21/02/2023
အိမ်ခြံမြေ ဂရန်ခွဲ၊ အပြောလွယ်သလောက် လုပ်တော့တကယ်ခက်ခဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လွှတ်တော်ရှေ့နေ “မောင်ကောင်းဖေ”
☎️ 09251015089
အိမ်ခြံမြေ ရောင်း ဝယ် ဌား ကိုယ်တွေ့
“””””””””””””””””””””””””””””””””””””””
စာအုပ်များ ရေးသားပြုစု ထုတ်ဝေသူ
“””””””””””””””””””””””””””””””””””””””
လွန်ခဲ့သော (-)ခန့်က တောင်ဒဂုံ(၂၄)ရပ်ကွက်တွင် မြေနှင့်တိုက်အိမ်ဝယ်ယူခဲ့သည့် “ ကိုနေမျိုး “ နှင့် မဆုံဖြစ်သည်မှာ ကြာနေပြီဖြစ်၍ သတိရနေဆဲတွင်တိုက်တိုက်ဆိုင်ဆိုင် “ကိုနေမျိုး"ထံမှ ဖုန်းဆက်လာသည်။
“ ရှေ့နေကြီးရေ... ကျွန်တော်‘ကိုနေမျိုး” ပါ ကျွန်တော် သူငယ်ချင်း“ မင်းမင်း ” က တောင်ဒဂုံ (၂၅) ရပ်ကွက်မှာ (20x60) မြေကွက်ဝယ်ချင်လို့ပါ၊ သူက မြေအကြောင်းလည်း ဘာမှနားမလည်ဘူးလေဆရာ အဲဒါ ကျွန်တော်ကို အကူညီတောင်းတာနဲ့ ကျွန်တော်လည်း ရှေ့နေကြီးကိုပဲ သတိရလို့ ဖုန်းဆက်လိုက်တာပါ"
" စာရွက်စာတမ်း စစ်ဆေးပေးဖို့နဲ့ ၊စရန်ပေးစာချုပ်ပါ ချုပ်လိုက်ချင်လို့ပါ ပြီးတော့ ဒီနေ့ ညနေ (၆) နာရီမှာပဲ ရောင်းသူတွေနဲ့ ချိန်းထားပြီပါပြီးဆရာ အဲဒါကြောင့် ရှေ့နေကြီးကို ရုံးဆင်းချိန် အောက်မှာ စောင့်ကြိုနေလိုက်ပါ့မယ် ဆရာ" ဟု ပြော၍ ချိန်းဆိုသည်။
ရောင်းမည့်သူက အလာစော၊ ဝယ်သူက နောက်ကျ ပွဲဖြစ်ချင်သည်ထင်ပါ့
-----------------------------------------------------------
ညနေရုံးဆင်းချိန်တွင် "ကိုနေမျိုး"နဲ့အတူ ချိန်းဆိုရာ "မင်းမင်း ” စဆိုးဆိုင်သို့ အရောက်သွားခဲ့ကြသည်။ ဆိုင်သို့ရောက်သွားသည့်နှင့် "ကိုနေမျိုး"က အသင့်စောင့်နေတဲ့ ဝယ်မည့်သူ "ကိုမင်းမင်း"နှင့် မိတ်ဆက်ပေးသည်။
"ရှေ့နေကြီးရေ ရောင်းမယ့်သူတွေက ညနေ (၅) နာရီခွဲထဲက မြို့ထဲကလာပြီး အသိအိမ်မှာ လာစောင့်နေတယ်လို့ပြောတယ်..တစ်ခါတည်း သွားလိုက်ကြရအောင်”
ဟု ဆိုလာသဖြင့် "မောင်ကောင်းဖေ"လည်း" ကိုမင်းမင်း" တို့နှင့်အတူ ရောင်းသူများ စောင့်နေသည့် အိမ်သို့ လမ်းလျှောက်သွားလိုက်ကြပြန်သည်။
ဝယ်မည့်မြေကွက် (20x60) ပြည့်မပြည့် ပေတိုင်းကြည့်ဖို့လိုအပ်
