွာ ဝတ်မှုန်ကူးရန်အတွက် အကောင်းဆုံးဖြစ်သည်ဟု ယူဆနိုင်ပါသည်။ စိုထိုင်းဆ နည်းခြင်းသည် ပန်းပွင့်များ ကြွေကျခြင်း၏ အဓိက အကြောင်းရင်းဖြစ်ပါသည်။ သို့သော်လည်း အလွန်အကျွံ စိုစွတ်သည့် အခြေအနေများတွင် (ရေအလွန်အကျွံ လောင်း ခြင်း၊ စိုထိုင်းဆများခြင်းနှင့် လေဝင်လေထွက်မကောင်းခြင်းအပါအဝင်) မှိုနှင့်ဘက်တီး ရီးယား ရောဂါများဖြစ်သည့် ပေါင်ဒရီမဲလ်ဒျုး (Powdery Mildew) နှင့် ဘက်တီးရီးယား အစက်ပျောက်ရောဂါ (Bacterial Spot) တို့ ကူးစက်ပြန့်ပွားစေနိုင်သောကြောင့် မျှတ အောင် ထိန်းသိမ်းထားရမည်။ အရွက်အောက်ဘက်တွင် အရည်ကြည်များ စုပုံနေသော လက္ခဏာ (edema) ပေါ်လာခြင်းသည် အပင်ခြေမြေကြီးအတွင်း ရေဓာတ်အလွန် အကျွံ ရှိနေခြင်းကို သိသာ၊ မြင်သာစေသည့် လက္ခဏာဖြစ်ပါသည်။

(ခ) ငရုတ်သီး၏ အပူအစပ်ဓာတ်ဆိုင်ရာ ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒအခြေခံ

ငရုတ်သီး၏ ထူးခြားသည့် "အပူအစပ်" အရသာသည် အရသာတစ်ခုမဟုတ်ဘဲ ထူးခြား သည့် ဒြပ်ပေါင်းအုပ်စုကြောင့် ဖြစ်ပေါ်လာသည့် အစပ်ဓာတ်နှင့် ပူလောင်မှု စိတ်ခံစား ချက် တစ်ခုဖြစ်ပါသည်။ ဤဒြပ်ပေါင်းများ ထုတ်လုပ်ခြင်းသည် အပင်၏ ဇီဝကမ္မဗေဒနှင့် ဆင့်ကဲ ဖြစ်စဉ် သမိုင်းကြောင်းအတွက် အဓိကဖြစ်သည့် ရှုပ်ထွေးသော ဇီဝဓာတုဗေဒ (Biochemistry) ဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်သည်။

(ခ-၁) ကက်ဆိုင်ဆီနှိုက် (Capsaicinoid) ပါဝင်သောမျိုးရင်း အပင်များနှင့် ဇီဝပေါင်းစပ်မှု

ငရုတ်သီးရှိ အပူအစပ်ဓာတ်သည် ကက်ဆိုင်ဆီနှိုက် ဟုခေါ်သော အယ်လ်ကာလွိုက် များ မျိုးရင်းကြောင့် ဖြစ်ပေါ်လာသည်။ ၎င်းတို့အနက် အများဆုံးနှင့် လူသိအများဆုံးမှာ ကက် ဆိုင်စင် (capsaicin - C18​H27​NO3​) ဖြစ်ပြီး ၎င်းသည် မျိုးစိတ်အမျိုးအစားအပေါ် မူတည်၍ စုစုပေါင်း ကက်ဆိုင်ဆီနှိုက် ပါဝင်မှု၏ ၅၀-၇၀% ကို ဖြစ်ပေါ်စေသည်။ ကက်ဆိုင်ဆီနှိုက် များသည် ကက်စီကမ် (Capsicum) မျိုးနွယ်စုအတွက် ထူးခြားသည့်ဒြပ်ပေါင်းများဖြစ်ပြီး ၎င်းတို့၏ ဇီဝပေါင်းစပ်မှုသည် အသီးအတွင်း၌ အချိန်နှင့် နေရာအလိုက် သတ်မှတ် ထားသော ပုံစံတစ်ခုအတိုင်း ဖြစ်ပေါ်သည်။

ကက်ဆိုင်ဆီနှိုက် ဇီဝပေါင်းစပ်မှုသည် ပန်းပွင့်ပြီးနောက် ရက်ပေါင်း ၃၀ ခန့်အကြာ ရင့် ကျက်သော အစိမ်းရောင်အသီးအဆင့်တွင် အတက်ကြွဆုံး၊ အများဆုံးဖြစ်သည်။ ၎င်း ဖြစ်စဉ်သည် အဓိကအားဖြင့် အစေ့များအတွင်း တွယ်ကပ်နေသော အတွင်း တစ်ရှူးဖြစ် သည့် placental septum တွင် အလွန်ကန့်သတ်ပြီး ဖြစ်ပေါ်သည်။ ဤတစ်ရှူးရှိ သီးခြား အပြင်ပိုင်းဆဲလ်များသည် ဇီဝပေါင်းစပ်မှု၏ အဓိကနေရာဖြစ်သည်ဟု တွေ့ရှိရပါသည်။

(ခ-၂) ကက်ဆိုင်စင် (Capsaicin) ၏ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ အခန်းကဏ္ဍ

ငရုတ်သီးတွင် ကက်ဆိုင်စင် ပါဝင်နေခြင်းသည် လူသားစားသုံးရန်အတွက် မဟုတ်ဘဲ နှစ်သန်းပေါင်းများစွာ ဆင့်ကဲပြောင်းလဲလာခဲ့သော အဓိက ကာကွယ်ရေး ယန္တရား တစ်ခုဖြစ် ပါသည်။ ဤဓာတုဒြပ်ပေါင်းသည် အပင်နှင့်၎င်း၏အစေ့များကို အမျိုးမျိုးသော ပတ်ဝန်း ကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးသည်။

