24/05/2025
“နယ်တွေ၊ စည်းတွေလား ကျွန်တော် မမွေးခင်ကတည်းက မိုက်ဂရန့်”
အားတီ
(■ရသစာတမ်းငယ်)
ကျွန်တော်က မမွေးဖွားစဉ်ကတည်းက ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်ခဲ့သူပါ။ ဒီလို ပြောရင်တော့ ကျွန်တော်ဟာ တခြားနိုင်ငံတခုကို ပြောင်းရွှေ့သွားတဲ့ မိသားစု တခုကနေ မွေးဖွားလာသူလို့ သတ်မှတ် ကြမယ် ထင်တယ်။ တကယ်တော့ ကျွန်တော့်မိဘတွေက ပြည်တွင်း ပြောင်းရွေ့အခြေချသူတွေပါ။ ကျွန်တော့်မိဘတွေက တရွာတကျေးမှာ ရေကြည်ရာမြက်နုရာကို ရှာဖွေစားသောက်ရင်း တည်ငြိမ်မှု၊ အလုပ်အကိုင်နဲ့ ပိုင်ဆိုင်နိုင်မယ့်နေရာတခုကို ရှာဖွေရင်း ကျွန်တော်မွေးဖွားတဲ့ရွာကို ပြောင်းရွေ့လာသူတွေပါ။ ကျွန်တော့် အဖေက လူရိုးလူအေးတယောက်ပါ။
ဒါပေမယ့် ကျွန်တော် သိတတ်စအရွယ် မရောက်ခင်ကရော ရောက်ပြီးတဲ့အထိပါ အဖေဟာ အဲ့ဒီကျွန်တော် တို့ ရွှေ့ပြောင်းနေတဲ့ ရွာခံတွေနဲ့ အဆင်ပြေဖို့ အမြဲတမ်း ကြိုးစားခဲ့တယ်လို့ ဆိုရမှာပါ။ ရွာက ပွဲတွေ လမ်းတွေ၊ ကူညီစရာတွေရှိရင် မညည်းမညူ ကူညီပါတယ်။ တနည်းဆို ရရင်တော့ အောက်ချပေါင်းတယ်ပေါ့ဗျာ။ ဒါပေမယ့်လည်း အဲ့ဒီရွာသေးသေးလေးဟာ ကျွန်တော် တို့ မိသားစုရဲ့ မူလဇာတိမဟုတ်ကြောင်း အမြဲသတိပေးနေတဲ့ ရွာသူရွာသားတွေရဲ့ ပြောပုံဆိုပုံ ဆက်ဆံပုံ တွေ အဲ့ဒီလို အဲ့ဒီလို သေးငယ်တဲ့ လက္ခဏာတွေကတော့ ကျန်ရှိနေသေးတာပေါ့။ ကျွန်တော်တို့ နေထိုင်ခဲ့တဲ့ မြေဟာ ကျွန်တော်တို့ စိတ်ထဲကနေ ကိုယ့်ရပ် ကိုယ့်မြေ လို့ ပြောရလောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုမဟုတ်ခဲ့သလို၊ ကျွန်တော်တို့ ပြောပြတဲ့ ဇာတ်လမ်းတွေဟာလည်း အိမ်နီးချင်းတွေ သိတဲ့ မှတ်မိထားတဲ့ ဇာတ်လမ်းတွေနဲ့မတူခဲ့ပါဘူး။
တစ်နည်းအားဖြင့်တော့ ကျွန်တော် ဟာ မမွေးဖွားမီကတည်း က ရွေ့ပြောင်းတဦးဖြစ်ခဲ့သလို လူသားတွေ သုံးနှုန်းနေတဲ့ ကိုယ့်ရပ်ကိုယ့်မြေမှာ အမြစ်မတွယ်ခဲ့တဲ့သူတော့မဟုတ်ပါဘူး။