------------------------------------------------
ရောင်းမည့်မြေကွက်မှာ "စည်ပင်လမ်းမကြီး" အနောက်ဘက်ခြမ်းတွင် ရှိပြီး (၂)လမ်းမြောက် လမ်းသွယ်အတွင်း၌ ရှိသည်။ မြေကွက်ရှေ့သို့ ရောက်သည်နှင့် "ကိုမင်းမင်း"က အခုဝယ်မယ့် မြေကွက်ပါ ဟု ပြောသည်။ "မောင်ကောင်းဖေ"လည်း မြေကွက်ရှေ့တည့်တည့်တွင်ရပ်၍ လေ့လာကြည့်လိုက်သည်။
“ ကိုမင်းမင်းရေ ရောင်းမည့်မြေကွက်အကျယ်က (20x60)ထင်တယ်။ ခေါင်းရင်းဘက် တိုက်အိမ်နှင့် ပေါင်းပြီး ခြံခတ်ထားပါလား"
"ဟုတ်တယ် ဆရာရေ (၂၅) ရပ်ကွက်က ဝန်ထမ်းရပ်ကွက် ဆိုတော့ (40x60) ခြံကွက်တွေလေ ခေါင်းရင်းဘက်ခြမ်းက ရောင်းပြီးသွားပြီ အခုခြေရင်းဘက်တစ်ခြမ်းက ကျန်တဲ့ (20x60) ကို ပြန်ရောင်းမှာ လို့ပြောတယ်"
" အဲဒါဆိုရင်တော့ (20 x60) ပြည့်မပြည့် စရန်ပေး စာချုပ်ပြီးရင် “ ပေကြိုးနဲ့ ” တိုင်းကြည့်သင့်တယ် ” ဟု အကြံပေးလိုက်သည်။
ဝယ်သူ"မင်းမင်း"နှင့် "မောင်ကောင်းဖေ"တို့ ရောင်းသူနေအိမ်သို့ ရောက်သွားသည့်နှင့် ရောင်းသူက အိတ်အတွင်းမှ မကြာမီကမှ ရရှိထားသည့် အနှစ်(၆၀) ဂရန်သစ်စာအုပ် (အစိမ်းရင့်ရောင်) ကို ထုတ်ပြသည်။
ဂရန်အသစ်ဖြစ်၍ ပြုံးပျော်ရသည့်အကြောင်းရင်း
-----------------------------------------------------------
အနှစ်(၆၀) မြေငှားဂရန်စာအုပ်အသစ်ကြီး မြင်လိုက်သည်နှင့် "မောင်ကောင်းဖေ" ပျော်သွားသည်။ "ကိုမင်းမင်း"ဝယ်ယူလျင် ဂရန်အသစ် စာအုပ်ကြီးကို ကိုင်ထားရတော့မည်။ ဝယ်ပြီးလျင်လည်း ကုန်ကျစရိတ်များမည့် အမည်ပြောင်းခြင်း ကိစ္စမပြုလုပ်သေးဘဲ၊ ဂရန်အမည်ပေါက် စာအုပ်သာ ကိုင်ထားရန် အကြံပေးလိုက်မည်။
ဂရန်အမည်ပေါက်ရောင်းသူထံမှ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) ယူထားလိုက်ပြီး အဆင်ပြေသည့်အခါမှ ဂရန်အမည်ပေါက်နာမည် ပြောင်းခိုင်းမည်ဟူသော အတွေးကြောင့် ပြုံးပျော်သွားခြင်း ဖြစ်သည်။
သို့သော် ဂရန်စာအုပ်အသစ်ကြီးကို ဖွင့်၍ဂရန်အမည်ပေါက် နာမည်များအား ကြည့်လိုက်ရာ တစ်ဦးတည်း မဟုတ်ဘဲ (၄)ဦး အမည်ပေါက်ဖြစ်နေသည်ကိုတွေ့ရ၍ ပျော်နေသည့် စိတ်ပျောက်ကာ စိတ်ပျက်သွားတော့သည်။