နို့တိုက်သတ္တဝါများနှင့် မှိုများမှ ကာကွယ်ခြင်း- ကက်ဆိုင်စင် ၏ အဓိကရည်ရွယ်ချက်မှာ ၎င်းတို့၏ မေးရိုးဖြင့် အစေ့များကို ဝါးစားခြင်းဖြင့် ဖျက်ဆီးတတ်သည့် အစေ့စားနို့တိုက် သတ္တဝါများကို တားဆီးရန်ဖြစ်သည်။ ကက်ဆိုင်စင် သည် နို့တိုက်သတ္တဝါများတွင် အပူ ဒဏ်ခံစားနိုင်သော သီးခြားအာရုံခံ (receptors - TRPV1 channels) များကို အသက် ဝင်စေပြီး ပူလောင်သည့် ခံစားချက်ကို ဖြစ်ပေါ်စေကာ စားသုံးခြင်းမှ ဟန့်တားပေးသည်။ သို့သော် ငှက်များတွင်မူ ဤအထိခိုက်မခံသော အာရုံခံများ မရှိသောကြောင့် ကက်ဆိုင်စင် ကြောင့် ထိခိုက်ခြင်းမရှိပါ။ ထို့ကြောင့် ၎င်းတို့သည် အသီးကို စားသုံးနိုင်ပြီး အစေ့များကို ၎င်းတို့၏ချေးမှတစ်ဆင့် မပျက်စီးဘဲ မျိုးဖြန့်ပေးနိုင်သည်။ ဤ ဖြစ်စဉ်သည် အပင်၏ မျိုးပွားခြင်းကို သေချာစေပါသည်။ ကက်ဆိုင်စင်သည် မှိုဆန့်ကျင်ပစ္စည်းအဖြစ်လည်း ဆောင်ရွက်ပြီး အသီးကို ကူးစက်နိုင်သည့် မှိုရောဂါပိုးများ၏ ကြီးထွားမှုကို ဟန့်တားကာ အစေ့၏ အညှောက်ပေါက်နိုင်မှု မလျော့နည်းနိုင်ပါ။

အင်းဆက်ပိုးမွှားများမှ ကာကွယ်ခြင်း- ကက်ဆိုင်စင် သည် ပိုးသတ်ဆေးနှင့် ပိုးမွှား တွန်း လှန်သည့်ဓာတ်ပေါင်း အဖြစ်လည်း ဆောင်ရွက်သည်။ ၎င်းသည် အင်းဆက်ပိုးမွှားများနှင့် မွှား/လှေးများ၏ အာရုံကြောစနစ်ကို ထိခိုက်စေပြီး ၎င်းတို့၏ ဆဲလ်အမြှေးပါးများကို ပျက်စီးစေကာ အပင်ကို စားသုံးခြင်း သို့မဟုတ် ဥဥခြင်းမှ တားဆီးသည်။ အချို့လေ့လာမှုများတွင် ကက်ဆိုင်စင်သည် ပျားများကဲ့သို့သော အကျိုးပြုအင်းဆက် များ ကို အဆိပ်သင့်စေနိုင်ကြောင်း ပြသနေသော်လည်း ၎င်း၏ အဓိကလုပ်ဆောင်ချက်မှာ ပျားများ စိတ်အနှောင့်အယှက်ဖြစ်စေခြင်းဖြစ်ပြီး အင်းဆက်များကို ပိုမိုအေးသော အပူချိန်များကို ရှာဖွေစေကာ ၎င်းတို့၏ ပုံမှန်စားသောက်မှုများကို နှောင့်ယှက်မှုနဲပါသည်။

(ခ-၃) ပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှု၏ ကက်ဆိုင်စင် ပမာဏအပေါ် သက်ရောက်မှု

ငရုတ်သီး၏ အပူအစပ်ဓာတ်သည် အမြဲတမ်းမဟုတ်ဘဲ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်း ရင်းများ၏ သက်ရောက်မှုကြောင့် ပြောင်းလဲနိုင်သည့် ဇီဝကမ္မဗေဒဆိုင်ရာ တုံ့ပြန်မှု တစ်ခုဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာမှုက အပင်၏ ကြီးထွားမှုအခြေအနေများနှင့် ကက်ဆိုင် စီနှိုက် ပမာဏကြားတွင် တိုက်ရိုက်နှင့် နက်နဲသည့် ဆက်နွှယ်မှုရှိကြောင်း ဖော်ပြသည်။ အထူးသဖြင့် ပူပြင်းသည့်ရာသီဥတုနှင့် ပိုမိုခြောက်သွေ့သည့် မြေဆီလွှာ အခြေအနေ များက အသီး၏ အပူအစပ်ဓာတ်ကို သိသိသာသာ တိုးလာစေသည်။ ဤသည်မှာ မတော် တဆဖြစ်ခြင်းမဟုတ်ဘဲ အပင်၏ ကာကွယ်ရေး ယန္တရားများနှင့် ဆက်စပ်နေသည်။ ရေလိုအပ်မှု/ရေများပြားမှု (osmotic stress) သည် ကက်ဆိုင်စီနှိုက် ဇီဝပေါင်းစပ်မှုကို တိုးမြှင့်ရန် လူသိများသော နည်းလမ်းတစ်ခုဖြစ်သည်။ ဤဖြစ်စဉ်သည် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့် (ဤတွင် ရေကို ဂရုတစိုက် လျှော့ပေးခြင်း) က အပင်၏ အတွင်းပိုင်း ဇီဝဓာတုဗေဒကို တိုက်ရိုက် မည်သို့သက်ရောက်ကြောင်းကို ပြသနေသည်။ အပင်သည် မိုးခေါင်သည့်ပတ်ဝန်းကျင် ရရှိသောအခါ ၎င်း၏အစေ့များကို ကာကွယ်ရန် ကာကွယ်ရေးဒြပ်ပေါင်းများ ထုတ်လုပ်မှုကို တိုးမြှင့်လိုက်ပြီး ရလဒ်အနေဖြင့် ငရုတ်သီးကို ပိုမိုစပ်လာစေသည်။ စိုက်ပျိုးရေးနှင့် ဇီဝကမ္မဗေဒကြားရှိ ဤတိုက်ရိုက်ဆက်စပ်မှုက ကျွန်ုပ်တို့ခံစားရသော အပူအစပ်ဓာတ်သည် မပြောင်းလဲသည့် စရိုက်လက္ခဏာတစ်ခု မဟုတ်ဘဲ ပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှုအပေါ် အားကောင်းပြီး လိုက်လျောညီထွေ ဖြစ်စေသည့် တုံ့ပြန်မှုတစ်ခု ဖြစ်ကြောင်း ဖော်ပြနေသည်။

(ဂ) ငရုတ်သီးကို ဟင်းချက်ရာတွင် အသုံးပြုမှုနှင့် လူသားတို့ စားသုံးမှု

ရုက္ခဗေဒနှင့် ဇီဝကမ္မဗေဒဆိုင်ရာ အရေးပါမှုများအပြင် ငရုတ်သီးသည် တစ်ကိုက်တည်းနှင့်ပင် အစားအသောက်များ အရသာကို ပြောင်းလဲပေးနိုင်စွမ်းကြောင့် ကမ္ဘာလုံး ဆိုင်ရာ အစားအစာအဖြစ် အရေးပါလာခဲ့သည်။

(ဂ-၁) အပူအစပ်ဓာတ် တိုင်းတာခြင်းနှင့် စကိုဗီးလ်အတိုင်းအတာ (Scoville Scale)

