သဘာဝ အော်ဂဲနစ်ရွက်ဖျန်းအားဆေး

  • Home
  • Myanmar
  • Myingyan
  • သဘာဝ အော်ဂဲနစ်ရွက်ဖျန်းအားဆေး

သဘာဝ အော်ဂဲနစ်ရွက်ဖျန်းအားဆေး Transform မှာယူလို့ပါက
09257719475

စပါးပင်၏ သက်တမ်းအလိုက် ပွါးစည်းကြီးထွားပုံ။စပါးစေ့ အညှောက်ထွက်သည်မှ သီးပွင့်ရင့်မှည့်သည်အထိ ဇီဝကမ္မသဘောအရ စပါးပင်၏ သက်တမ...
11/05/2024

စပါးပင်၏ သက်တမ်းအလိုက် ပွါးစည်းကြီးထွားပုံ။

စပါးစေ့ အညှောက်ထွက်သည်မှ သီးပွင့်ရင့်မှည့်သည်အထိ ဇီဝကမ္မသဘောအရ စပါးပင်၏ သက်တမ်းတစ်လျှောက်တွင် အဆင့်(၃)ဆင့်ဖြင့် ပွါးစီးကြီးထွားပါသည်။ ယင်းတို့မှာ..



(၁) အပင်ပွါးစီး ကြီးထွားမှုအဆင့် (Vegetative Phase)

(၂) အနှံသန္ဓေ ကြီးထွားမှုအဆင့် (Reproductive Phase)

(၃) သီးပွင့် ရင့်မှည့်မှုအဆင့် (Ripening Phase)

(၁) အပင်ပွါးစီး ကြီးထွားမှုအဆင့်

(Vegetative Phase)

------------------------------------

အပင်ပွါးစီး ကြီးထွားမှုအဆင့်သည် စပါးအညှောက်ပေါက်သည့်နေ့မှ အနှံသန္ဓေတည်စအထိ ဖြစ်သည်။ စပါးပင်၏ သက်တမ်းတိုခြင်းနှင့် သက်တမ်းရှည်ခြင်းသည် အပင်ပွါးစီး ကြီးထွားမှုအဆင့်၏ သက်တမ်းတိုခြင်းနှင့် ရှည်ခြင်းပေါ်တွင် တည်နေပါသည်။ အထူးသဖြင့် အပင်ပွါးစီး ကြီးထွားမှုအဆင့်ကို (၂)ပိုင်းခွဲခြားထားသည့် အခြေခံအပင်ကြီးထွားမှုအဆင့်နှင့် အလင်းရောင်တုန့်ပြန်မှုအဆင့်၏ သက်တမ်းတိုခြင်း၊ သက်တမ်းရှည်ခြင်းပေါ်တွင် မူတည်နေပါသည်။ ဒေသစပါး(ရာသီစပါး)များ သက်တမ်းရှည်ရခြင်းမှာ နေ့တာတိုသောရက်များသို့ မရောက်မချင်း အနှံသန္ဓေလောင်း(မှို့)မတည်သဖြင့် ဒေသ/ရာသီစပါးမျိုးများသည် သက်တမ်းရှည်ရပါသည်။ အပင်ပွါးစီး ကြီးထွားမှုအဆင့်တွင် အောက်ပါ တိုးတက်မှုများ ဖြစ်ပေါ်ပါသည်။

(က) အစေ့မှ အညှောက်ပေါက်ကာ အပင်ကြီးထွား ပွါးစီးလာခြင်း။

(ခ) ရွှေ့ပြောင်းစိုက်ခြင်း၊ အမြစ်စွဲခြင်း၊ အပင်လှန်ခြင်း။

(ဂ) အပင်ပွါးများခြင်း၊ အရွက်ပွါးစီးခြင်း၊ အပင်ရပ် မြင့်မားလာခြင်း။

(ဃ) အနှံသန္ဓေ စတည်ခြင်း။

ဤအဆင့်သည် အနည်းဆုံး(၂၅)ရက်မှ (၆၅)ရက်အထိ သာမန်အားဖြင့် ကြာမြင့်တတ်ပါသည်။

(၂) အနှံသန္ဓေ ကြီးထွားမှုအဆင့်

(Reproductive Phase)

-----------------------------------

ဤအဆင့်သည် အနှံသန္ဓေစတင်တည်သည့်နေ့မှ အနှံထွက်သည့်နေ့အထိ ဖြစ်ပါသည်။ စပါးမျိုးအားလုံးအဖို့ ဤအဆင့်တွင် သက်တမ်းကွာခြင်းမှုများ ယေဘူယျအားဖြင့် မရှိပါ။ ဤအဆင့်တွင် အောက်ပါတိုးတက်မှုများ ဖြစ်ပေါ်ပါသည်။

(က) ဒေသ/ရာသီစပါးမျိုးများတွင် အဆစ်တက်ခြင်း(ရှည်လာခြင်း)၊ ပင်စည်သည် မူလကပြားရာမှ စတင်လုံးလာခြင်းတို့သည် အနှံသန္ဓေစတင်မတည်မီကပင် ဖြစ်ပေါ်တတ်ပြီး သက်တမ်းစပါးမျိုးများသည် အနှံသန္ဓေတည်စတွင် ပင်စည်စ၍ လုံးလာတတ်ပါသည်။

(ခ) အနှံသန္ဓေလောင်း စတည်ခြင်း (စပါးနှံ၏အောက်ခြေအဆစ် စ၍တည်ခြင်း)

(ဂ) အနှံခက်များ တည်ဆောက်ခြင်း (အမျှင်နုကလေးများအဖြစ် စတင်မြင်ရသည် - မှို့ကပ်ခြင်း)

(ဃ) အနှံသန္ဓေ စတည်ခြင်း။

(င) အနှံထွက်၍ ပန်းပွင့်ခြင်း၊ အပင်အရပ်မြင့်မှု ရပ်ဆိုင်းခြင်း တို့ဖြစ်ပေါ်ပါသည်။

ဤအဆင့်သည် သက်တမ်းအားဖြင့် (၃၀)ရက်မှ (၃၅)ရက်အထိ ကြာတတ်ပါသည်။

(၃) သီးပွင့် ရင့်မှည့်မှုအဆင့်

(Ripening Phase)

-------------------------------

ဤအဆင့်သည် အနှံထွက်သည်မှ အဆန်ပြည့် ရင့်မှည့်သည်အထိ ဖြစ်သည်။ ဤအဆင့်တွင် စပါးနှံသည် အောက်ခြေအဆစ်များ ရှည်လာသဖြင့်လည်းကောင်း၊ စပါးနှံကြီးထွားမှုအရလည်းကောင်း စပါးရွက်ဖုံးထဲမှအနှံသည် တဖြည်းဖြည်းအပေါ်သို့ တိုးထွက်လာပါသည်။ အနှံထွက်ချိန် အအေးမိပါက အချို့စပါးမျိုးများသည် အပင်ကြီးထွားမှုနှေးကွေးပြီး အနှံတစ်ခုလုံးမထွက်နိုင်ဘဲ တစ်လစ်ထွက်လျက် ရှိတတ်ပါသည်။ ဤအဆင့်တွင် အောက်ပါတိုးတက်မှုများ ဖြစ်ပေါ်ပါသည်။

(က) အနှံများထွက်ခြင်း (ခေါင်နှံ ပထမဆုံးထွက်ပြီး ဘေးသားတက်များမှ အနှံများဆက်၍ ထွက်ပါသည်)

(ခ) ပန်းများပွင့်ခြင်း (အနှံ၏ထိပ်ဆုံးမှ အနှံရင်းသို့ တဖြည်းဖြည်း ပန်းများပွင့်ပါသည်။ ၇ ရက်မှ ၁၀ ရက်ခန့် ကြာပါသည်။ ပန်းပွင့်ပြီး အဖိုဝတ်မှုန်နှင့် အမဝတ်ဆံတို့ ကူးယှက်ပါသည်။)

(ဂ) စပါးစေ့၏အခွံများအတွင်း ဖိုမကူးယှက်ပြီးနောက် သကြားရည်ကြည်များ စတင်တည်ပါသည်။ ထို့နောက် နို့ရည်အရောင်ပြောင်းပြီး နို့ရည်ခဲခြင်း၊ ဆန်သားကြည်ခြင်း(ရင့်မှည့်ခြင်း)တို့ ဖြစ်ပေါ်ပါသည်။

ဤအဆင့်သည် သက်တမ်း (၂၅)ရက်မှ (၃၀)ရက်အထိ ကြာပါသည်။

အနှံသန္ဓေတည်မည့်ရက် (သို့) မှို့ကပ်မည့်ရက်ကို ခန့်မှန်းတွက်ချက်ခြင်း

----------------------------------------------

စပါးမျိုးအားလုံးတွင် အနှံသန္ဓေကြီးထားမှုအဆင့် (၃၅)ရက်နှင့် သီးပွင့်ရင့်မှည့်မှုအဆင့် (၃၀)ရက်၊ နှစ်ခုပေါင်း (၆၅)ရက်သည် ကွဲပြားမှုမရှိဘဲ တူညီကြသဖြင့်…

သက်တမ်းစပါး

ကြဲခင်းတွင် စပါးစေ့အညှောက်ပေါက်သည်မှ စတင်ရေတွက်လျှင်..