ကိုမင်းမင်း ဝယ်မည်ပြောစဉ်က (20x60)မြေကွက်ဟု သိထားသဖြင့် ဂရန်ခွဲပြီးမြေကို တစ်ဦးတည်းအမည်ပေါက်ထံမှ ပြန်ဝယ်ရမည်ဟု ထင်ထားသည်။
(၄)ဦးပေါက် (40 x 60) ဂရန် ဝယ်သူအမည်ပေါက် ရဖို့ မလွယ်သည်မှာ အမှန်
------------------------------------------------------------
ယခုတော့ ဤသို့မဟုတ် ဂရန်စာအုပ်တွင် (၄)ဦးအမည်ပေါက်နေသလို မြေအကျယ်ကလည်း (40x60) ရှိနေပြီး ဂရန်ခွဲစာအုပ် မလုပ်ရသေးပေ။ ယင်းသို့လက်ရှိ အခြေအနေအတိုင်း ဝယ်ယူသူသို့ တစ်ဖက်ခွဲရောင်းမည် ဟုဆိုလျင် ဝယ်သူအနေဖြင့် မြေကိုသာလက်ရောက်ရမည်ဖြစ်သော်လည်း ဂရန်မူရင်းစာအုပ်ကို မရနိုင်သေး
ဘဲ ဂရန်မိတ္တူကိုသာ ရနိုင်မည်ဖြစ်သည်။
မြေအမည်ပေါက် ဂရန်ခွဲ၊ အပြောလွယ်သလောက် လုပ်တော့တကယ်ခက်ခဲ
--------------------------------------------------------------
ဂရန်ခွဲလျှောက်လျင် (၂) လခန့်သာကြာမည်ဟု ရောင်းသူကပြောသော်လည်း ထင်သလောက်မလွယ်ကူပါ။ လတ်တလောတွင် "မောင်ကောင်းဖေ"၏ မိတ်ဆွေတစ်ဦး ဂရန်ခွဲ လျှောက်ထားနေသည့် မြေတစ်ကွက်ရှိသည်။ မြေကွက်မှာ တစ်နှစ်ခန့်ကြာသော်လည်း ဂရန်ခွဲအမည်ပေါက်မရသေး၍ ကြိုးစားနေရဆဲ ဖြစ်သည်။
ရောင်းသူဘက်ကမူ (40x60) (4)ဦးပိုင်ဖြစ်၍ အပြန်အလှန် စွန့်လွတ်စာချုပ်ချုပ်ပေးမည်။(20x60)တစ်ဝက်စီ ပိုင်သွားမည်ဟု အလွယ်ပြောသော်လည်း တကယ်လက်တွေ့ ဂရန်ခွဲလျင် စွန့်လွှတ်စာချုပ်ချုပ်ဆိုရုံဖြင့် (20x 60)မြေအမည်ပေါက်များ ချက်ချင်းဖြစ်မလာနိုင်ပါ။
မြေတိုင်းရဦးမည်။ မြေကွက် ခွဲစိတ်ရဦးမည်။ မြေတိုင်းခွဲ မြေပုံတင်ပြ၍ အတည်ပြုချက်ရယူရဦးမည်။ မြေယာဌာနမှူးထံမှ အတည်ပြုချက်ရမှသာလျင် ရောင်းသူ ဂရန်ခွဲအမည်ပေါက် ဖြစ်လာမည် ဖြစ်သည်။
ဂရန်မခွဲမီ ဝယ်ယူမိလျင် ကျော်ဖြတ်ရမည့်ခရီးစဉ်
-------------------------------------------------------------------
ယင်းသို့ ရောင်းသူအမည်ပေါက် (20x60) ဂရန်ခွဲကို ဝယ်ယူပြီးနောက်မှ ဝယ်သူက ဂရန်ခွဲအမည်ပေါက်ထံမှ အထူးကိုယ်စားလှယ်လွှဲစာယူ၍ မိမိအမည်ပေါက်ဖြစ်လာရန် စည်ပင်မြေယာဌာနတွင် အရောင်းမြေပုံကူးရမည်။ အခွန်ရုံးတွင် တန်ဖိုးဖြတ်ပေးဖို့ တင်ပြရမည်။
