28/02/2026
ဒီနေ့တော့ ကျွန်မက မိုးကုတ်ဈေးကွက်မှာ လူမှားအများဆုံးနဲ့ ဈေးကွာဟမှု အကြီးမားဆုံးဖြစ်တဲ့ Alexandrite" နဲ့ "Chrysoberyl" တို့ကို ခွဲပြသွားမှာ ဖြစ်ပါတယ်။
မျိုးရိုး တူပေမယ့် ကွာခြားတဲ့ ဒီကျောက်နှစ်မျိုး ကိုတစ်ဆင့်ချင်း လေ့လာကြည့်ရအောင်။
🌟လူတော်တော်များများ မသိကြတာက Alexandrite ဆိုတာ Chrysoberyl မိသားစုဝင်ထဲက ရှားပါးမျိုးကွဲ တစ်ခုဆိုတာပါပဲ။ ကျောက်နှစ်မျိုးလုံးဟာ မာဆင့် ၈.၅ (Mohs scale 8.5) ရှိတဲ့အတွက် လက်စွပ်လုပ်ဝတ်ရင် အရမ်းခိုင်မာတဲ့ ကျောက်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာတော့ Alexandrite က ရှားပါးလွန်းလို့ စိန်ထက်တောင် တန်ဖိုးကြီးနေတတ်ပြီး၊ ပုံမှန် Chrysoberyl ကတော့ ပိုပေါများတဲ့အတွက် ဈေးအများကြီး သက်သာပါတယ်။
🌟 ဒီကျောက်နှစ်မျိုးကို ခွဲခြားတဲ့ အဓိက သော့ချက်ကတော့ "အရောင်ပြောင်းနိုင်စွမ်း" ပါပဲ။
Alexandriteဆို သူ့မှာ အရောင်ပြောင်းလဲနိုင်စွမ် အားကောင်းကောင်း ရှိပါတယ်။ နေ့လယ်ဘက် သဘာဝအလင်းရောင် မှာ အစိမ်း ဒါမှမဟုတ် အပြာအစိမ်းရောင် ရှိပြီး၊ ညဘက် မီးသီးရောင်အောက်ရောက်ရင် အနီ ဒါမှမဟုတ် ခရမ်းနီ ကို သိသိသာသာ ပြောင်းသွားပါတယ်။
ပုံမှန် Chrysoberyl တွေကတော့ အဝါ၊ အစိမ်း၊ အညိုရောင်တွေ ရှိတတ်ပေမယ့် ဘယ်မီးအောက်သွားသွား အရောင်ပြောင်းလဲမှု မရှိပါဘူး။
ဘာလို့ တစ်မျိုးက အရောင်ပြောင်းပြီး တစ်မျိုးက မပြောင်းတာလဲ? ဒါဟာ အထဲမှာပါတဲ့ ဓာတ်သတ္တု တွေကြောင့်ပါ။Alexandrite ဟာ သဘာဝတရားထဲမှာ ရှားရှားပါးပါး Chromium (Cr) ဓာတ် ဝင်ရောက်ပေါင်းစပ်သွားလို့ အရောင်ပြောင်းသွားတာပါ။ပုံမှန် Chrysoberyl တွေကတော့ Iron (Fe - သံဓာတ်) ကြောင့် အဝါရောင်၊ အညိုရောင်တွေ ဖြစ်လာရတာပါ။
မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသထွက် Chrysoberyl တွေမှာ ကမ္ဘာကပါ အံ့ဩရတဲ့ ထူးခြားချက်တွေ ရှိပါတယ်။အဲ့ဒါတွေကတော့
Cat's Eye (Cymophane)ဆိုတဲ့ အရောင်မပြောင်းပေမယ့် ကြောင်မျက်လုံးလို အလင်းတန်း (Chatoyancy) စူးစူးရှရှပေါ်တဲ့ ခရစ်ဆိုဘယ်ရယ် Cat's Eye တွေ ထွက်ရှိပါတယ်။သံဓာတ်အစား Vanadium (V) ဓာတ် ပါဝင်သွားတဲ့အခါ လှပဆန်းသစ်တဲ့ ပူစီနံစိမ်း အရောင် ဒါမှမဟုတ် အပြာအစိမ်းရောင် Chrysoberyl တွေကို ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ မိုးကုတ်ထွက် Chrysoberyl တွေကို မှန်ဘီလူးနဲ့ သေချာကြည့်ရင် သံမှိုခေါင်းပုံစံ Inclusions လေးတွေကို တွေ့ရတတ်ပါတယ်။ ဒါဟာ မြန်မာ့ကျောက်ဖြစ်ကြောင်း သက်သေပြနေတဲ့ လက်ဗွေရာပါပဲ။
Alexandrite နဲ့ Chrysoberyl ဟာ ဓာတုဗေဒအရ Beryllium Aluminum Oxide ဆိုတဲ့ ဖွဲ့စည်းပုံတူညီပေမယ့်၊ Chromium (Cr) ပါဝင်မှု ရှိ/မရှိ ဆိုတဲ့ အချက်လေးတစ်ခုကပဲ သူတို့ကို ဈေးကွက်မှာ သောင်းဂဏန်းတန်နဲ့ သိန်းထောင်ချီတန် ဆိုပြီး ကွာခြားသွားစေတာ ဖြစ်ပါတယ်။
မြန်မာ့ကျောက်မျက်ဈေးကွက်မှာ တချို့က အရောင်မပြောင်းတဲ့ ပုံမှန် Chrysoberyl တွေကို (တမင်သက်သက် ဖြစ်စေ၊ နားမလည်လို့ဖြစ်စေ) "Alexandrite" ပါဆိုပြီး နာမည်တပ် ရောင်းချတတ်ကြပါတယ်။
ဒါကြောင့် ကျွန်မ သတိပေးချင်တာက "Alexandrite ဆိုပြီး လာရောင်းရင် မီးရောင် (၂) မျိုးအောက်မှာ အရောင်သိသိသာသာ ပြောင်း/မပြောင်း အရင်ဆုံး စစ်ဆေးပါ။" အရောင်မပြောင်းရင် အဲဒါ ရိုးရိုး Chrysoberyl သာ ဖြစ်တဲ့အတွက် Alexandrite ဈေးပေးပြီး မဝယ်မိဖို့ အထူးသတိထားကြပါရှင်။
ဒီသင်ခန်းစာလေးကနေ Alexandrite နဲ့ Chrysoberyl ရဲ့ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သိသွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် သိချင်တဲ့ ကျောက်မျက်ဗဟုသုတတွေ ရှိရင်လည်း မေးမြန်းနိုင်ပါတယ်ရှင်။
💫committed to excellence💫 သိလိုတာများမေးမြန်းလိုပါက ဖုန်း ☎️-09886666481, 09660535455.,-Viber နှင့် ပေ့ချ် မက်ဆေ့တွင်မေးမြန်းနိုင်ပါတယ်ရှင် 📝 သင်တန်းရဲ့အားသာချက်တွေကြောင့်လူအမြဲပြည့်တဲ့အတွက်စာရင်းကြိုသွင်းရပါတယ်ရှင် YouTube www.youtube.com/ TikTok https://www.tiktok.com/...
ပုံနှင့်စာယူသုံးခွင့်မပြုပါ ပိုစ်ကိုလွတ်လပ်စွာရှယ်နိုင်ပါတယ်