မှို့ကပ်မည့်ရက်= စပါးမျိုး၏သက်ရက် - ၆၅ ရက်

ပျိုးထောင်စိုက်ခင်းတွင် ပြောင်းရွှေ့စိုက်သည့်ရက်မှ စတင်ရေတွက်လျှင်..

မှို့ကပ်မည့်ရက်= စပါးမျိုး၏သက်ရက် - ( ၆၅ ရက် + ပျိုးသက်ရက်)

ဒေသ/ရာသီစပါး

ရာသီစပါးမျိုးများမှာကား မည်သည့်အချိန်တွင် စိုက်ပျိုးသည်ဖြစ်စေ နေ့တာတို၊ ညတာရှည်သည့် ရာသီရောက်မှသာ မှို့ကပ်ကြမည်ဖြစ်ရာ စပါးပင်သက်ရက်(၁၅၀)ရက်ထက် မကျော်အောင်၊ မလျော့အောင် ချိန်ဆစိုက်ပျိုးတတ်ကြရန် အရေးကြီးပါသည်။ ယေဘူယျအားဖြင့် ရာသီစပါးမျိုးများသည် စက်တင်ဘာလကုန်နှင့် အောက်တိုဘာ(၁၅)ရက်အတွင်း မှို့ကပ်ကြပြီး နိုဝင်ဘာလ တတိယပတ်တွင် ပန်းပွင့်ကြမည်ဖြစ်ရာ ရှိသင့်သည့်သက်ရက်ထက် နည်းခြင်း၊ များခြင်းများကြောင့် အထွက်နှုန်းမလျော့ကျစေရန် ဇူလိုင်လ(၁၅)ရက်ထက် မစောအောင်၊ နောက်မကျအောင် ချိန်ဆပျိုးထောင်ကြရန်နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးကြရမည် ဖြစ်ပါသည်။ ။

Than Win Agri

Source -MAS(Pamphlet)

Photo : Google

ဓာတုဓာတ်မြေဩဇာနှင့်လူ့ကျန်းမာရေး---------------------------------------တလောက အော်ဂဲလ်နစ်စိုက်ပျိုးရေးပတ်သက်ပြီး သင်တန်းတ...
25/04/2024

ဓာတုဓာတ်မြေဩဇာနှင့်လူ့ကျန်းမာရေး
---------------------------------------
တလောက အော်ဂဲလ်နစ်စိုက်ပျိုးရေးပတ်သက်ပြီး သင်တန်းတစ်ခုကို တက်ရောက်ဖြစ်ခဲ့တော့ သင်တန်းဒုတိမြောက်နေ့မှာ ဓာတုမြေဩဇာအကြောင်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ့် Case Study Session လေးတစ်ခုပါပါတယ်။

အဲ့ Session မှာ ဓာတုမြေဩဇာတွေကိုစတင်အသုံးပြုခဲ့မှုတွေ၊ ကောင်းကျိုးဆိုးကျိုး၊ လွဲမှားစွာအသုံးပြုနေမှုတွေ၊ ပြင်ဆင်အသုံးပြုသင့်တာတွေအပြင် သဘာဝပတ်ဝန်းကျင်နှင့်

လူ့ကျန်းမာရေးအပေါ် Impact ဖြစ်စေတဲ့အရာတွေကို သင်တန်းသူ/သင်တန်းသားတွေက အဖွဲ့လိုက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တော်တော်များများကတော့ သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ လေ၊ မြေ စတဲ့အရာတွေအပေါ် သက်ရောက်မှုတွေ ကိုသာ အဓိကထားဆွေးနွေးကြသလို သင်တန်းသားဆရာတစ်ဦးကလည်း

ဓာတ်မြေဩဇာတွေဟာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတို့လိုမျိုး လူ့ကျန်းမာရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေမရှိဘူးလို့လည်း ဖြည့်စွက်ဆွေးနွေးသွားတာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း သေချာတာတခုကတော့ Chemical ဒြပ်ပေါင်းတွေနဲ့ပဲ ပေါင်းစပ်ထုတ်လုပ်ထားပြီး လွဲမှားစွာအသုံးပြုနေကြတဲ့ပုံစံတွေကြောင့် ဒီဓာတ်မြေဩဇာတွေဟာ လူ့ကျန်းမာရေးအပေါ် Impact ဖြစ်စေမှာတော့ အမှန်ပါပဲ။

ဒီနေ့မှာ Green Farm ကနေပြီးတော့ ဓာတ်မြေဩဇာအသုံးပြုခြင်းနှင့်ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေ၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးအပေါ် Impact ဖြစ်စေတာတွေအပြင် ဖြစ်ပွားစေနိုင်တဲ့ရောဂါတွေ အကြောင်းကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။




Chemical fertilizer (ဓာတုဓာတ်မြေဩဇာ) တွေဟာ စီးပွားဖြစ်သီးနှံတွေစိုက်ပျိုးကြတဲ့အခါ Cost-effective production ဖြစ်စေဖို့အတွက် ၁၉၃၀ ခုနှစ်လောက်ကနေစတင်အသုံးပြုခဲ့ကြတဲ့ လယ်ယာသွင်းအားစုတစ်မျိုးပဲ ဖြစ်ပါတယ်။

အကျိုးအာနိသင်ချက်ချင်းပြနိုင်မှု၊ အလွယ်တကူအသုံးပြုနိုင်မှု၊ အထွက်နှုန်းတိုးစေမှု၊ ဈေးသက်သာမှုတွေ စတဲ့လူကြိုက်များတဲ့အချက်တွေနဲ့အတူ Chemical Fertilizer တွေရဲ့အခန်းကဏ္ဌဟာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ များစွာတွင်ကျယ်လာခဲ့ပါတယ်။

သဘာဝမြေဩဇာပဲဖြစ်ဖြစ်၊ ဓာတုမြေဩဇာပဲဖြစ်ဖြစ် အသုံးပြုရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ မြေဆီမြေဩဇာတိုးလာစေဖို့၊ အပင်သန်ပြီး အထွက်နှုန်းကောင်းစေဖို့အတွက်ပဲ ဖြစ်ပါတယ်။

ယေဘုယျဆန်ဆန်တွေးကြည့်မယ်ဆိုရင်တော့ ဓာတ်မြေဩဇာတွေဟာ အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ပတ်သက်ပြီး တခြားသောမြေဩဇာအမျိုးအစားတွေနဲ့ယှဉ်ကြည့်လိုက်ရင် များစွာသာလွန်မှုရှိတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် ဒီအရာတွေက ရေတိုအတွက်ပဲ မှန်ကန်မှုရှိတယ်ဆိုတာကိုပါ ကျွန်တော်တို့သတိပြုမိဖို့လည်း လိုအပ်ပါတယ်။

လွဲမှားစွာ အလွန်အကျွံအသုံးပြုမှုတွေနှင့်အတူ ရေရှည်မှာဆိုရင်လည်း ဒီအရာတွေရဲ့ Impact ဟာ သဘာဝအရင်းအမြစ်တွေအပြင် လူနဲ့တခြားသောသက်ရှိတွေရဲ့ ရေရှည်တည်တံ့ရေးတွေအပေါ် ခြိမ်းခြောက်မှုတွေအထိပါ ဖြစ်လာခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရင်းအမြစ်တွေအပေါ်သက်ရောက်မှုပတ်သက်ပြီး ဆိုးရွားတဲ့အရာတခုကတော့ အသုံးပြုလိုက်တဲ့မြေဩဇာတွေရဲ့ဓာတ်ကြွင်းတွေဟာ မြေကြီးထဲသို့စိမ့်ဝင်ပြီးတော့ မြေအောက်ရေနှင့် တခြားသော ရေအရင်းအမြစ်တွေအပေါ် ညစ်ညမ်းမှုတွေဖြစ်စေတာပဲဖြစ်ပါတယ်။

NPK လို့ခေါ်တဲ့ အခြေခံမြေဩဇာတွေပမာဏ နည်းပါးနေတဲ့အခြေအနေမှာတော့ သိပ်ပြီးကိစ္စမရှိသေးဘူးဆိုပေမယ့်လည်း နှစ်ရှည်လများသုံးလို့ သဘာဝအရင်းအမြစ်တွေထဲမှာသူတို့ရဲ့ပါဝင်မှုများလာပြီဆိုရင်တော့ Negative Impact တွေများစွာဖြစ်လာမှာ အသေအချာပါပဲ။

ဘဘာဝအရင်းအမြစ်တွေညစ်ညမ်းလာလေလေ ဒီအရာတွေအပေါ်အမှီ ပြုနေထိုင်ကြတဲ့ သက်ရှိတွေရဲ့အသက်ရှင်ရပ်တည်ရေးကဏ္ဌတွေအပေါ် ခြိမ်းခြောက်မှုတွေများပြားလာလေပဲ ဖြစ်ပါတယ်။

