30/05/2026
ရသစာပေဆိုတာ နှလုံးသားကို နူးညံ့စေသလို၊ ကိုယ်တွေးရင် တွေးနိုင်သလောက် သင်ခန်းစာနဲ့ ပညာတွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။
ဒီစာအုပ်ထဲမှာ အကြိုက်ဆုံး ဇာတ်ကောင်ကတော့ 'ဟာစရီပါး' ပါပဲ။
တစ်ယောက်ယောက်က မင်းဘာတွေဖတ်နေလဲလို့ မေးတိုင်း “သုခမြို့တော်” ကို ဖတ်နေတယ်လို့ မပြောဘဲ 'ဟာစရီပါး' ဖတ်နေတယ်လို့ပဲ ဖြေမိတဲ့အထိ စွဲစွဲလန်းလန်း သဘောကျတယ် ။
ယောက်ျားတစ်ယောက်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ယောက်ျားပီသမှုတွေနဲ့အတူ အနစ်နာခံတတ်တဲ့ အဖေတစ်ယောက်ရဲ့ ပေးဆပ်မှုကတော့ တကယ့်ကို စံတင်လောက်ပါတယ်။
မိဘတစ်ယောက်အနေနဲ့ သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် နောက်ဆုံးမှာ အရိုးတွေအထိ ရောင်းချပြီး နောက်ဆုံးထွက်သက်အထိ တာဝန်ကျေပွန်သွားခဲ့တယ် ။
ဒါ့အပြင် ကိုဗားစကီးရဲ့ လူတွေအပေါ် ထားရှိတဲ့ မေတ္တာတရား၊
ဆင်းရဲသားနင်းပြားတွေရဲ့ တစ်ဦးပေါ်တစ်ဦး ဖေးမကူညီတတ်ကြပုံတွေနဲ့ 'နင်းပြားပြည်သူတွေဆိုတာ နိုင်ငံရေးမှာ ဓားစာခံအပြင် ဘာမှမပိုဘူး' ဆိုတဲ့ အကြောင်းတွေ ၊ လူပီသတဲ့ လူတွေအကြောင်းနဲ့အတူ ဖတ်ရင်း တစ်အုပ်တော့ ပြီးဆုံးသွားခဲ့ပါပြီ။
လူဆိုတာ တစ်ခါတလေ ကိုယ့်အနာကိုပဲ အကြီးဆုံးလို့ ထင်တတ်ကြစမြဲပါ။ 'ငါ ခက်ခဲနေပြီ၊ ငါ ပင်ပန်းနေပြီ၊ ငါ ဘာမှလုပ်လို့ မရတော့ဘူး' ဆိုပြီး စိတ်ဓာတ်ကျ စိတ်ညစ်နေရတဲ့ ဒီလိုကာလမျိုးမှာ 'သုခမြို့တော်' ကို ဖတ်ကြည့်ဖို့ အားလုံးကို ညွှန်းပေးချင်ပါတယ်။
နောက်ဆုံးအနေနဲ့ စာဖတ်ဖို့အတွက် ဒီစာအုပ်ကောင်းလေးတွေကို ဝယ်ပေးခဲ့တဲ့ မျိုးမျိုးလေးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ် 😁🤍