ငရုတ်သီး၏ အပူအစပ်ဓာတ်ကို တိုင်းတာရန်အတွက် စိတ်ခံစားမှုအပေါ် အခြေခံသည့် စမ်းသပ်မှုတစ်ခုမှ တိကျသော ဓာတုဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအဖြစ် ပြောင်းလဲလာ သော Scoville Scale (စကိုဗီးလ် အတိုင်းအတာ) ကို အသုံးပြုသည်။ ၁၉၁၂ ခုနှစ်တွင် အမေရိကန် ဆေးဝါးဗေဒပညာရှင် ဝီလ်ဘာ စကိုဗီးလ် (Wilbur Scoville) က စတင်တီ ထွင်ခဲ့သည့်မူရင်း စကိုဗီးလ်စစ်ဆေးစနစ် (Scoville Organoleptic Test) တွင်အခြောက် လှမ်းထားသော ငရုတ်သီးအနှစ်ကို အရက်ဖျော်ရည်တွင် ပျော်ဝင်စေပြီး သကြားရည်ဖြင့် ထပ်မံ ပျော်ဝင်စေခဲ့သည်။ ထို့နောက် လေ့ကျင့်ထားသော အရသာစမ်းသပ်သူ ငါးဦးပါဝင် သည့် အဖွဲ့က အစပ်ဓာတ်ကို မခံစားရတော့သည့်အချိန်အထိ အရည်ကို သောက်ခဲ့ကြ သည်။ စကိုဗီးလ်အပူယူနစ် (Scoville Heat Unit - SHU) အဆင့်သည် အပူအစပ်ဓာတ် ကို လျော့နည်းအောင် ပြုလုပ်ရန် လိုအပ်သည့် အရည်ပမာဏဖြစ်သည်။ ဥပမာအားဖြင့် ငရုတ်သီးအနှစ် တစ်ဆ ကို ရေ တစ်သိန်း ထည့်မှ အစပ်မရှိတော့ပါက ၎င်း၏တန်ဖိုးကို SHU ၁၀၀,၀၀၀ ဟု သတ်မှတ်ပါသည်။

ဤနည်းလမ်းသည် အခြေခံဖြစ်သော်လည်း လူသား၏ စိတ်ခံစားမှုနှင့် အရသာခံနိုင်စွမ်း အပေါ် အခြေခံထားသောကြောင့် တိကျမှုမရှိပေ။ ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းက ပိုမိုယုံကြည်စိတ်ချရပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နိုင်သည့် High-Performance Liquid Chromatography (HPLC) ကို အများစုအသုံးပြု လာခဲ့ပါသည်။ ဤနည်းပညာသည် ကက်ဆိုင်စီနှိုက် ပါဝင်မှုပမာဏကို သန်းခိုင်နှုန်း (ppm - parts per million) ဖြင့် တိကျစွာ တိုင်းတာပေးသည်။ ရလဒ်များကို သန်းခိုင်နှုန်း တန် ဖိုး ကို ၁၅ သို့မဟုတ် ၁၆ ဖြင့် မြှောက်၍ SHU အဖြစ် ပြောင်းလဲနိုင်သည်။ ဤခေတ်မီ နည်းလမ်းသည် ငရုတ်သီး၏ အပူအစပ်ဓာတ်ကို ပိုမိုတိကျပြီး တသမတ်တည်း တိုင်းတာ ပေးနိုင် သော်လည်း စားသုံးသူခံစားချက်ကိုမူ အပြည့်အဝ ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိ ပေ။ ခေါင်းလောင်းပုံ (Bell) ငရုတ်ချိုသီးတွင် ကက်ဆိုင်စင်မပါဝင်သောကြောင့် SHU ၀ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အစပ်ဆုံးမျိုးဖြစ်သည့် အိတ်စ်ငရုတ်မျိုး (Pepper X) သည် SHU ၂.၆ သန်း အထိ ရှိသည်။

Credit - အစိမ်းရောင်လမ်း
#စိုက်ပျိုးရေး



#ငရုတ်

အရွက်များကြွေကျကုန်သည်အထိဆိုးဝါးလာသော ပန်းမုံလာဘက်တီးရီးယားရွက်ပြောက်ရောဂါ ပန်းဂေါ်ဖီ/ပန်းမုန်လာသည် အေးသောရာသီဥတုကို ကြိ...
12/10/2025

အရွက်များကြွေကျကုန်သည်အထိဆိုးဝါးလာသော ပန်းမုံလာဘက်တီးရီးယားရွက်ပြောက်ရောဂါ
ပန်းဂေါ်ဖီ/ပန်းမုန်လာသည် အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ် ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ခြောက်သွေ့လွန်းသော ရာသီဥတုတွင် အပွင့်ဖြစ်ထွန်းရန် ခက်ခဲပါသည်။ မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် ဧပြီ၊မေ၊စက်တင်ဘာ၊နှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပါသည်။
ပန်းဂေါ်ဖီ/ပန်းမုန်လာ ဘက်တီးရီးယားရွက်ပြောက်ရောဂါမှာ Pseudomonas syringae pv. Maculicola ဟုခေါ်သော ဘက်တီးရီယားကြောင့်ဖြစ်ပြီး ရောဂါကျမျိုးစေ့၊ အပင်အကြွင်းအကျန်များနှင် မြေကြီးထဲတွင်ခိုအောင်းနေထိုင်ကာ တိုက်ခိုက်လေ့ရှိပါသည်။ သွင်းရေ/မိုးရေတို့မှ တဆင့် ကူးစက် ပြန့်နှံ့တတ်ပါသည်။ ရောဂါလက္ခဏာမှာ အရွက်နှင့် ပန်းပွင့်များပေါ်တွင် သေးငယ်သော အစက် အပျောက်လေးမှ စတင်ကာ တဖြေးဖြေးကြီးလာပြီး ပုံသဏ္ဍန်မမှန်သော အကွက်များဖြစ်လာပြီး ဒေါင်းနီးရွက်ပြောက်ရောဂါနှင့် ဆင်တူပါသည်။ အရွက်များပေါ်တွင် ဆိုးဝါးစွာကျရောက်ပါက အရွက်များကြွေကျသွားကာ အပွင့်ပေါ်တွင် ကျရောက်ပါက စျေးကွက်မဝင်ပဲဖြစ်သွားတတ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -
ရောဂါကင်းသောမျိုးစေ့ရွေးချယ်စိုက်ပျိုးပါ။
မစိုက်ခင် မျိုးစေ့ကို ရေနွေးစိမ်ပေးပါ။
မျိုးရင်းမတူညီသောသီးနှံဖြင့် အနည်းဆုံး ၁နှစ် သီးလှည့်စိုက်ပေးပါ။
ရေဝပ်ခြင်းမှရှောင်ကြဥ်ပါ။
ပင်ကြွင်းပင်ကျန်များနှင့် ပေါင်မြက်များအားရှင်းလင်းဖယ်ရှားပေးပါ။
ဓာတုဆေးသုံးလိုပါက ကော့ပါးပါဝင်သောဆေးများဖြစ်သည့် Copper hydroxide၊ Tri-basic Copper sulphate၊ Copper oxychloride တို့ကို Bismerthiazol နှင့် Kasugamycin တို့ဖြင့် ရောစပ်၍ ပက်ဖျန်းပေးပါ။
Credit - ထွက်တိုး