နောက်ပြီး Nitrogen များစွာပါဝင်နေတဲ့ မြေဩဇာတွေဟာ Greenhouse Gases (GHG) ထွက်လွတ်မှုကို အားပေးတယ်ဆိုတာကို တော်တော်များများကသတိမထားမိကြတာပါပဲ။

နိုက်ထရိုဂျင်ဓာတ်ငွေ့ဟာဆိုရင်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်နည်းတူပဲ Greenhouse Effect (ဖန်လုံအိမ်ဓာတ်ငွေ့) ဖြစ်ပွားမှုကို အားပေးတဲ့ဓာတ်ငွေ့ တစ်ခုပဲဖြစ်ပါတယ်။

များသောအားဖြင့်တော့ Nitrogen ကိုလေထဲမှာ Nitrious Oxide (နိုက်ထရိတ်အောက်ဆိုဒ်) အနေဖြင့်သာတွေ့ကြရပြီး စက်မှုလုပ်ငန်းတွေနှင့်မော်တော်ယာဉ်တွေဟာ သူတို့ရဲ့အဓိက မူရင်းထွက်ရှိရာနေရာတွေပဲဖြစ်ပါတယ်။

တဖက်မှာလည်း နိုက်ထရိုဂျင်ဓာတ်များစွာပါဝင်နေတဲ့ မြေဩဇာတွေကို အပင်တွေလိုအပ်စားသုံးနိုင်တာထက် ပိုကျွေးမိရင်လည်း ဒီဓာတ်ငွေ့တွေကိုများပြားလာစေတာ အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပေါ်မှုကိုလည်း သက်ရောက်မှုရှိစေပါတယ်။

ဒါ့အပြင် နိုက်ထရိုဂျင်ပါဝင်နေတဲ့ ဓာတုမြေဩဇာတွေဟာ ရေရှည်နဲ့ပမာဏများများအသုံးပြုမယ်ဆိုပါက အပေါ်ယံမြေဆီလွှာတွေကို အချဉ်ပေါက်စေပြီး မြေအရည်အသွေးကိုကျဆင်းစေကာ သီးနှံတွေရဲ့အထွက်နှုန်းနှင့် အရည်အသွေးကိုလည်း ထိခိုက်မှုတွေဖြစ်လာစေပါတယ်။

နောက်ထပ်အရေးတကြီးစဉ်းစားရမယ့်အချက်ကတော့ မြေဆီမြေဩဇာတွေကိုအလွန်အကျွံအသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအစာတွေကိုစားသုံးနေကြရတဲ့လူတွေရဲ့ ကျန်းမာရေးနှင့် အသက်ရှင်ရပ်တည်ရေးပဲ ဖြစ်ပါတယ်။

Occupational Health and Safety ရဲ့ အဆိုအရ Chemical Fertilizer တွေကိုများစွာအသုံးပြုပြီး စိုက်ပျိုးထားတဲ့သီးနှံတွေရဲ့ အာဟာရဓာတ်ပါဝင်မှုဟာ အော်ဂဲလ်နစ်ပုံစံဖြင့် စိုက်ပျိုးထားတဲ့သီးနှံတွေထက်ပါဝင်မှုနည်းပါးတယ်ဆိုတာကို သိရပါတယ်။

လူ့ကျန်းမာရေးအတွက် လိုအပ်တဲ့ ကယ်လစီယမ်၊ ဇင့် နှင့် သံဓာတ်လိုမျိုး အနည်းလိုအာဟာရတွေရရှိမှုမှာလည်း နည်းပါးတယ်လို့သိရပါတယ်။

အဆိုးဆုံးကတော့ ဓာတုဓာတ်မြေဩတွေရဲ့ ဆိုးကျိုးတွေဟာ လူတွေရဲ့ကင်ဆာဖြစ်ပွားမှုကို ဆိုးဆိုးရွားရွားသက်ရောက်မှုရှိစေနိုင်တာအပြင် သန္ဓေသားကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုး ( Fetal Brain Development) ကိုလည်း ထိခိုက်မှုရှိစေပါတယ်။ ဒီတွေ့ရှိချက်တွေဟာ ခုမှဖြစ်တည်လာတာမျိုးမဟုတ်ပါဘူး။

၁၉၉၄ ခုနှစ်မှာ University of Wisconsin ရဲ့သုတေသနပြုချက်တခုအရဆိုရင် နိုက်ထရိတ်ပါဝင်မှုများတဲ့ မြေဩဇာတွေနှင့် ပိုးသတ်ဆေးတွေရဲ့အသုံးပြုမှုဟာ သဘာဝအရင်းအမြစ်တွေကိုညစ်ညမ်းမှုတွေ ဖြစ်စေနိုင်သလို လူတွေအပေါ်မှာလည်း အာရုံကြောနဲ့ဆိုင်တဲ့ရောဂါတွေ၊

ဟော်မုန်းတွေ အလုပ်လုပ်တာမမှန်ကန်တဲ့ Endocrine လိုမျိုးရောဂါတွေ၊ ခုခံအားကျဆင်းစေတဲ့ရောဂါတွေကို ဖြစ်စေနိုင်တာတွေပြင် ကလေးတွေရဲ့မှတ်ဉာဏ်ဖွံ့ဖြိုးရေးကိုလည်း များစွာထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

၁၉၇၃ နှင့် ၁၉၉၆ ခုနှစ်မှာလုပ်ခဲ့တဲ့ သုတေသနနှစ်ခုရဲ့တင်ပြချက်မှာလည်း Sodium Nitrate ပါဝင်မှုမြင့်မားနေတဲ့ ရေတွေကိုသာ အသုံးပြုချက်ပြုတ်စားသောက်ပါက ရေရှည်မှာ အစာအိမ်ကင်ဆာ (gastric cancer) နှင့်အမျိုးသားတွေမှာ ဝှေးစေ့ကင်ဆာတွေ (testicular cancer) ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

မွေးကင်းစကလေးတွေမှာဆိုရင်လည်း Blue Baby Syndrome လို့လူသိများတဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။

အကယ်၍ ဒီရောဂါဖြစ်လာပြီဆိုရင် ကလေးရဲ့အသားရောင်ဟာ ပြာနှမ်းနှမ်းအရောင်သို့ပြောင်းသွားပြီး အဆိုးဆုံးအနေနဲ့ဖြင့် Coma ဖြစ်နိုင်သလို သေဆုံးတဲ့အထိလည်းဖြစ်စေနိုင်တဲ့ ဆိုးရွားတဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့် ဓာတုဓာတ်မြေဩဇာတွေဟာ လူတွေအတွက်ကောင်းကွက်အချို့ကိုဖန်တီးနိုင်တယ်ဆိုပေမယ့်လည်း တခြားတဖက်မှာတော့ လူတွေကိုဒုက္ခဖြစ်စေတဲ့အရာတွေလည်းအများကြီးရှိနေသေးတယ်ဆိုတာကို ကျွန်တော်တို့ သတိပြုဖို့လိုအပ်ပါတယ်။

တာရှည်ခံမှုနဲ့အတူ မြေထဲရေထဲမှာကျန်ရှိနေခဲ့တဲ့ ဓာတ်ကြွင်းတွေရဲ့ အန္တရယ်ဟာ ကျွန်တော်တို့အတွက်ရော လာမယ့်မျိုးဆက်သစ်တွေအတွက်ပါ ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်တဲ့အတွက်ကြောင့်

ဓာတုမြေဩဇာတွေကို အတတ်နိုင်ဆုံးမသုံးဖို့၊ လျော့သုံးဖို့၊ စနစ်ကျကျအသုံးပြုတတ်ဖို့ စတဲ့အချက်တွေကို ကျွန်တော်တို့တွေ ထည့်သွင်းစဉ်းစားပြီး လိုက်နာလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။

 #ဆေးဖျန်းသော်လည်းပိုးတွေမသေတာ ဘာကြောင့်လဲ?!!!(၁) ကြိုတင်ကာကွယ်မှုမပြုလုပ်ခြင်းတောင်သူအများစုက မိမိစိုက်ခင်းထဲကို အသေးစိ...
20/04/2024

#ဆေးဖျန်းသော်လည်းပိုးတွေမသေတာ ဘာကြောင့်လဲ?!!!

(၁) ကြိုတင်ကာကွယ်မှုမပြုလုပ်ခြင်း

တောင်သူအများစုက မိမိစိုက်ခင်းထဲကို အသေးစိတ်
ကွင်းဆင်း စစ်ဆေးတဲ့အခါ ကန်သင်းပေါ်ကနေ
ကြည့်ပြီး အိမ်ပြန်သွားကြတာများပါတယ်။
အပင်လေးတွေ ကောင်းနေတာပဲ ဆေးဖျန်းစရာ
မလိုသေးပါဘူးလေ ... ပိုးကျမှပဲ ဖျန်းတော့မယ်။
ဒီလိုနဲ့ ပိုးများတဲ့အထိ ပိုးတွေဖျက်စီးပြီးတဲ့အထိ
ပိုးကောင်းတွေ ပေါများလာတဲ့အထိ စောင့်ကြပါ၏။
ပိုးမွှားရောဂါ စစ်ဆေးတဲ့အပိုင်းမှာ အနည်းအများနဲ့
တိုင်းတာကြပါတယ်။ နေ့ခင်းဘက်မှာဆိုရင် ..
ပိုးအများစုက ခိုအောင်းနေတတ်ကြပါတယ်။
လူသံကြားရင် ပျံခြင်း၊ ပုံးခြင်း၊ ကွယ်ခြင်းတို့
ပြုလုပ်ကြပါတယ်။ ပိုးကောင် အရေအတွက်
တစ်ပင် ၂ ကောင်အထက် တွေ့ပါက ဆေးဖျန်းဖို့
ပြင်ဆင်ရပါတော့မယ်။ အကောင်းဆုံးကတော့
အပင်သက်တမ်း ၁၅ ရက် ကျော်ပါက ကြိုတင်၍
ကာကွယ်ဆေးဖျန်းရန် လိုအပ်ပါသည်။

(၂) ဆေးပြင်းနဲ့အရင်မဖျင်း(ဖျန်း)ပါနှင့်!!

