14/05/2026
၄၁ ရက်နေ့
..
"အားစိုက်စရာမလိုဘဲရတဲ့ ပြောင်းလဲမှု"
..
“ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။” (ယော ၁၅း၄-၅)
..
စိမ်းလန်းသန်မာပြီး ခိုင်ခံ့တဲ့ သစ်ပင်ကြီးတစ်ပင်ကို မြင်ယောင်ကြည့် လိုက်ပါ။ ဒီလိုသစ်ပင်ဟာ အသီးသီးဖို့ ဒါမှမဟုတ် သစ်ရွက်ခြောက်တွေ ကြွေကျသွားဖို့အတွက် စိုးရိမ်ပူပန်နေစရာ မရှိဘူး။ နေရောင်ခြည်၊ ရေနဲ့ မြေဩဇာ လုံလုံလောက်လောက် ရနေသရွေ့တော့ အပင်ရဲ့အထဲမှာ အာဟာရပြည့်ဝတဲ့ သစ်စေးအရည်တွေဟာ အဆက်မပြတ် စီးဆင်းနေတာကိုး။ အဲဒီ သစ်စေးအရည်တွေကပဲ သစ်ရွက်ခြောက်တွေကို သဘာဝအတိုင်း တွန်းထုတ်၊ ခြွေချပေးသွားတာပါ။ အပင်ရဲ့အတွင်းပိုင်းမှာ အသက်ဇီဝ သစ်စေးအရည်တွေ စီးဆင်းနေသရွေ့ သစ်ရွက်နုလေးတွေ ဝေဆာလာမှာဖြစ်သလို အကိုင်းအခက်တိုင်းမှာလည်း အသီးကောင်းတွေဟာ အလိုအလျောက် သီးပွင့်လာမှာ ဖြစ်ပါတယ်။
မိတ်ဆွေ... သင်ဟာ ဘုရားသခင်ရဲ့ မေတ္တာတော် နေရောင်ခြည်ကို ခံယူပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဆိုတဲ့ ရေကို သောက်သုံးတဲ့အခါ၊ ယေရှုခရစ်တော်ပေးတဲ့ ခွင့်လွှတ်ခြင်းနဲ့ ဖြောင့်မတ်ခြင်းတရားတွေကို နှလုံးသွင်းတဲ့အခါ သင့်အတွင်းထဲမှာရှိနေတဲ့ ယေရှုရဲ့ အသက်ဇီဝက သစ်ရွက်ခြောက်တွေလိုဖြစ်နေတဲ့ အပြစ်ရှိသလိုခံစားရတာတွေ၊ ကြောက်ရွံ့တာတွေ၊ စွဲလမ်းမှုတွေနဲ့ စိတ်မသက်မသာဖြစ်ရတာတွေကို အလိုအလျောက် မောင်းထုတ်ဖယ်ရှား ပေးပါလိမ့်မယ်။ အပြောင်းအလဲဆိုတာ ကိုယ့်ရဲ့စည်းကမ်း ဒါမှမဟုတ် ကိုယ့်ရဲ့စိတ်ကိုကိုယ် ထိန်းချုပ်တာမျိုးနဲ့ မဟုတ်ဘဲ အားစိုက်စရာမလိုဘဲနဲ့ ဖြစ်လာမှာပါ။ “ငါ့ရဲ့ ဒေါသကို ဘယ်လိုထိန်းရမလဲ”၊ “ဆေးလိပ်စွဲတာကို ဘယ်လိုဖြတ်ရမလဲ” ဒါမှမဟုတ် “စိတ်ဖိစီးတဲ့အခါ အစားအသောက်တွေ အလွန်အကျွံစားတတ်တဲ့ အကျင့်ကို ဘယ်လိုပြင်ရမလဲ” လို့ တွေးပူနေစရာ မလိုတော့ပါဘူး။ အဲဒီအစား “ငါ့ရဲ့အထဲမှာရှိနေတဲ့ ယေရှုက ဒီဒေါသတွေ၊ ဒီဆေးလိပ်စွဲတာတွေနဲ့ စားသောက်ပုံ အကျင့်ဆိုးတွေကို ဘယ်လိုမျိုး အနိုင်ယူသွားမလဲ” ဆိုတာကိုပဲ တွေ့ မြင်ရတော့မှာ ဖြစ်ပါတယ်။
သင့်ဘဝရဲ့ အောင်မြင်မှု အသီးအပွင့်တွေဟာ သင် အားစိုက်စရာမလိုဘဲနဲ့ ကို ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ အစွဲအလမ်းတွေ၊ စိတ်ဒဏ်ရာတွေနဲ့ မကောင်းတဲ့ခံစားချက်တွေဟာ သစ်ရွက်ခြောက်တွေလိုပဲ တစ်ခုပြီးတစ်ခု ကြွေကျသွားကြပါလိမ့်မယ်။ အဲဒီအစား အရွက်သစ် အရွက်နုလေးတွေလိုမျိုးဖြစ်တဲ့ ကောင်းမွန်တဲ့အတွေးအခေါ်တွေ၊ ပန်းပွင့်လေးတွေလိုမျိုးဖြစ်တဲ့ အိပ်မက်သစ်တွေနဲ့ အသီးအပွင့်တွေလိုမျိုးဖြစ်တဲ့ အမူအကျင့်ကောင်းတွေဟာ သင့်ဘဝထဲမှာ ဝေဝေဆာဆာ ပွင့်လန်းလာကြပါလိမ့်မယ်။
ဒီနေ့အတွက် ယေရှုပေးတဲ့ စကားလေးတစ်ခွန်းကတော့ ရှင်းရှင်းလေးပါ။ “ငါ၌ တည်နေပါ” တဲ့။ အဲလိုဆိုရင် သင်ဟာ အသီးများစွာ သီးပါလိမ့်မယ်။
..
ဒီနေ့အတွက် အတွေးစာစု
“ဘုရားသခင်ရဲ့ မေတ္တာတော် နေရောင်ခြည်ကို ကျွန်တော် ခံယူပြီး၊ ကိုယ်တော်၏ နှုတ်ကပတ်တော်တည်းဟူသော ရေကို သောက်သုံးလိုက်တဲ့အခါ ကျွန်တော့်ဘဝထဲမှာ အပြောင်းအလဲတွေ စဖြစ်လာပါတယ်။ ယေရှုခရစ်တော်ပေးတဲ့ ခွင့်လွှတ်ခြင်းနဲ့ ဖြောင့်မတ်ခြင်း တရားတွေကို နှလုံးသွင်းလိုက်ရုံနဲ့တင် ကျွန်တော့်အထဲမှာရှိတဲ့ ယေရှုရဲ့ အသက်ဇီဝက အရင်က စွဲကပ်နေတဲ့ အပြစ်ရှိသလို ခံစားရတာတွေ၊ ကြောက်ရွံ့တာတွေ၊ အကျင့်ဆိုးတွေကို သစ်ရွက်ခြောက်တွေလိုမျိုး အလိုအလျောက် တွန်းထုတ်ဖယ်ရှားပေးသွားပါတယ်။”
..
ရက် ၁၀၀ ခရီးစဉ် (၁)
(မှန်မှန်ကန်ကန် ယုံကြည်တတ်စေဖို့
နေ့စဉ်ဖတ်ရှုစရာ စာစုများ)
မင်းခ (မြန်မာပြန်သည်)