#စိုက်ပျိုးရေး

#ပန်းမုံလာ

ပဲပုပ်စိုက်ပျိုးခြင်း မြန်မာအမည် - ပဲပုပ် အင်္ဂလိပ်အမည် - Soybean သိပ္ပံအမည်   - Glycine max (L) Merrill သိပ္ပံအမည်ကွဲ -...
01/10/2025

ပဲပုပ်စိုက်ပျိုးခြင်း
မြန်မာအမည် - ပဲပုပ်
အင်္ဂလိပ်အမည် - Soybean
သိပ္ပံအမည် - Glycine max (L) Merrill
သိပ္ပံအမည်ကွဲ - Glycine soja Sieb and Zucc Soja max
ပဲပုပ်သီးနှံ၏ မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်ပြီး တရုတ်နှင့် ဂျပန်နိုင်ငံတွင် မျိုးရိုင်းများကို စိုက်ပျိုးပါ သည် ။ ပဲပုပ်မျိုးများစွာရှိပါသည်။ မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ ဆီထွက်သီးနှံအဖြစ် တင်ပို့လျှက်ရှိသောသီးနှံတစ်ခုဖြစ်ပါသည်။ ပဲပုပ်ကို ပဲငပိဟုလည်း ခေါ်ကြသည်။ (၁၉၆၅)ခုနှစ်၊ တက္ကသိုလ်ဝင် စိုက်ပျိုးရေးပညာစာအုပ်(စာပေဗိမာန်ထုတ်)တွင် ပဲငပိ(Soy Bean)ဟု ဖော်ပြထားပါသည်။ ပဲပုပ်သီးနှံသည် အာဟာရနှင့် စီးပွားရှု့ထောင့်အရ တန်ဖိုးရှိ၍ အရေးပါသည့် ပဲမျိုးစုံသီးနှံတစ်ခုဖြစ်ပါသည်။ အသားဓါတ်ခေါ် ပရိုတိန်း(၄၀-၄၅)ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ (၁၉-၂၀)ရာခိုင်နှုန်းပါဝင်ပါသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာ တွင်ရှိသည့် ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးဖြစ်ပါသည်။ ပဲပုပ်သည် ရှေးအကျဆုံး စားသုံးသီးနှံဖြစ်ပြီး ယနေ့ခေတ်တွင် အသုံး၀င်ဆုံးသီးနှံအဖြစ်အောင်မြင်မှုရလျှက်ရှိပါသည်။
ပဲပုပ်စိုက်ပျိုးသည့်ဒေသ
ပဲပုပ်အဓိကစိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ်ဖြစ်၍ တစ်နိုင်ငံလုံးစိုက်ဧက၏ (၅၀)ရာခိုင်နှုန်း စိုက်ပျိုး ပါသည်။ ကျန်ရှိဧရိယာများကို မန္တလေး၊ စစ်ကိုင်း ၊ ဧရာဝတီ ၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်တွင် သီးသန့်သော်လည်းကောင်း၊ သီးညှပ်သီးနှံအဖြစ်လည်းကောင်း၊ အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံတို့နှင့် ညှပ်၍ စိုက်ပျိုးကြပါသည်။ အောက်မြန်မာနိုင်ငံတွင် မြစ်ရေကျချိန် ကိုင်းကျွန်း မြေများ၌ စိုက်ပျိုးကြပါသည်။ ပဲပုပ်သီးနှံသည် တစ်ရာသီခံပင်ဖြစ်ပြီး ပင်တည်းဝတ်မှုံကူးသော အပင် အမျိုးအစားလည်း ဖြစ်ပါသည်။
ပဲပုပ်စိုက်ပျိုးချိန်
ပဲပုပ်သီးနှံကို တောင်ပေါ်ဒေသတွင် မေလနှင့် ဇွန်လ၊ မြေပြန့်ဒေသတွင် ဩဂုတ်လနှင့် စက်တင်ဘာလ ၊မြစ်ရေကျသည့် ကိုင်းကျွန်းမြေများတွင် အောက်တိုဘာလ၊စပါးအပြီး သီးထပ်စိုက်ပျိုးလျှင် နိုဝင်ဘာလအတွင်း စိုက်ပျိုးသည်။
ရာသီဥတုလိုအပ်ချက်
ပဲပုပ်သီးနှံသည် မိုးရေချိန်ပျမ်းမျှ(၁၆-၂၂)လက်မအတွင်း ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်း နိုင်သည်။ ထိုထက်ပိုများသောဒေသများ၌လည်း မိုးရေချိန် ပျမ်းမျှ(၂၄-၆၀)လက်မရရှိလျှင် အကောင်းဆုံး စိုက်ပျိုးဖြစ် ထွန်းနိုင်ပါသည်။ သီးနှံကြီထွားချိန်တလျှောက်လုံးတွင် မိုးညီညာစွာရွာသွန်းပါက အကောင်းဆုံးဖြစ်ပါသည်။ ပဲပုပ်သီးနှံ သည် ပန်းပွင့်ချိန်တွင် နေ့တာတိုရန်လိုအပ်ပါသည်။ တစ်နေ့လျှင် ညအမှောင်ချိန် (၁၆)နာရီနှင့် အလင်းရောင်ရချိန် (၈)နာရီ လိုအပ်ပါသည်။ အပူပိုင်းဒေသများတွင် ညအမှောင်ချိန် အနည်းဆုံး(၁၄)နာရီ လိုအပ်ပါသည်။ ပန်းပွင့်ချိန်တွင် ယင်းကဲ့သို့ ညတာရှည်ချိန် အနည်းဆုံး(၂-၃)ရက်အထိနှင့် အများဆုံး(၅-၆)ရက်အထိ မျိုးအလိုက်လိုအပ်ပါသည်။ သက်တမ်းရှည်သည့် မျိုးများသည် သက်တမ်းတိုသည့် မျိုးများထက် လင်းတာတုံပြန်မှု၏ လွှမ်းမိုးမှုပိုများသည်ကို တွေ့ရသည်။ ပဲပုပ်မျိုးတစ်မျိုးအား ဒေသတစ်ခုတွင် စိုက်ပျိုးပါက အပူချိန်(၁၆)ဒီဂရီစင်တီဂရိတ်အထက်နှင့် ရှိသင့်သည့် လင်းတာထက်လျော့နည်းလျှင် ပန်းပွင့်စော၍ သက်တမ်းတိုသွားပြီး အပင်ကြီးထွားမှု၊ အပင်အမြင့်၊အဆစ်အရေအတွက် စသည်တို့ လျော့နည်းပြီး အထွက်ကျဆင်းသွားပါသည်။ သို့ဖြစ်ပါ၍ ပဲပုပ်သီးနှံအား ဆောင်းရာသီတွင် စိုက်ပျိုးလိုပါက အောက်မြန်မာပြည်၌သာဒေသနှင့် သင့်တော်သည့် မျိုးအား ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