တောင်သူအများစုက ဆေးအေအိုင်တွေအကြောင်း
မလေ့လာကြပါ။ သိအောင်လည်း မကြိုးစားကြပါ။
သိတဲ့တောင်သူအချို့ကျပြန်တော့ သူအလွတ်ကျက်
အလွတ်ရထားတဲ့ ဆေးအေအိုင်နာမည် ရွတ်ပြပြီး
ဆေးလာဝယ်ကြပါတယ်။ ဘာပိုးကျနေတာလဲ?!!
မေးကြည့်မှ တစ်လွှဲကြီး ဖြစ်နေပါတော့တယ်။
တကယ်နားလည်တဲ့သူ အတွေ့အကြုံရှိတဲ့သူတွေလဲ
အများကြီး ရှိပါတယ်။
ဆေးပြင်းဆေးပျော့ဆိုတာ ပိုးဆေးမှိုဆေးတွေမှာ
ရှိပါတယ်။ ရောင်းတဲ့ဆိုင်အချို့ ဒါကို သိပါတယ်။
မသိတဲ့ဆိုင်တွေလည်း အများကြီးပါ။ ဥပမာ ...
ဆိုက်ပါမီသရင် / ဆေးပူဆေးပျော့
အေမီဒါကလိုပစ်/ဆေးမပျော့မပြင်း
သိုင်ရာမီသောက်ဇင်/ဆေးပြင်း ဒီသဘောပါ။
ဒါက တောင်သူတွေ နားလည်အောင် ပြောချင်တာပါ။
ဆေးပြင်းတွေ အကြိမ်ကြိမ်ဖျန်းပါများတော့...
ပိုးကောင်က ဆေးဒဏ် ခံနိုင်ရည် ရှိသွားပါတော့တယ်၊
ဆေးပြင်းကို အရင်မဖျင်းမိစေဖို့ အထူးသတိပြုပါ။

(၃) အနာနဲ့ဆေးတည့်အောင်ပေးပါ။

ကျနေတဲ့ပိုးက လှေးပိုး။ ဖျန်းတဲ့ဆေးက တစ်မျိုး။
စုပ်စားတဲ့ပိုးကောင်လား? ကိုက်ဖြတ်ဝါးစားတဲ့
ပိုးကောင်လား? မြေအောင်းပိုးလား? စသဖြင့်...
ခွဲခြားတတ်ဖို့ အဓိက လိုအပ်ပါတယ်။
ဆေးဝယ်တဲ့အခါ ဆိုင်ရှင်ကို သေချာမေးပါ။
ဆိုင်ရှင်နဲ့ သူ့ရဲ့ဝန်ထမ်းကို အရင်လေ့လာဖို့ အဓိက
လိုအပ်ပါတယ်။ အချို့ ဝန်ထမ်းက ဒါကောင်းတယ်
ဒီဆေးက အရမ်းရောင်းရတယ် လို့ ပြောတဲ့အခါ
စိတ်မပါသွားဖို့ လိုပါတယ်။ အကောင်းဆုံးနည်းက
ပညာရှင်နှင့်တိုင်ပင်ပြီး လိုတဲ့ဆေးကို သွားဝယ်တာ
ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ငမြှောင်တောင်ပိုးကို
စုပ်စားပိုးသတ်ဆေး ဖျန်းပါက ရေချိုးပေးသလိုမျိုး
ဖြစ်နေပါလိမ့်မယ်။ ပွင့်ထွေးပိုးသတ်ဆေးဆိုပြီး
ထိသေစားသေ ဆေးတစ်ခုခု ဖျန်းနေပါက ...
ငွေကုန်လူပန်းအချိန်ကုန်ပါလိမ့်မည်။

(၄) ကြားစကားများနားယောင်ခြင်း

"တောင်ပိုင်းက ဦးပျား သူ့စိုက်ခင်းကို ဟိုဆေး
ဖျန်းလိုက်တာ အပင်တွေက နေ့ချင်းညချင်းကြီး
တက်လာလိုက်တာ အံ့ဩစရာပဲဗျို့"
အဲသလို ကြားလိုက်တာနဲ့ ... ဟုတ်တာမဟုတ်တာ
အသာထား သူများထက် နောက်မကျအောင် ဝယ်ဖို့
ဘာဆေးလဲ သိချင် ဝယ်ချင်လာပါတော့သည်။
ဦးပျားက ဘာတွေ ဘယ်လိုရောဖျန်းသလဲ သူမသိ။
ဒီလို ကောင်းလာတဲ့အချက်က ဒီဆေးတစ်ခုတည်း
ဖျန်းလိုက်လို့ဆိုတာ ပုံသေကားချပ် ယူဆလို့မရပါ။
အခြားအကြောင်းတွေ အများကြီး ရှိနိုင်ပါတယ်။
မြေပြင်နည်း၊ မြေခံမြေဩဇာ၊ မျိုး ၊စိုက်နည်း နှင့်
စိုက်ပျိုးသက်/ရက် ဒါတွေကို ထည့်တွက်ရပါမယ်။
များသောအားဖြင့် တောင်သူအများစုက အဲသလို
မတွေးကြပါဘူး။ "သူ့ထက်ငါက သာနေရမယ်"
သူ့လို ငါလည်း လုပ်တတ်ပါတယ် ဆိုတာကို
လက်စွမ်းပြချင်ကြတာပါ။ သူတို့ အဲသလိုတွေ
#မခံချင်စိတ်ဖြစ်လာအောင် သွေးထိုးလှုံဆော်ကြတဲ့
အရောင်းသမားတွေရဲ့ကြားစကား သတိထားကြဖို့
အထူးလိုအပ်ပါသည်။

(၅) တစ်ရာသီစာဆေးကြိုဝယ်ထပ်တလဲလဲဖျန်းခြင်း

ရှေးခေတ် ဘိုးတော် ဘွားတော် တောင်သူကြီးတွေက
တစ်ရာသီစာအတွက် ပိုးသတ်ဆေး မှိုဆေးတွေကို
ကြိုဝယ်ထားလေ့ရှိပါတယ်။ #အရောင်းဆိုင်တွေက
ကျရောက်မယ့်ပိုးရောဂါကို #ကြိုသိသလိုလိုနဲ့
သူ့ဆိုင်က အရောင်းထိုင်းဆေးတွေနဲ့ ပရိုမိုးရှင်းဆေး
လေးငါးမျိုး တစ်ရာသီးစာ ယူယူမယူယူ ချပေးလေ့
ရှိကြပါတယ်။ တောင်သူကို ချုပ်ကွက်နည်းမျိုးစုံ
အသုံးချပြီး လုပ်စားကြတာတွေ အများကြီး တွေ့ရ
မြင်ရကြားရပါတယ်။ ဧက များတဲ့ တောင်သူကြီးတွေ
စီးပွားရေး ဖြစ်သင့်သလောက် မဖြစ်ကြတဲ့အဓိက
အချက်ထဲမှာ ဒီကိစ္စ အများကြီး ပါပါတယ် ။

အရောင်းဆိုင်က ဈေးနှုန်းမရေးပေးလိုက်တာကြောင့်
"တစ်ဗူး ဘယ်ဈေးလဲ" မမေးရဲကြပါ။ ပေးထားတဲ့
ပုဆိုး၊ စွပ်ကျယ် ၊ ထီး မျက်နှာက ရှိသေးတယ်လေ ။
ပြီးတော့ "သူ့မို့လို့ အကြွေးပေးတာ အခြားသူတွေ
ဒီလို မရဘူး " ဒီ ချုပ်ကွက်ထဲ ညှပ်နေတာကိုး။
အချို့ အကြွေးဈေး အမြင့်ကြီး ရေးပေးလိုက်ပါတယ်
ဘောင်ချာမှာ ဆယ်သိန်းကျော် (၅ဧကစာ) အတွက်။
မကုန်တဲ့ဆေး ပြန်ပေးလို့ ရတယ်ဆိုတဲ့ ချုပ်ကွက်။
ရာသီပြီးလို့ အကြွေးဆပ်တဲ့အခါ ဆယ်သိန်းထဲက
၂ သိန်းကျပ် မုန့်ဖိုး ပြန်ကန်တော့တာပါ ဆိုတဲ့ ...
ချုပ်ကွက်အကြီးကြီး အထဲမှာ ပိတ်မိမှန်း မသိ
အပျော်ကြီး ပျော်နေပြီး ပြုံးနေတဲ့မျက်နှာ ...
တကယ်တော့ မလုပ်သင့်တဲ့အရာတွေပါ။