ဒီလိုနဲ့ ကျွန်တော် ရှစ်တန်းရောက်တဲ့အခါ ရွာက အထက်တန်းကျောင်းမရှိလို့ အနီးနားက မြို့မှာ ကျောင်းသွားတက်ရတော့တယ်။ ကျွန်တော် ပြောင်းရွှေ့ရပြန်ပြီပေါ့။ ဒီလိုနဲ့ တက္ကသိုလ် ကျောင်းသားဘဝ ရောက်တဲ့ အခါမှာတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အိမ်လို့ ခေါ်တဲ့အရာနဲ့ ပိုလို့ ဝေးကွာလာပါတယ်။ ကျောင်းရက်ရှည်ပိတ်လို့ အိမ်ပြန်တဲ့အခါမျိုးဆိုရင် ရွာမှာရှိတဲ့ သူငယ်ချင်းတွေ ဦးလေးအဒေါ်တွေ မေးတာက “ဘယ်တော့ပြန်မှာလဲတဲ့”။ ဒီစကားက သူတို့ အတွက် လူချင်းတွေ့တဲ့ အခါ နှုတ်ဆက်တာမျိုးဖြစ်နိုင်ပေမယ့် ကျွန်တော့် အတွက်တော့ ကျွန်တော်ဟာ ဘယ်နေရာမှာမှ အခြေတကျမရှိတဲ့သူတယောက်ဆိုတာ သိသာလာတယ်။ အိမ်ပျောက်တယ်ပေါ့။
အဲ့ဒီနောက်တော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပါတယ်။
အခြားစစ်ပြေးသူတွေလိုပဲ ကျွန်တာ်လည်း မျှော်လင့်ချက်ကြောင့်မဟုတ်ပဲနဲ့ ကြောက်ရွံ့မှုတွေကြောင့် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ကျွန်တော်မရင်းနှီးတဲ့ နိုင်ငံတခုကို ရောက်ရှိခဲ့ပြီ၊ အဲ့ဒီနေရာရဲ့ ဘာသာစကားက ကျွန်တော့်နားထဲမှာတော့ နားဝင်မချိုတဲ့တေးသွား တပုဒ်လို ဖြစ်နေတဲ့အပြင် ၊ ကျွန်တော် နားမလည်တဲ့ ဥပဒေတွေဟာလည်း သော့ခတ်ထားတဲ့ တံခါးတွေလိုပါပဲ။ ကျွန်တော့်ရဲ့ ရက်တွေ လတွေ ကို ပြန်ပြောင်းကြည့်တော့ ကျွန်တော်က နိုင်ငံတွင်း ပြောင်းရွေ့အခြေချတဲ့ ရွာတွင်း သူစိမ်းတစ်ဦးမျှသာ မဟုတ်တော့ပါဘူး။ နိုင်ငံခြား တိုင်းပြည်တခုမှာ သူစိမ်းတစ်ဦးဖြစ်လာခဲ့ပြီးတော့ ထပ်ပြီး ပြောင်းရွှေ့သူတဦးဖြစ်လာပါတော့တယ်။
ဒါပေမယ့်လည်း ထိုင်းနိုင်ငံတွင်းမှာ ကျွန်တော်လိုလူတွေ ကျွန်တော့်ထက် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေသူတွေကို ကျွန်တော် တွေ့ရှိခဲ့ရတယ်။ သူတို့ ကတော့ ကျွန်တော့်ထက် ပြောင်းရွေ့နေထိုင်ရာမှာ အကြိမ်များစွာ သာလွန်တဲ့သူတွေပေါ့။