မြေအမျိူးအစား
ပဲပုပ်သည် သဲသမမြေမှ မြေစေးမြေအထိ မြေအမျိုးအစားမရွေး ဖြစ်ထွန်းနိုင်ပါသည်။ ရေစီးရေလာကောင်း၍ ညီညာသောမျက်နှာပြင်ရှိရန် လိုအပ်ပါသည်။ မြေချဉ်ငံဓါတ်(pH-၇.၀) ပတ်ဝန်းကျင်ရှိသည့် မြေမျိုးဖြစ်ပြီး မြေဆွေးဓါတ် ကာဗွန်ကြွယ်ဝသည့် မြေမျိုးသည် ပဲပုပ်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပါသည်။ မြေချဉ်ငံဓါတ်(pH-၅.၅)ထက် လျော့နည်း ပါက အပင်ဖြစ်ထွန်းမှုအားနည်းပါသည်။မြေချဉ်လျှင် ထုံးထည့်သွင်းရန် လိုအပ်ပါသည်။ ဆားငံပေါက်သည့်မြေတွင် အပင်ပေါက်မှု ဟန့်တားပါသည်။
မျိုးစေ့နှုန်းထား
မစိုက်ပျိုးမှီ အပင်ပေါက်နှုန်းအား စမ်းသပ်ပြီး အပင်ပေါက်ရာခိုင်နှုန်း (၈၅ - ၉၀%)ခန့်ရှိသော မျိုးကိုအသုံးပြုရန် လိုအပ်ပါသည်။ အတန်းလိုက်စိုက်ခင်းတွင်တစ်ဧက(၁၃-၁၄)ပြည်နှုန်းအားလည်းကောင်း၊ ကြဲပက်သည့်စိုက်ခင်းတွင် တစ်ဧကပျမ်းမျှ(၁၈-၂၀)ပြည် သုံးစွဲပါ။
စိုက်ပျိုးနည်းစနစ်
ပဲပုပ်ကိုအများအားဖြင့် စပါးသီးထပ်(သို့)ရေလိုက်ကြဲပတ်စိုက်ပျိုးခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးလေ့ရှိပါသည်။ အတန်းလိုက်စိုက်ပျိုးခြင်းသည် အထွက်နှုန်းပိုမိုကောင်းမွန်စေပါသည်။ ပဲပုပ်အား ပင်ကြား (၄) လက်မ နှင့် တန်းကြား (၇) လက်မ(သို့) (၁၅) လက်မ (သို့) လက်မ (၃၀) ထားကာ စိုက်ပျိုးကြသည်။ ပဲပုပ်ကို အစိုဓာတ် မိမိနှင့် စောစောအပင်ပေါက်ရစေရန် ရေလိုက်ကြဲစနစ်၊ ဓားခုတ်ဖုန်းစနစ်၊ ထွန်ရေဖြင့် စိုက်သောစနစ်(ထွန်ပဲစနစ်) စိုက်ပျိုးလေ့ရှိပါသည်။
ပိုးမွှား ရောဂါကာကွယ်ခြင်း
ပဲပုပ်တွင် ရွက်ဖောက်ပိုး ၊ လှေး ၊ ကျိုင်း ၊ ရွက်စားငမြောင်တောင်၊ ပင်စည်ထိုးယင်၊ ပျပိုး၊ သရစ်၊ ထွာကောင်စိမ်း၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက်ကပ်သီးလုံးဖောက်ပိုး စသည်တို့နှင့် ယင်ဖြူကြောင့် ဖြစ်သောအဝါရောင်မှိုစိတ်ဗိုင်းရက်စ်ရောဂါများ မကျရောက်စေရန်အတွက်Pymetrozine + Nitnepyram ၊ အဆီဖိတ် ၊ Thiamethoxam ကဲ့သို့ ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေး တစ်မျိုးမျိုးကို အလှည့်ကျ ပတ်ဖျန်းပါ။ သီးနှံသက်တမ်းတလျှောက်လုံး ပင်ညှိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ ဆာကိုစပိုးရားရွက်ပြောက်ရောဂါ၊ မှည့်ပြောက်စွန်းရောဂါ၊ ဗိုင်းရပ်စ်မိုစိတ်ရောဂါ စသည်ရောဂါများ ကျရောက်တက်၍ Difenoconazole ၊ Azoxystrobin ကဲ့သို့သော မှိုသတ်ဆေးများမှ ရောဂါများနှင့်သင့်တော်သည့် ဆေးတစ်မျိုးမျိုးကို (၁၅)ရက်တစ်ကြိမ် အလှည့်ကျ(၄)ကြိမ် ဖျန်းပါ။ အစေ့အဆံတည်ချိန်တွင် သီးလုံးဖောက်ပိုး ကာကွယ်ရန် Indoxacarb + Emamectin Benzoate ကဲ့သို့သော ဆေးများဖြင့် ကာကွယ်နှိမ်နင်းပေးရပါမည်။
ရိတ်သိမ်းခြင်း
ပဲပုပ်မျိုးနှင့် ပတ်ဝန်းကျင် ရာသီတု ထိမ်းသိမ်းစောင့်ရှောက်မှုအပေါ် မူတည်၍ (၇၅-၁၁၀)ရက်အတွင်း ရင့်မှည့်လေ့ရှိကြသည်။ အရွက်များဝါခြောက်ပြီး သီးတောင့်များ ကောက်ရိုးရောင် (သို့မဟုတ်) ညိုဖျော့ရောင်ပြောင်းသွားချိန်၊ အတောင့်များ၏ (၇၅-၈၅)% အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့ချိန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်နောက်ကျလျှင် သီးတောင့်များ အက်ကွဲကျ၍ သီးနှံအထွက်နှုန်း ဆုံးရှုံးနိုင်ပါသည်။ ရိတ်သိမ်းပြီး နှစ်နေ၊ သုံးနေလှမ်း၍ ချွေလှေ့သန့်စင်ပါ။ နေလှမ်းပြီး အစိုဓာတ်(၈-၉)% ရှိချိန်တွင် သိုလှောင်ပါ။
စိုက်ပျိုးရေးဦးစီးဌာနမှ ကိုးကားဖော်ပြပါသည်။