နောက်တစ်ချက်က အားနာပြီး သူပေးထားတဲ့ဆေး
ထပ်တလဲလဲဖျန်း ၊ ပိုးကမသေ ၊ ဖုန်းလှမ်းဆက်သွယ်
ဆေးနာမည် နောက်တစ်မျိုး ဖျန်းပါဆိုလို့ ဖျန်းတယ်။
ပိုးကမရှင်း ဆေးနာမည်သာ ပြောင်းသွားတယ် ...
ဆေး အေအိုင်က ဒါကဒါပဲ ။ နောက်ဆုံး ပိုးတွေက
သက်တမ်းရင့်ပြီး လိပ်ပြာဘဝ ၊ ပိုးတုံးလုံးဘဝတွေ
အဆင့်ဆင့်သာ ပြောင်းသွားတယ် ။
တောင်သူဘဝတွေကတော့ အခုထိ မပြောင်းလဲသေး။
ဒါတွေ ရေးတာ စေတနာတွေ ဖြစ်ပါတယ် ။
အနာပေါ် တုတ်ကျမှနာ ဆိုသလို ဒီစာဖတ်ပြီး
စိတ်တိုဒေါသ ရှိပါက သင့်မှာ အနာရှိနေလို့ပါ😀။

မူရင်းရေးသားမျှဝေသူ
ဆရာ စိုးမိုး ဂျူလှိုင် Soe Moe July
စိုက်ပျိုးရေးဗဟုသုတနည်းပညာအား လေးစားစွာ Crd ပေးပါတယ်ဗျ

မြေမပျက်စီးဘဲ မြေဆီဩဇာ တက်စေရန်ကမ္ဘာတစ်ဝန်း ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲမှုတို့ကြောင့် နိုင်ငံများစွာတွင် ရေကြီးမှု၊ မိုးခေ...
07/04/2024

မြေမပျက်စီးဘဲ မြေဆီဩဇာ တက်စေရန်

ကမ္ဘာတစ်ဝန်း ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲမှုတို့ကြောင့် နိုင်ငံများစွာတွင် ရေကြီးမှု၊ မိုးခေါင်မှု၊ လေတိုက်မှု၊ မြေပြိုမှုတို့ ဖြစ်ပေါ်နေကြရသည်။ ရာသီဥတု ပုံမမှန်ဖြစ်ပေါ်မှု၏ ဆိုးကျိုးသည် စိုက်ပျိုးသည့် မြေကြီး (မြေဆီလွှာ) ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။ ဤတွင် ဓာတ်မြေဩဇာ အသုံးပြုမှုသည်လည်း များပြားလာသည်။

မြေမလပ် သီးနှံမျိုးစုံ ဆက်တိုက် စိုက်ပျိုးမှု၊ သီးနှံတစ်မျိုးတည်း ဆက်တိုက်မြေတစ်နေရာတည်းတွင်နှစ်ကြာရှည် စိုက်ပျိုးလာမှု၊ မြေကြီး ထိန်းသိမ်းမှုကိုမဆောင်ရွက်ကြခြင်း၊ သဘာဝမြေဩဇာအသုံးပြုမှု နည်းပါးခြင်းနှင့် ဓာတ်မြေဩဇာ စနစ်တကျ အသုံးမပြုခြင်းကြောင့်လည်း စိုက်ပျိုးမြေချို့ယွင်းလာသည်။ ပျက်စီးမှုကြုံလာရသည်။

စိုက်ပျိုးရေးသုံးဓာတ်ပစ္စည်းများကိုစနစ်တကျအကျိုးရှိအောင်ထည့်သွင်းအသုံးပြုတတ်ရန် လိုအပ်လာသည်။ မြေ၊ ရေ၊ သီးနှံနှင့်သင့်တော်သော မြေဩဇာနှုန်း ထားကို ထည့်နိုင်မှသာ အကျိုးခံစားကြရမည် ဖြစ်သည်။

စိုက်ပျိုးရေး ဓာတုဗေဒ ဆိုသည့် စိုက်ပျိုးရေးနှင့် နှီးနွယ် ဆက်စပ်သော ဘာသာရပ်သည် ယနေ့တွင် အရေးကြီးသော ဘာသာရပ် ဖြစ်လာသည်။ ထို့အတူ စိုက်ပျိုးရေး မိုးလေဝသဆိုသော ဘာသာရပ်မှာလည်း ရှေ့တန်းသို့ ရောက်လာခဲ့သည်။

ဤနှစ်ခုကို အလေးမထားဘဲ ခရီးဆက်ကြလျှင် စိုက်ပျိုးရေး၏ အခြေခံမြေယာ ချို့ယွင်း ပျက်စီးနိုင်သဖြင့် မြေဆီဩဇာ ကောင်းလာရန်၊ တိုးတက်လာရန် အလေးထားဆောင်ရွက်မှုကို ပြုလုပ်လာကြပြီ ဖြစ်သည်။

မြေကြီးကို ပြုပြင်ပေးနိုင်သည်မှာ သဘာဝ မြေဩဇာများ ဖြစ်သည်။ သီးနှံအထွက်ကို ပြုပြင်ပေးနိုင်သည်မှာ ဓာတ်မြေဩဇာဖြစ်သည်။ သီးနှံစိုက်ပျိုး၍ မြေမှလျော့နည်း သွားသောဓာတ်ကို ပြန်လည်ဖြည့်ပေးနိုင်သည်မှာ ဓာတ်မြေဩဇာဖြစ်သည်။

သီးနှံပင်များတွင် မြေမှရယူထားသော အာဟာရဓာတ်များ ပါရှိရာ တစ်ကြိမ်တစ်ခါ သီးနှံ စိုက်ပျိုးပြီးလျှင် မြေမှာရှိသော အာဟာရဓာတ်များ ယူသွားရာတွင် စပါးစိုက်လျှင် တစ်ဧကမှ ပေါင်ချိန် ထောင်ချီ၍ ယူသွားသည်။ တချို့ဆိုလျှင် သောင်းနှင့်ချီ၍ ယူသွားသည်။

ထို့ကြောင့်ရိတ်သိမ်းပြီး သီးနှံမှန်သမျှတွင် အပင်အကြွင်းအကျန်များ၌ မြေမှယူသွားသော ဓာတ်များ အကြွင်းအကျန်ရှိနေသဖြင့် ဤသည်တို့ကိုသဘာဝမြေဩဇာ ပြောင်းလဲပြီး မြေကောင်းအောင် မြေဩဇာပြန်လည်ဖြည့်ပေးနိုင်ရန် မစွန့်ပယ်ဘဲ အသုံးပြုသင့်သည်။

မြေဩဇာအသုံးပြုရာတွင် မိမိမြေတွင် မြေဆီမြေနှစ် မည်မျှရှိပါသနည်း၊ မည်သို့သော မြေဩဇာထည့်မည်နည်း၊ မည်သည့်အချိန်၌ မည်မျှပမာဏ ထည့်မည်နည်း၊ မိမိစိုက်ပျိုးသောသီးနှံသည် မည်သည့်ဓာတ်ကို များများစားသနည်း၊ နည်းနည်းပါးပါးစားသနည်း ဆိုသည်ကိုလည်း သိသင့်သည်။

သတ္တဝါမှန်သမျှ၏ စွန့်ပစ်ပစ္စည်းများ၊ မြို့ရွာဈေးများမှ ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်းများ၊ သီးနှံပင်စိုက်ခင်းများမှ ကြေပျက်လွယ်သော ပစ္စည်းများ၊ အလေအလွင့်များ၊ အပင်ဆွေးများ၊ အမှုန့်များ၊ အခွံများ၊ အကြီးမြန်၊ အရည်ရွှမ်း၊ အရွက်ပြားကြီးသော ဆွေးလွယ်သည့် အပင်များသည် နှစ်လနှင့် မြေဆွေးရနိုင်သည်။

ချက်ပြုတ်ထားသော ဟင်းလျာများနှင့် ခုတ်ထစ်ပြီး အသားစ၊ အရိုးများကို မသုံးသင့်။ ကတ်ထူပြား၊ စက္ကူ၊ ကောက်ရိုး၊ ရွေဘော်စာတို့သည် ကာဘွန်ဓာတ် ပါရှိ၍ သုံးသင့်သည်။

သီးနှံစိုက်ပျိုးရေးတွင် အပင်များသည် လေနှင့်ရေမှ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊နိုက်ထရိုဂျင်၊ ကာဘွန်ရရှိပြီး မြေမှ ဖော့စပရပ်၊ ပိုတက်စီယမ်၊ ကယ်စီယမ်၊ ဆာလဖာ၊ ကြေးနီ၊ သွပ်၊ ကလိုရင်း၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ဘိုရွန် (လက်ခြား)၊ မဂ္ဂနီးစ်၊ မိုလစ်ဒီနမ် စသည့်ဓာတ်များ ရရှိသဖြင့်၊ မြေမှရနိုင်သော ဓာတ်သည် နည်းပါးသော်လည်း အပင်အတွက်မဖြစ်မနေ လိုအပ်ချက် ရှိနေပါသည်။ ထို့ကြောင့် မြေသည် စိုက်ပျိုးရေးတွင် အခြေပြု၍ စိုက်ပျိုးထုတ်လုပ်နေကြရဦးမည်မှာ ဖြစ်ပါတော့သည်။