တစ တစနဲ့ မြန်မာရွေ့ပြောင်းမိဘတွေကနေ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ လူငယ်တွေနဲ့ တွေ့ဆုံသိကျွမ်းလာပါတယ်။ သူတို့ က ထိုင်နိုင်ငံမှာမွေး၊ ထိုင်းနိုင်ငံမှာကြီးပြီး ထိုင်းဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောတတ်ပေမယ့် သူတို့ မှာ မှတ်ပုံတင်မရှိခြင်းက သူတို့ ရဲ့ အကျယ်လောင်ဆုံးသော ပဲ့တင်သံတွေပါပဲ။ အဲ့ဒီအရာက ပဲ သူတို့ အကြောင်းကို ကျယ်လောင်စွာပြောပြနေတာပေါ့။ သူတို့ က ဒီနေရာကို အိမ်လို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ သိထားတဲ့ တခုတည်းသောအိမ်က သူတို့ ကို အသိအမှတ် ပြုတယ်လို့ သူတို့ ခံစားရလား။ သူတို့ က သူတို့ မရွေးချယ်ခဲ့တဲ့ နယ်စပ်မျဥ်းတွေကြား သူတို့ မပြည့်စုံစွာ ပိုင်ဆိုင်ထားတဲ့ ယဉ်ကျေးမှုများအကြား ပိတ်မိနေသူတွေပါ။
ရွေ့ပြောင်းညီမလေး တယောက်က ကျွန်တော့် ကိုပြောတယ် “ကျွန်မက ဘယ်နေရာမှာမှ ပိုင်ဆိုင်သလို မခံစားရဘူး။ ထိုင်းမှာလည်း မဟုတ်၊ မြန်မာမှာလည်း မဟုတ်ဘူး။ ကျွန်မ… ဒီမှာပဲ ရှိနေတာ” တဲ့ ကျွန်တော် ဘာပြန်ပြောရမှန်း လည်း မသိပါဘူး။ သူတို့ ခံစားချက်တွေ နားလည်ပါတယ်လို့လည်း မပြောချင်ဘူး။ ဒါပေမယ့် သူ့ရဲ့ စကားတွေဟာ ကျွန်တော် နဲ့အတူရှိနေခဲ့ပါတယ်။ သူကလည်း ကျွန်တော် မွေးဖွားခဲ့တဲ့ မြန်မာပြည်ထဲက မွေးဖွားခဲ့ပေမယ့်လည်း ဘယ်တော့မှ အမှန်တကယ်မပိုင်ဆိုင်ခဲ့ရတဲ့ ခံစားချက်ကို ထင်ဟပ်ပြနေတဲ့ မှန်တစ်ချပ်ပေါ့။ ပိုင်ဆိုင်မှုမရှိခြင်း၊ ကျွန်တော်တို့ ကို ထိန်းထားတဲ့ ဇာတိမြေမရှိခြင်းဟာ ကျွန်တော် တို့ ဘဝထဲကနေ ဘယ်တော့မှ ထွက်မသွားတော့မယ့် တိတ်ဆိတ်တဲ့ နာကျင်မှုတစ်ခုပါပဲ။
တခါတခါလည်း နိုင်ငံတော်မရှိ၊ အုပ်ချုပ်သူ မရှိ နယ်တွေ စည်းတွေ မခြားထားတဲ့ လူ့ဘုံတရပ်ကို မျှော်လင့်မိတယ်။ နယ်တွေ စည်းတွေဟာ ကျွန်တော် တို့ လူသားတွေကို အုပ်ချုပ်ရလွယ်ကူအောင် လုပ်ထားတဲ့အရာတွေပဲ ဆိုတာ ပိုပိုပြီး သဘောပေါက်လာတယ်။ လူသား ဖြစ်နေတော့လည်း လက်ရှိဖြစ်ပျက်နေတဲ့အရာတွေနဲ့ ကင်းကွာမသွားအောင် လည်းစီးမျှောနေထိုင်နေရရှာတယ်။