#စိုက်ပျိုးရေး

#ပဲပုပ်

သဘာဝပစ္စည်းများဖြင့် မြေဖုံးခြင်း၏ အကျိုးကျေးဇူးများမြေဖုံးခြင်း (Mulching) သည် အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်တွင် အစွမ်းထက...
11/09/2025

သဘာဝပစ္စည်းများဖြင့် မြေဖုံးခြင်း၏ အကျိုးကျေးဇူးများ
မြေဖုံးခြင်း (Mulching) သည် အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်တွင် အစွမ်းထက်ဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
မြေဆီလွှာကို သဘာဝပစ္စည်းများဖြင့် ဖုံးအုပ်ထားခြင်းဖြင့် လုပ်သမားအသုံးပြုမှုကို သက်သာစေပြီး မြေဆီလွှာအရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါသည်။ မြေဖုံးစနစ် အသုံးပြုခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည် -

၁။ ပေါင်းပင်များကို သဘာဝအတိုင်း နှိမ်နင်းပေးခြင်း။
သဘာဝပစ္စည်းများဖြင့် ထူထူထပ်ထပ်အနေအထား မြေဖုံးထားခြင်းသည် နေရောင်ခြည် မြေဆီလွှာအထိ ဝင်ရောက်မှု ပိတ်ဆို့သဖြင့် ပေါင်းပင်မျိုးစေ့ပေါက်ရန် ခက်ခဲစေသည်။ ပေါင်းနှိမ်နင်းရန် လိုအပ်မှု လျော့နည်းစေပြီး ဓာတုပစ္စည်းများမလိုအပ်ဘဲ ပေါင်းပင်ကို ထိထိရောက်ရောက်ဟန့်တားနိုင်သည်။

၂။ မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း။
မြေဖုံးစနစ်သည် ရေငွေ့ပျံခြင်းကို လျှော့ချပေးပြီး မြေဆီလွှာကို ကြာရှည် စိုစွတ်နေစေရန် ကူညီပေးသည်။ ဆိုလိုသည်မှာ အကြိမ်ရေနည်းနည်းသာ ရေလောင်းရန် လိုအပ်ပြီး ခြောက်သွေ့သော ရာသီတွင် အပင်များ ပိုမိုခံနိုင်ရည်ရှိစေသည်။

၃။ မြေဆီလွှာအပူချိန်ကို ထိန်းညှိပေးခြင်း။
မြေဖုံးခြင်းသည် နွေရာသီတွင် အမြစ်များကို အေးမြစေပြီး ဆောင်းရာသီတွင် အနွေးဓာတ်ရရှိစေကာ အပင်များအပေါ် ရာသီဥတုဖိစီးမှုဒဏ်ကို လျှော့ချပေးသည့် အကာအကွယ်တစ်ခုအနေဖြင့် လုပ်ဆောင်သည်။

၄။ မြေဆီလွှာကျန်းမာရေးကို ကောင်းမွန်စေခြင်း။
သဘာဝမြေဖုံးပစ္စည်းများ (ကောက်ရိုး၊ မြေဆွေး၊ အရွက်များ သို့မဟုတ် သစ်ခေါက်အသေးလေးများ) သည် အချိန်ကြာလာသည်နှင့်အမျှ ပြိုကွဲသွားပြီး မြေဆီလွှာကို အာဟာရဖြည့်တင်းပေးသည်။ မြေဆီလွှာဖွဲ့စည်းမှုကို ပိုမိုကောင်းမွန်စေသည့် အော်ဂဲနစ်ပစ္စည်းများကို ပေါင်းထည့်ပေးပါသည်။

၅။ တီကောင်နှင့် အခြားအကျိုးပြုအဏုဇီဝပိုးမွှားများကို အားပေးခြင်း။
မြေဖုံးခြင်းလုပ်ကိုင်သော ဥယျာဉ်၊ ခြံများတွင် အကျိုးပြုအဏုဇီဝများ ပိုမိုပေါက်ပွားစေသည်။ တီကောင်နှင့် အကျိုးပြုအဏုဇီဝများသည် အေးမြစိုစွတ်သော၊ အာဟာရကြွယ်ဝသော မြေဆီလွှာတွင် ရှင်သန်ပေါက်ဖွားကြသည်။

၆။မြေဆီလွှာတိုက်စားမှု နှင့် မြေကြပ်မှု မဖြစ်စေခြင်း
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေတိုက်ခြင်းမှ မြေဆီလွှာမျက်နှာပြင် တိုက်စားမှုကို ကာကွယ်ပေးပြီး ကျန်းမာသော မြေဆီလွှာကို ထိန်းသိမ်းပေးထားသည်။

၇။ အပင်ရောဂါ ကျရောက်မှုကို လျော့နည်းစေခြင်း။
မြေဆီလွှာနှင့် အပင်ကိုယ်ထည်ကြားတွင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြင့် ရေလောင်းချိန် သို့မဟုတ် မိုးရွာချိန်တို့တွင် မြေဆောင်ရောဂါများ အပင်မျက်နှာပြင်ပေါ်သို့ လွှင့်ထွက်လာမှု/ ကျရောက်လာမှုကို ဟန့်တားပေးပါသည်။

၈။ ဓာတုကင်းစင်သော မြေဆီလွှာအဖြစ် စီမံခန့်ခွဲနိုင်ခြင်း
အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်အတွက် မြေဆီလွှာအာဟာရဓာတ်နှင့် မြေဆီလွှာကျန်းမာရေးကို ထိန်းထားနိုင်ရန် ဓာတုဓာတ်မြေသြဇာများ သို့မဟုတ် ဓာတုဆေးများ မလိုအပ်ပါ။ မြေဖုံးစနစ်ကို အသုံးပြုခြင်းဖြင့် ဓာတုကင်းစင်သော စိုက်ပျိုးနည်းစနစ်ကို ဖော်ဆောင်နိုင်ပါသည်။
အကောင်းဆုံး အော်ဂဲနစ် မြေဖုံးပစ္စည်းများ

• ကောက်ရိုး သို့မဟုတ် မြက်ခြောက် (ပေါင်းစေ့ကင်းစင်သော)
• မြေဆွေး
• အရွက်များ။
• ညှပ်ထားသော မြက်များ (ပါးလွှာသောအလွှာများ)
• သစ်သားအခေါက်လေးများ သို့မဟုတ် လွှစာများ
• ထင်းရှူးပင် (အက်ဆစ်နှစ်သက်သော အပင်များအတွက်)
အကြံပြုချက်- စိုက်ပျိုးပင်၏ပင်စည်မှ အနည်းငယ်ခွာပြီး အထူ ၅ - ၁၀ စင်တီမီတာ အထူဖြင့် မြေဖုံးနိုင်ပါသည်။
Credit-