- ကိုရဲ (စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်

အလွယ်ကူဆုံး နောက်​ချး​မြေသြဇာ ပြုလုပ်နည်းဒီတစ်ပတ်မှာတော နွားချေး မြေဆွေး မြေသြဇာ ပြုလုပ်နည်း အများအပြား ရှိသည့်အနက် တောင...
03/04/2024

အလွယ်ကူဆုံး နောက်​ချး​မြေသြဇာ ပြုလုပ်နည်း

ဒီတစ်ပတ်မှာတော နွားချေး မြေဆွေး မြေသြဇာ ပြုလုပ်နည်း အများအပြား ရှိသည့်အနက် တောင်သူတိုင်းအလွယ်တကူ ပြုလုပ်နိုင်မည် နွားချေးမြေဆွေးပြုလုပ်နည်း အကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ။

နွားချေးမြေဆွေးပြုလုပ်ရာတွင် -

၁) နွားချေးနှင့် အခြားသော သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေးများကို ရေလောင်းရလွယ်ကူပြီး မွှေရလွယ်ကူစေသော အရွယ်အစား ပုံထားပါ။

၂) ပုံထားသော နွားချေးနှင့် အခြားအရာများမှာ ခြောက်နေပါက ရေလောင်းပြီး အပေါ်အောက်လှန်ပေးပါ။

၃) ရေလောင်းပြီးပါက ပလပ်စတစ် အမဲ ဖြင့် နှစ်ထပ်သုံးထပ် ဖုံးအုပ်ပေးပါ။

၄) နှစ်ပတ်ကြာလျှင် ပလပ်စတစ်အားပြန်ခွာပြီး ရေလောင်း၍ အပေါ်အောက်လှန်ကာ ပြန်ဖုံးပေးထားရမည်။ ထိုအချိန်တွင် အပူချိန်အရမ်း မြင့်နိုင် သောကြောင့် သေချာစနစ်တကျလုပ်ဆောင်ရမည်။

၅) နောက်ထပ် ၂ပတ်ကြာပါက စိုက်ခင်းအတွင်းအသုံးပြုနိုင်သော နွားချေးမြေဆွေးများကို ရရှိနိုင်မည်ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ တောင်သူကြီးများ အလွယ်တကူနှင့် လျှင်လျှင်မြန်မြန် တစ်နိုင်တစ်ပိုင်ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မျှဝေပေးခြင်းဖြစ်ပါသောကြောင့် လိုအပ်ချက်များ ရှိပါက နားလည်ပေးကြပါခင်ဗျာ။ နောက်အပတ်များမှာလည်း ယခုထက် ပိုကောင်းမွန်သော နည်းလမ်းများကို တင်ဆက်ပေးသွားမျာဖြစ်ပါတယ်ခင်ဗျာ။

မြန်မာ့သြဘာ မှ ကူးယူ၍ ပြန်လည် မျှဝေပါသည်။

credit

Agriculturalist KS

ပေါင်းသတ်ဆေးရဲ့ဆိုးကျိုးများ 🙅🙅ပေါင်းသတ်ဆေးအသုံးပြုခြင်းကြောင့် စိုက်ပျိုးမြေ၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိ ဂေဟစနစ်အတွက် ...
03/04/2024

ပေါင်းသတ်ဆေးရဲ့ဆိုးကျိုးများ 🙅🙅

ပေါင်းသတ်ဆေးအသုံးပြုခြင်းကြောင့် စိုက်ပျိုးမြေ၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိ ဂေဟစနစ်အတွက် မည်သို့မည်ပုံ မည်မျှ ဆိုးကျိုးများသက်ရောက်မှုရှိစေနိုင်သည်ကို မျှဝေပေးသွားမည်ဖြစ်ပါသည်။

လေ့လာဆန်းစစ်ချက်များအရ ပေါင်းသတ်ဆေးသုံးစွဲသည့် စိုက်ပျိုးမြေဧရိယာ၏

- ၆၃% မှာ အဏုဇီဝသက်ရှိတွေပါဝင်မှုလျှော့နည်းလာသည်
- ၈၂% ဟာ မြေညံံ့များဖြစ်လာသည်။
- ၈၀% ဟာ မြေအစိုဓါတ်ထိန်းနိုင်စွမ်းအားကျလာသည်။
- ၈၅% မှာ မြေဆွေးဓါတ်လို့ခေါ်တဲ့ Organic matter ပါဝင်မှု လျှော့နည်းလာသည်။
- လူ၊ တိရစ္ဆာန်နဲ့ ငါးတွေ အဆိပ်သင့်မှုက ၉၈% ရှိသည်
- မြစ်ချောင်းနဲ့ မြေအောက်ရေမှာ ပေါင်းသတ်ဆေး အဆိပ်သင့်ခြင်းက ၅၆% ရှိသည်
- သစ်ပင်၊ ခြုံပင်တွေ လျော့နည်းတာကြောင့် ငှက်တွေလျော့နည်းသွားတာက ၈၃ % ရှိသည်
- ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများတွင်အသုံးပြုသည့် ကလိုရိုဖီနော (Chlorophenols) သည် ကင်ဆာဖြစ်စေသည့် ပစ္စည်းများ၊ လူနှင့် အပင်များ၏ ဗီဇကိုပြောင်းလဲစေနိုင်သည့် ပစ္စည်းများအဖြစ် ကြေငြာခဲ့ပါသည်။ မြန်မာနိုင်ငံမှာ ပင်တာကလိုရိုဖီနော (Pentachlorophenol) ပိုးသတ်ဆေးသုံးစွဲခြင်းကို တားမြစ်ထားပါသည်။ သို့သော် ဆိုင်တော်တော်များများမှာ ဆက်လက်ရောင်းချနေသည်ကိုတွေ့ရပါသည်။လက်ရှိမြန်မာနိုင်ငံမှာ အဓိကသုံးနေသည့် Glyphosate ပေါင်းသတ်ဆေးနဲ့ တွဲသုံးသည့် ကပ်ဆေး polyethoxylated tallowamine ( POEA ) က glyphosate ကို အရွက်တွေပေါ်မှာ တွယ်ကပ်စေပြီး အရွက်ရဲ့ ဖယောင်းလွှာကို ဖေါက်ထွင်း ဝင်ရောက်နိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။ POEA သည် ကလေးအသေမွေးခြင်း၊ လမစေ့ဘဲကလေးမွေးခြင်း၊ သန္ဓေသားလောင်းရဲ့ ဖြစ်ထွန်းမှုပုံမမှန်ဖြစ်ခြင်း၊ မွေးလာတဲ့ကလေး ပေါင်မပြည့်ခြင်းများဖြစ်စေနိုင်သည်ကိုတွေ့ရှိခဲ့ကြပါသည်။ glyphosate ပေါင်းသတ်ဆေး ကို လယ်ယာကဏ္ဍမှာ သုံးနေကျနှုန်းထားထက် လျော့နည်းသုံးစွဲသည့်တိုင် လူတွေအတွက် အဆိပ်ဖြစ်စေနိုင်သည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် ပဲပုပ်၊ အယ်ဖါဖါ၊ ပြောင်ဖူး၊ မြက်ခင်းနဲ့ ဥယျဉ်ခြံပင်များတွင် ဓါတ်ကြွင်းအဖြစ်ကျန်ရှိနေသည့် glyphosate ဟာ လူ့အတွက် အဆိပ်သင့်စေပါသည်။ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ထို့အပြင် မုန်လာဥနီ၊ ဆလပ်ရွက်တွေမှာ သူ့ရဲ့ ဓါတ်ကြွင်းတွေ ဆက်လက်ပါရှိနေတာကိုလည်း တွေ့ရှိရပါသည်။ Atrazine ပေါင်းသတ်ဆေးသည် သူချည်းဆိုရင် အန္တရာယ်သိပ်မရှိသော်လည်း ကပ်ဆေး (inert material) နဲ့တွဲလိုက်သည့်အခါ လူတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ DNA ဗီဇပြောင်းလဲမှုများ ဖြစ်စေနိုင်သည်ကိုတွေ့ရပါသည်။ပေါင်းသတ်ဆေးသည် ဘာကြောင့် ဘေးအန္တရာယ် ရှိရသလဲဆိုလာပါက ပေါင်းသတ်ဆေးတွေဟာ မြေနဲ့ရေမှာ အကြာကြီးတည်ရှိနေနိုင်သောကြောင့်ဖြစ်ပါသည်။
🙏တောင်သူဉီးကြီများ ဘေးအန္တရာယ် ကင်းပြီးသက်ရှည်ကျန်းမာပါစေ

သီးနှံစိုက်ပျိုးဖြစ်ထွန်းမှု နည်းစေသော မြေအမျိုးအစား(၁၀)မျိုး💢💢💢💢💢💢တောင်သူကြီးတချို့ သူများစိုက်ပျိုးဖြစ်ထွန်းတာကို အားက...
01/04/2024

သီးနှံစိုက်ပျိုးဖြစ်ထွန်းမှု နည်းစေသော မြေအမျိုးအစား(၁၀)မျိုး
💢💢💢💢💢💢

တောင်သူကြီးတချို့ သူများစိုက်ပျိုးဖြစ်ထွန်းတာကို အားကျပြီး မိမိစိုက်ပျိုးမည့် သီးနှံမျိုးအစားနဲ့ မိမိစိုက်ပျိုးမြေက ဘယ်လိုအခြေနေရှိမှန်းမသိပဲ စိုက်ပျိုးမိရာမှ သိန်းရာချီ ဆုံးရှုံးသွားတဲ့ မိတ်ဆွေများလည်းကြုံတွေ့ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။
📌အဲလိုဖြစ်စေနိုင်တဲ့မြေအမျိုးအစားတွေက ဘာတွေဖြစ်မလဲ?