ဒါပေမယ့်လည်း ဒီအဖြစ်အပျက် အရာအားလုံးထဲမှာ ကျွန်တော် တို့ ခွန်အားတက်စရာတွေ ရှိပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ရှင်သန်မှု၊ မြစ်ချောင်းတွေနဲ့ တောနက်တွေကို ဖြတ်ကျော်ပြီး၊ ကျည်ဆံတွေနဲ့ စစ်ဗျူရိုကရေစီယန္တယားတွေကို ရှောင်ရှားခဲ့ပြီး သူတို့ ရဲ့ သားသမီးတွေကို ရေကြည်ရာမှာ ရှင်သန်စေဖို့ ကြိုးစားခဲ့တဲ့ မိဘတွေထံကနေ သယ်ဆောင်လာတဲ့ သတ္တိဇာတ်လမ်းတွေပဲဖြစ်ပါတယ်။
ဒီလူငယ်တွေမှာ ဆုံးရှုံးမှု တွေနဲ့ပြည့်နက်နေတာတောင် သူတို့ဟာ ထက်သန်တယ်၊ ဖန်တီးမှုရှိတယ်၊ တိတ်ဆိတ်တဲ့ ခုခံမှုတွေနဲ့ ပြည့်နှက်နေတယ်။ ဒီလိုအရာတွေကနေပဲ ပြည်ပကို ထွက်ခွာလာရသူတွေရဲ့ အားအင်တွေ၊ အသိုင်းအဝိုင်းတွေကို တည်ဆောက်နေကြတယ်၊ အဝေးကနေ ပဲ ယဉ်ကျေးမှုတွေကို ဂုဏ်ပြုကြတယ်၊ တဒင်္ဂပျော်ရွှင်မှု အတွက်ရော စည်းလုံးမှုအတွက်ပါ စုပေါင်းလုပ်ဆောင်တဲ့ ပွဲလမ်းတွေကိုလုပ်ဆောင်ကြတယ်၊ တရားမျှတမှုနဲ့ လွတ်လပ်မှုဆိုင်ရာ အိပ်မက်တွေကို ဆက်လက်သယ်ဆောင်နေကြတယ်လို့ ကျွန်တော် နားလည်ထားပါတယ်။
ဒီဇာတ်လမ်းက ကျွန်တော် တို့ တဦးတယောက်ရဲ့ ဇာတ်လမ်တော့ မဟုတ်ပါဘူး။ ဒီအရာက မျှော်လင့်ချက်တွေနဲ့ ခရီးလှည့်လည်သွားလာနေကြတဲ့ မရေမတွက်နိုင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေထဲကမှ ပိုမိုကြီးမားတဲ့ အထည်တစ်ခုကနေ ဆွဲထုတ်လိုက်တဲ့ ချည်မျှင်တစ်ခုပဲဖြစ်ပါတယ်။
ကျွန်တော် တို့ ရည်ရွယ်တဲ့ ပိုင်ဆိုင်မှုဆိုတာ တဦးနှင့်တဦး မျှဝေထားတဲ့ ရုန်းကန်မှုတွေနဲ့ ပြည့်နှက်နေတဲ့အရာ၊ အတူမျှဝေခံစားလို့ ရမယ့် မှတ်ဉာဏ်တွေနဲ့ ဖော်ဆောင်ထားတဲ့ လူ့ဘောင်တခုကို ပါ။ ကျွန်တော် တို့ စိတ်ကူးယဥ်ရဲတဲ့ ဒီရုန်းကန်မှုတွေ၊ လှုပ်ရှားမှုတွေက ဘယ်အချိန်ထိ ဆက်ရှိနေမလဲ မသိနိုင်သလို၊ မပြီးဆုံးနိုင်သေးတဲ့ ရွှေ့ပြောင်းသွားလာရင်းနဲ့ ကြိုးစားပြီး အသက်ဆက်နိုင်အောင် နေရင်း၊ ရွှေပြည်တော် ကို မျှော်ရင်းနဲ့ အဆင်ပြေသလို အသက်ဆက်နေရတာပေါ့။
design-border echo