#စိုက်ပျိုးရေး
#မြေဖုံးခြင်း

စပါးပင်ပွားများစေဖို့စပါးပင်ပွားဆိုသည်မှာ စပါးပင်တစ်ပင်၏ အရွက်များမှ ဘေးထွက် ပင်ပွားများ ထွက်ပေါ်လာသည့် လုပ်ငန်းစဉ်ကို ဆ...
05/09/2025

စပါးပင်ပွားများစေဖို့

စပါးပင်ပွားဆိုသည်မှာ စပါးပင်တစ်ပင်၏ အရွက်များမှ ဘေးထွက် ပင်ပွားများ ထွက်ပေါ်လာသည့် လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်သည်။ပင်ပွားထွက်နှုန်းသည် စပါး၏ အထွက်နှုန်းကို ဆုံးဖြတ်သည့် အရေးကြီးသော အချက်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် စပါးပင်ငယ်စဉ်ပင်ပွားချိန်ကတည်းက ပင်ပွားအများဆုံးထွက်ရှိထားမှသာလျှင် အနှံပါသောပင်ပွားများရရှိကာ စပါးအထွက်နှုန်းတိုးတက်စေပါမည်။

ပင်ပွားအရေအတွက်များခြင်းသည် ပေါင်းပင်များ၏နေရာနှင့် အာဟာရကိုယှဉ်ပြိုင်ခြင်းဖြင့် ပေါင်းပင်ပေါက်ရောက်ကြီးထွားမှုသက်သာစေပြီး စပါးအထွက်နှုန်း တိုးတက်စေသည်။ထို့ကြောင့် စပါးပင်ပွားခြင်း၏လွှမ်းမိုးသည့်အချက်များကို နားလည်ခြင်းသည် စပါးအထွက်နှုန်းကို တိုးတက်စေရန်အထောက်အကူဖြစ်စေသည်။ စပါးပင်ပွားခြင်း၏ ဇီဝကမ္မဗေဒဆိုင်ရာ အခြေခံများ၊ မျိုးရိုးဗီဇဆိုင်ရာ ထိန်းချုပ်မှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ (အလင်းရောင်၊ အပူချိန်၊ ရေနှင့် အာဟာရဓာတ်များ) က ပင်ပွားထွက်နှုန်းအပေါ် လွှမ်းမိုးသည့်အချက်များဖြစ်သည်။

စပါးပင်ပွားခြင်းကို လွှမ်းမိုးသည့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ (Environmental Factors Influencing Rice Tillering)

စပါးပင်ပွားခြင်းသည် မျိုးရိုးဗီဇဆိုင်ရာ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ(အလင်းရောင်၊ အပူချိန်၊ ရေရရှိနိုင်မှုနှင့် မြေဆီလွှာအာဟာရဓာတ်များ)ကလည်း ပင်ပွားဖြစ်ပေါ်မှုနှင့် အရေအတွက်ကို သိသိသာသာ လွှမ်းမိုးပြီး ပင်ပွားထွက်နှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။

အလင်းရောင် (Light): အလင်းရောင် ပြင်းအားနှင့် အလင်းရောင်ရရှိမှု ကာလသည် ပင်ပွားဖြစ်ပေါ်မှုကို လွှမ်းမိုးသည်။ လုံလောက်သော အလင်းရောင်ရရှိမှုသည် အလင်းမှီစုဖွဲ့မှုနှုန်းကို မြှင့်တင်ပေးပြီး ကာဗွန်ဟိုက်ဒရိတ် ထုတ်လုပ်မှုကို တိုးပွားစေကာ ပင်ပွားများ ကြီးထွားရန်အတွက် လိုအပ်သော စွမ်းအင်နှင့် အစာချက်လုပ်မှုကို ပံ့ပိုးပေးသည်။ အလင်းရောင်ရရှိမှု နည်းပါးခြင်းသည် ပင်ပွားထွက်နှုန်းကို လျော့ကျနိုင်သည်။ ထို့အပြင် အပင်အချင်းချင်း အရိပ်ကျခြင်း (mutual shading) ကြောင့် အပင်ထူထပ်စွာ စိုက်ပျိုးထားပါကလည်း ပင်ပွားထွက်နှုန်း လျော့ကျနိုင်သည်။

အပူချိန် (Temperature): အပူချိန်သည် ပင်ပွားဖြစ်ပေါ်မှုနှုန်းကို ထိန်းချုပ်သည်။ စပါးပင်ပွားခြင်းအတွက် အကောင်းဆုံးအပူချိန်သည် ပုံမှန်အားဖြင့် 25°C မှ 30°C ခန့်ဖြစ်သည်။ အလွန်မြင့်မားသော သို့မဟုတ် အလွန်နိမ့်သော အပူချိန်များသည် ပင်ပွားထွက်နှုန်းကို လျော့ကျနိုင်ပြီး ပင်ပွားများ၏ ဖွံ့ဖြိုးမှုကို ဟန့်တားနိုင်သည်။ အပူချိန်မြင့်မားခြင်းသည် အသက်ရှူခြင်း (respiration) ကို မြင့်တင်ပေးပြီး ကာဗွန်ဟိုက်ဒရိတ်အသုံးပြုမှုကို တိုးမြှင့်စေကာ ပင်ပွားဖြစ်ပေါ်မှုကို လျော့ကျနိုင်သည်။

ရေရရှိနိုင်မှု နှင့်ရေစီမံခန့်ခွဲမှု (Water Availability and Water Management): ရေသည် စပါးပင်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အရင်းအမြစ်ဖြစ်သည်။ လုံလောက်သော ရေရရှိမှုသည် ပင်ပွားဖြစ်ပေါ်မှုကို အထောက်အကူပြုသည်။ ရေဖိစီးမှု (water stress) သို့မဟုတ် ရေရှားပါးမှုသည် ပင်ပွားထွက်နှုန်းကို သိသိသာသာ လျှော့ချနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရေရှားပါးမှုသည် ဆဲလ်များ ကြီးထွားခြင်းနှင့် ဇီဝကမ္မလုပ်ငန်းစဉ်များကို ဟန့်တားကာ အာဟာရဓာတ်စုပ်ယူမှုကို လျှော့ချသောကြောင့် ဖြစ်သည်။ ရေစီမံခန့်ခွဲမှုသည် စပါးစိုက်ပျိုးရာတွင် အလွန်အရေးကြီးပြီး ပင်ပွားထွက်နှုန်းကို အကောင်းဆုံးဖြစ်စေရန်အတွက် ရေအနက်တိမ်တိမ်ထားပေးပြီး ပင်ပွားအများဆုံးထွက်ချိန်တွင် ရေထုတ်ပေးနိုင်သည်။ ရေအနက် ၁.၅ လက်မ မှ ၄ လက်မအတွင်းထားပေးနိုင်သည်။ ထို့ကြောင့် စပါးအထွက်နှုန်းကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရန်အတွက် ဤအချက်အလက်များကို ထည့်သွင်းစဉ်းစားကာ စိုက်ပျိုးရေးစီမံခန့်ခွဲမှု နည်းလမ်းများကို အံဝင်ခွင်ကျ ဖြစ်အောင် ပြုလုပ်ရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