(၁) အလွန်အေးမြသောမြေ (၄၁ ဒီဂရီဖာရင်ဟိုက်အောက်)

(၂) ခြောက်သွေ့လွန်းသောမြေ

(၃) မတ်စောက်သောမြေ (Slope %30အထက်များသော)

(၄) ရေဝတ်တဲ့မြေ (၆ လနှင့်အ ထက် )

(၅) မြေစေးများလွန်းတဲ့မြေ ( မြေစေးပါဝင်မှု ၃၀ ရာခိုင်နှုန်း နှင့်အ ထက်)

(၆) သဲဆန်သောမြေ (သဲပါဝင်မှု ၆၅% အနှင်အထက်)

(၇) မြေဆီမြေဩဇာ ဆုတ်ယုတ်သောမြေ

(၈) ဆားဓါတ် များသောမြေ / ဆပ်ပြာပေါက်မြေ

(၉) အလွန်ချဉ်သောမြေ

(၁၀) Organic matter များတဲ့မြေ

တောင်သူကြီးများအနေနဲ့ ဒီမြေအမျိုးအစားများကို သတိပြုပြီး မှန်ကန်စွာရွေးချယ်စိုက်ပျိုးမယ်ဆိုရင် သီးနှံဖြစ်ထွန်းမှုကို
များစွာအထောက်ကူပြုပါလိမ့်မယ်။

ကိုယ့်ရဲ့စိုက်ပျိုးမြေကို စစ်ဆေးပြီး မြေပြုပြင်ခြင်းများ ဆောင်ရွက်ကြပါလို့ အကြံပေးချင်ပါတယ်

💚 တောင်သူကြီးများ သီးနှံအထွက်တိုးကြပါစေ💚

🙏🙏

နှမ်းရိုးမဲရောဂါ(Blackstem)နှမ်းရိုးမဲရောဂါ(Blackstem)၏သက်ရှိအမည်မှာ(Rhizoetonia bataticola)ဖြစ်သည်။မှိုရောဂါဖြစ်ပါသည်။ဤ...
25/03/2024

နှမ်းရိုးမဲရောဂါ(Blackstem)
နှမ်းရိုးမဲရောဂါ(Blackstem)၏သက်ရှိအမည်မှာ(Rhizoetonia bataticola)ဖြစ်သည်။မှိုရောဂါဖြစ်ပါသည်။ဤ ရောဂါသည်ရေ၀ပ်သောမိုးနှမ်းစိုက်ခင်းများတွင်အဖြစ်များလေ့ရှိပါသည်။ရောဂါဖြစ်စေသောမှိုသည် အပင်အကြွင်းအကျန်များ၊နှမ်းခင်းတွင်ပင်ကျန်များနှင့် မြေကြီးထဲတွင် ခိုအောင်းနေလေ့ရှိပါသည်။နှမ်းပြန်လည်စိုက်ပျိုးပါက မြေကြီးအစိုဓာတ်လွန်ကဲသည်နှင့် ကြုံရလျှင် ခိုအောင်းနေသောမှိုများသည်အပင်ပေါက်လာသောနှမ်းပင်များပေါ်သို့၀င်ရောက်တိုက်ခိုက်ဖျက်ဆီးပါသည်။ဤရောဂါသည် ရောဂါကျခဲ့သောစိုက်ခင်းမြေကိုဖြတ်၍ သယ်လာသော လယ်ယာသုံးကိရိယာများ၊စက်ပစည်း၊ကျွဲနွားခွာများ၊လူ၏ခြေထောက်များတွင်ကပ်ပါလာပြီး စိုက်ခင်းတစ်ခုမှတစ်ခုသို့ကူးစက်ပျံ့နှံစေပါသည်။
ဤရောဂါကျရာက်ပြီးဆိုပါကနှမ်းပင်၏ ခြေ၌အညိုရောင်အနာကွက်ငယ်စတင်ဖြစ်ပွားပါသည်။ ရောဂါပြင်းထန်လာပါက ရောဂါရအပိုင်းရှိတစ်သျှူးသားများ ညိုမည်းလာပြီး အချို့မှာအနာချိုင့်ဖြစ်လာသည်။အခေါက်များလည်း ဖွာလန်လာသည်။အဆိုပါတစ်သျှူးများပေါ်ါ်တွင် ခပ်မဲမဲအဖုကလေးများပေါ်လာသည်။ထိုအချိန်တွင် နှမ်းပင်ခြေရင်းပိုင်းတစ်ခုလုံးမှာ လုံး၀မဲနက်သွားပြီး အပင်ပေါ်ပိုင်းမှာအဝါရောင်ပြောင်းလာကာ ညှိုးစပြုလာသည်။ နောက်ဆုံးတွင်တစ်ပင်လုံးမဲခြောက်၍ သေသွားသည်။ရောဂါရသည့်နှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများကိုတွေ့ရသည်။ဤရောဂါသည် အပူချိန်(၃၅-၃၉)ဒီဂရီစင်တီဂရိတ်ရှိချိန်တွင် ရောဂါပြင်းထန်လေ့ရှိသည်။ ပူသောရာသီဥတုကိုရှောင်၍စိုက်ချိန်ကိုချိန်ဆစိုက်ပျိုးသင့်ပါသည်။
ဤရောဂါကိုကာကွယ်နှိမ်နင်းရန်မှာ-ရောဂါခံထားရသောအပင်အကြွင်းအကျန်များကိုစုစည်း၍မီးရှို့ပစ်ပါ။ရောဂါဖြစ်ထားသောစိုက်ခင်းအားနှမ်းသိမ်း ပြီးချိန်တွင် ထယ်ထိုးမြေလှန်၍၎င်းပေါ်သို့ကောက်ရိုး၊အမှိုက်၊သစ်ရွက်ခြောက်များသီးနှံအမှော်များဖြန့်ခင်း၍မီးရှို့့ ပြီးမြေသင်းသပ်ပါ။စိုက်ခင်းကိုရေလုံး၀မ၀ပ်စေရန် ကြိုတင်စီမံထားပါ။ပေါင်းလိုက်ရာတွင် နှမ်းပင်၏အခြေပိုင်းကို မထိခိုက်စေရန် ဂရြု့ပုဆောင်ရွက်ပါ။မျိုးမတူသောသီးနှံဖြင့်သီးလှည့်စိုက်ပါ။
Ref;
နည်းသစ်စွယ်စုံ(စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာ)ဂျာနယ်အတွဲ(၄)အမှတ်(၇)၊ ရွှေဆည်အောင် “အချိန်မီ ကာကွယ်နှိမ်နင်းပါ နှမ်းရောဂါ”

စပါးအထွက်တိုးဖို့ လိုက်နာရမည့် အချက်(၁၀) ချက်စပါးအထွက်တိုးနည်း ၁၀ ချက်လို့လည်း မှတ်သားခဲ့ဖူးပါတယ်။- ပထမအချက်က အထွက်ကောင်...
22/03/2024

စပါးအထွက်တိုးဖို့ လိုက်နာရမည့် အချက်(၁၀) ချက်

စပါးအထွက်တိုးနည်း ၁၀ ချက်လို့လည်း မှတ်သားခဲ့ဖူးပါတယ်။

- ပထမအချက်က အထွက်ကောင်းမျိုးကို သုံးပါလို့ပြောတယ်။ အထွက်ကောင်းမျိုးဆိုတဲ့အထဲမှာ မျိုးသန့်လည်း ပါတယ်။ မျိုးသန့်စပါးမှလည်း အထွက်ကောင်းမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆန်နီမျိုးကွဲမပါဖို့ လိုတယ်။ မျိုးမသန့်လို့ မျိုးကွဲပါရင် စပါးမထွက်ဘူး။ ဆန်လည်းမကောင်းဘူး။