အခွန်ရုံးမှ သတ်မှတ်သည့် ဝယ်ခွန်ဆောင်ပြီးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရဦးမည်။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ရပြီးမှသာလျှင် စည်ပင်မြေယာဌာနတွင် မိမိအမည်ပြောင်းရမည်။
ယင်းသို့ အဆင့်ဆင့်ဆောင်ရွက်ပြီးမှ မိမိအမည်ပေါက်ဂရန်ဖြစ်လာမည်ဖြစ်ကြောင်း ဝယ်သူ "ကိုမင်းမင်း" အားရှင်းပြရာ သဘောပေါက်သွားသဖြင့်
"ကျွန်တော်က အဲ့ဒါတွေ ဘာမှမသိဘူး ဝယ်ရင် ရောင်းသူအမည်ပေါက်ဂရန်ရမယ် ပါဝါယူထားပြီး နောက်မှ ဂရန်အမည်ပြောင်းမယ်ဆိုတဲ့ အစီအစဉ်နဲ့ ဝယ်ချင်တာ.. ရှေ့နေကြီး ရှင်းပြသလိုဆိုရင်တော့ အဲဒီလောက်ကြီး အချိန်လည်းမပေးနိုင်ဘူး။ စိတ်ရှုပ်လည်းမခံနိုင်ဘူးဗျာ။ အဲဒီတော့ ရောင်းသူဂရန်အမည်ပေါက်ရတဲ့နေ့မှ ဝယ်တော့မယ်လေ" ဟုဆိုကာ ရောင်းသူကို နှုတ်ဆက်ပြီးပြန်ခဲ့ကြပါတော့သည်။
ဂရန်မြေဝယ်လိုသူများ ကြိုတင်သိထားကြစေချင်
-----------------------------------------------------------------
ဂရန်အမည်ပေါက်မြေများမှာ ပါမစ်မြေ/စလစ်မြေများကဲ့သို့ အရပ်ကတိအရောင်းအဝယ် စာချုပ်အဆက်ဆက်ဖြင့် အလွယ်တကူဝယ်ယူရန် မလွယ်ကူလှပါ။အဆင့်ဆင့်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များရှိနေပါသဖြင့် မြေကွက်တစ်ကွက်ကို မဝယ်မှီကြိုတင်လေ့လာထားသင့်ကြောင်း အိမ်ခြံမြေဗဟုသုတ တစ်ခုကိုမျှဝေပေးလိုက်ပါသည်။
✍️စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာ သုခအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ✍️
#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
#မောင်ကောင်းဖေ
#အိမ်ခြံမြေစာချုပ်စာတမ်း
#တိုက်ခန်းစာချုပ်စာတမ်း
#အရောင်းမြေပုံ
#အရောင်းအဝယ်စာချုပ်
#စည်ပင်မြေယာဌါန
#အိမ်ခြံမြေပါမစ်
#အိမ်ခြံမြေဗဟုသုတ
#အိမ်ခြံမြေစာရေးဆရာ
#ယနေ့ရန်ကုန်အိမ်ခြံမြေအပြောင်းအလဲရောင်းကြဝယ်ကြကိုယ်တွေ့ကြုံရသည့်ဖြစ်ရပ်များ
#မြေရှင်သူဌေးကြီးဖြစ်ပါရစေ
#အိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ
#တိုက်ခန်းအိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