အာဟာရဓာတ် စီမံခန့်ခွဲမှုသည် စပါးပင်ပွားခြင်းနှင့် အထွက်နှုန်းအပေါ် သိသိသာသာ သက်ရောက်မှုရှိသည်။ မြေဆီလွှာရှိ အာဟာရဓာတ်များ၊ အထူးသဖြင့် နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ် (P) နှင့် ပိုတက်စီယမ် (K) တို့သည် ပင်ပွားဖြစ်ပေါ်မှုနှင့် ကြီးထွားမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။

နိုက်ထရိုဂျင် (Nitrogen)

နိုက်ထရိုဂျင်သည် စပါးပင်ပွားခြင်းကို မြှင့်တင်ရာတွင် အရေးအကြီးဆုံး အာဟာရဓာတ်ဖြစ်သည်။ နိုက်ထရိုဂျင်သည် ပရိုတင်းများ၊ နျူကလစ်အက်ဆစ်များ (nucleic acids) နှင့် ကလိုရိုဖီးလ် (chlorophyll) တို့၏ အဓိကအစိတ်အပိုင်းဖြစ်သည်။လုံလောက်သော နိုက်ထရိုဂျင်ဓာတ်သည် ပင်ပွားအရေအတွက်ကို တိုးစေပြီး ပင်ပွားများ၏ အရည်အသွေးကိုလည်း ကောင်းမွန်စေသည်။ စောစီးစွာ နိုက်ထရိုဂျင် ကျွေးခြင်းသည် ပင်ပွားထွက်ခြင်းကို အားပေးသည်။ သို့သော်၊ နိုက်ထရိုဂျင် အလွန်အကျွံ ကျွေးခြင်းသည် အပင်ကို အလွန်အမင်း ကြီးထွားစေပြီး ပင်ပွားထွက်နှုန်းကို ပြောင်းလဲစေကာ အပင်လဲကျနိုင်ခြေကို တိုးမြှင့်စေနိုင်သည်။ နိုက်ထရိုဂျင် ပိုလျှံခြင်း သို့မဟုတ် လိုအပ်ခြင်းနှစ်မျိုးလုံးသည် ပင်ပွားဖြစ်ပေါ်မှုကို ထိခိုက်စေနိုင်သည်။

ဖော့စဖောရပ် (Phosphorus)

ဖော့စဖောရပ်သည် စွမ်းအင်လွှဲပြောင်းမှု (energy transfer) နှင့် အမြစ်ကြီးထွားမှုအတွက် အရေးကြီးသည်။ လုံလောက်သော ဖော့စဖောရပ်ဓာတ်သည် ပင်ပွားများ၏ အမြစ်စနစ်ကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေပြီး အာဟာရဓာတ်နှင့် ရေကို ပိုမိုစုပ်ယူနိုင်စေကာ ပင်ပွားထွက်နှုန်းကို တိုးစေသည်။ ဖော့စဖောရပ်သည် အမြစ်ကြီးထွားမှုနှင့် အစောပိုင်း ပင်ပွားဖြစ်ပေါ်မှုအတွက် အရေးကြီးသည်။

ပိုတက်စီယမ် (Potassium): ပိုတက်စီယမ်သည် အပင်အတွင်း ရေနှင့် အာဟာရဓာတ်စုပ်ယူမှု ထိရောက်စေခြင်း ၊ အင်ဇိုင်းများ လှုပ်ရှားမှု (enzyme activation) နှင့် ရောဂါဒဏ်ခံနိုင်ရည်တို့တွင် အခန်းကဏ္ဍမှ ပါဝင်သည်။ ပိုတက်စီယမ် လုံလောက်စွာ ရရှိပါက ပင်ပွားများ၏ ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးပြီး အပင်အား ပတ်ဝန်းကျင် ဖိစီးမှုဒဏ်များကို ပိုမိုခံနိုင်ရည်ရှိစေကာ ပင်ပွားထွက်နှုန်းကိုလည်း တိုးတက်စေသည်။

အာဟာရဓာတ်များကို မှန်ကန်သော အချိန်တွင် မှန်ကန်သော ပမာဏဖြင့် ပေးဝေခြင်းသည် စပါးပင်ပွားထွက်နှုန်းနှင့် အထွက်နှုန်းကို အကောင်းဆုံးဖြစ်စေရန်အတွက် အရေးကြီးသည်။ ထို့ကြောင့် ဖော့စဖောရပ် (Phosphorus) ပါသောဓာတ်မြေဩဇာကို ၁ ဧကလျှင် အိတ်တစ်ဝက်နှုန်းဖြင့် မြေခံမှာကတည်းက ထည့်ပေးခဲ့လျှင် သီးနှံရာသီတလျှောက်လုံလောက်မှုရှိသည်။ ပိုတက်စီယမ် (Potassium)ပါသောဓာတ်မြေဩဇာကို မြေခံမှာ တစ်ကြိမ်၊ မှို့ကပ်ချိန်မှာ တစ်ကြိမ်အသုံးပြုပေးလျှင် လုံလောက်ပါသည်။ နိုက်ထရိုဂျင်(N)ပါသောဓာတ်မြေဩဇာကို စပါးပင်အရွက်အရောင်ကြည့်၍ အကြိမ်ကြိမ်ခွဲထည့်ပေးသောစနစ်ကို ကျင့်သုံးသင့်သည်။ ဤပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုအချက်အလက်များထဲမှ အာဟာရ၏ လွှမ်းမိုးသက်ရောက်မှုသည် ပင်ပွားထွက်နှုန်းနည်းခြင်း၊ များခြင်းအပေါ် သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် စပါးအထွက်နှုန်းကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရန်အတွက် ဤအချက်အလက်များကို ထည့်သွင်းစဉ်းစားကာ စိုက်ပျိုးရေးစီမံခန့်ခွဲမှု နည်းလမ်းများကို အံဝင်ခွင်ကျ ဖြစ်အောင် ပြုလုပ်ရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည် ။
greenway

#စိုက်ပျိုးရေး


#စပါးပင်ပွားများစေဖို့
#စပါး

ที่อยู่

Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aunty Gyi Farming and Agricultural Productsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์