- ဒုတိယအချက်က ညက်ညက်ထွန်ပါလို့ ပြောတယ်။ တမန်းညက်ရပါ့မယ်။ လယ်တမန်းကို ကျောက်ပြင်ပေါ်က သနပ်ခါးလို ညက်နေရမယ်လို့တောင် ဆိုပါတယ်။ ဒီခေတ်မှာ စက်တွေသုံးတဲ့အတွက် တစ်ဘီးထွန်နဲ့စက်တုံးဆွဲလိုက်ရင် ခေါက်ရေများလေ တမန်းညက်လေဘဲ။ ထယ်ခဲဖြစ်ဖြစ်၊ ထွန်ခဲဖြစ်ဖြစ် တစ်ဘီးထွန်မှာ စက်တုံးတပ်ပြီး မွှေလိုက်ရင် တမန်းညက်ပါတယ်။ ကျွဲ၊ နွားခိုင်းသလို အားမနာရဘူးပေါ့။

- တတိယအချက်က အတန်းလိုက်စိပ်စိပ်စိုက်ရပါ့မယ်။ ပင်ကြား၊ တန်းကြားညီပြီး ကောက်ကွက်မှန်ရမယ်။ ကောက်ကွက် ပြည့်ရမယ်လို့ ပြောပါတယ်။ “စပါးအထွက်တိုးရေးသည် ကောက်စိုက်သမတို့လက်ထဲမှာ ရှိသည်“ ဆိုပြီးတော့ဆိုခဲ့ကြဖူးပါတယ်။ အခုတော့ ရွာက ကောက်စိုက်သမတွေ စက်ရုံ၊ အလုပ်ရုံရောက်၊ ထိုင်းရောက်၊ စင်ကာပူရောက်နဲ့ ရွာတွေမှာဆို မရှိသလောက်ဖြစ်နေပြီ။ အခုကြဲခင်းတွေ လုပ်နေရတယ်။ ကောက်ကွက်ပျောက်နေပြီ။ ကြဲခင်းဆိုတော့ အပင်ကများတယ်။ မြေသြဇာ ပိုသုံးရတယ်။ ရေရှည်မှာ စပါးအထွက် စိုးရိမ်ရတယ်။

- စတုတ္ထအချက်က ပျိုးသက် ၂၅ မှ ၃၀ ရက်အတွင်း နုတ်ပြီးစိုက်ရမယ်။ အခု စိုက်ခင်းတွေ နည်းလာတယ်။ ပျိုးနုတ်သမား၊ ကောက်စိုက်သမားမရှိတော့ ကြဲခင်းဖြစ်လာနေတယ်။ ပျိုးသက်မှန်ပါမှ ပင်ပွားကောင်းပြီး စပါးအထွက်တိုးမယ်။

- ပဉ္စမအချက်က ဓာတ်မြေသြဇာ အချိုးကျသုံးရမယ်။ ဓာတ်မြေသြဇာကို၊ ပုလဲ (အပင်ဆား)၊တီစူပါ (အသီးဆား)၊ ပိုတက်ရှ် (ဓာတ်ပြာ) စသည်ဖြင့် အချိုးကျသုံးဖို့ လိုတယ်။ စာရေးသူတို့ခေတ်တုန်းကတော့ ပုလဲတစ်အိတ်၊ အသီးဆားအိတ်ဝက်၊ ပိုတက်ရှ် လေးပုံတစ်ပုံဆိုပြီး အသုံးများတယ်။ အခုတော့ သုံးမျိုးစပ်ဆိုတဲ့ (ကွန်ပေါင်း) ဓာတ်ဆားတွေ သုံးနေကြပြီ။ အိတ်တွေပေါ်မှာ ပါဝင်တဲ့အချိုးတွေ (၁၅း၁၀း၁၅) စသည်ဖြင့် ရေးထားတယ်။ တံဆိပ်ကလည်း မျိုးစုံတယ်။ အများအားဖြင့် ပြည်ပကသွင်းလာတာ များတယ်။ စာရေးထားတဲ့အတိုင်း အချိုးအဆ ပါ၊ မပါ လယ်သမားကတော့ မသိဘူး။ ကြဲနေကြရတာဘဲ။ လယ်သမားမှာက ဓာတ်ခွဲခန်း မရှိဘူးလေ။

- ဆဋ္ဌမအချက်က သဘာဝမြေသြဇာ မဖြစ်မနေ သုံးစွဲရမယ်လို့ ပြောတယ်။ သဘာဝမြေသြဇာဆိုတာက နွားချေး၊ ကောက်ရိုးဆွေး၊ သစ်ရွက်ဆွေးစသည်တို့ကို ဆိုလိုတယ်။ ကျွဲ၊ နွားဆိုတာလည်း အတော်ရှားသွားတော့ နွားချေး (နောက်ချေး)ဆိုတာ မရှိသလောက်ဘဲ။ ခြွေလှေ့စက်တွေနဲ့ရိတ်တော့ ကောက်ရိုးက လယ်ကွင်းထဲကျန်ခဲ့တယ်။ ကောက်ရုံးပုံ မရှိတော့ဘူး။ ကောက်ရိုး မရှိတော့ ကောက်ရိုးဆွေးရှားပြီ။ သစ်ရွက်ဆွေး၊ ဗေဒါဆွေး မြေသြဇာဆိုတာလည်း ပြောရတာကောင်းပေမယ့် လုပ်ရတာမလွယ်ဘူး။ နေရာတိုင်းမှာလည်း မရနိုင်ဘူး။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ ရွှေမေတ္တာ သဘာဝမြေသြဇာတွေ ထွက်ပေါ်ခဲ့ဖူးတယ်။

- သတ္တမအချက်က ပေါင်းလိုက် တမန်းနိုးရမယ်။ နှစ်ခုကိုတွဲလုပ်လို့ရတယ်။ စပါးကြဲခင်းထဲ မြက်ဝင်နုတ်ရင် စပါးပင်ပါ အရောင်ပြောင်းပြီး စိမ်းလာတယ်။ လူဝင်ရင် စပါးထတယ်လို့လယ်သမားကြီးတွေက ဆိုကြတယ်။ လူဝင်တာ တမန်းနိုးတာဘဲ။ လမ်းစဉ်ပါတီခေတ်မှာ လမ်းစဉ်လူငယ်တွေ လယ်ထဲဆင်းပြီး တမန်းနိုး ပေါင်းလိုက်လုပ်ခဲ့ဖူးတယ်။ တမန်းနိုးတာထက် စပါးပင်တွေ တက်နင်းတာများတော့ နောက်ပိုင်း လယ်သမားက လက်မခံတော့ဘူး။ စံပြစိုက်ခင်းတွေမှာတော့ တမန်းနိုး ကိရိယာတွေ သုံးတာတွေ့ဖူးတယ်။ လုပ်နိုင်ရင် အကျိုးရှိတယ်။

- ဆဋ္ဌမအချက်က ရေသွင်း၊ ရေထုတ်မှန်မှန်လုပ်ဖို့လိုတယ်။ စပါးကြဲခင်းဖြစ်ဖြစ်၊ စိုက်ခင်းဖြစ်ဖြစ်၊ ရေငြိမ်ရေသေဖြစ်နေရင်၊ ရေကြည်နေရင် မကောင်းဘူး။ စာရေးသူတို့ အရပ်မှာ ရေကြည်မြက်လို့ဆိုတဲ့ “သကံ”ထတယ်။ အဲ့ဒီ “သကံ”ပင်တွေက စပါးပင်ကို ညှပ်ထားရင် စပါးမပွားတော့ဘူး။ ဓာတ်ဆားကြဲလည်း မထိရောက်ဘူး။ ရေသွင်း၊ ရေထုတ်လုပ်ပေးနိုင်ရင် ရေရှင်၊ ရေသစ်ဖြစ်ပြီး စပါးပင်ထတယ်။ အပင်ပွားတယ်။ သကံလည်း မထဘူး။ ရေသွင်း၊ ရေထုတ် လုပ်တယ်ဆိုတာလည်း အချိန်တိုင်း၊ နေရာတိုင်းမှာ ဖြစ်ဖို့တော့မလွယ်ဘူး။ စာရေးသူ လယ်သမားဘဝတုန်းက မိုးများတဲ့ရက်၊ ရေထရက်ဆိုရင် လယ်ကထွက်ပေါက်တွေကို ဖွင့်ထားတယ်။ ရေဟောင်းထွက်ပြီး ရေသစ်ဝင်တယ်။ စာရေးသူလယ်တွေက ဒီရေတက်ရင်လည်း ဝင်တယ်။ ရေထရက်၊ မိုးပါးတဲ့ရက်မှ ကတွတ်ပေါက်တွေကို ပိတ်ထားတယ်။ ဓာတ်ဆားကြဲရင်လည်း ရေသေရက်၊ မိုးနည်းရက်တွေမှာ ကြဲတယ်။ ရေသွင်း၊ ရေထုတ် လုပ်နိုင်ရင် တကယ်အကျိုးရှိပါတယ်။ စာရေးသူတို့ဒေသ ရေကာတာအပြင်က လယ်တွေဆို ဒီရေအတက်၊ အကျနဲ့ စပါးကောင်းတယ်။ ဓာတ်ဆားမလိုဘူး။ နုန်းတင်မြေနုလည်း ဖြစ်တယ်။

- နဝမအချက်က ပိုးမွှားရောဂါ ကာကွယ်ပါလို့ ပြောတယ်။ လယ်သမား တစ်ဦးအနေနဲ့ မိမိရဲ့လယ်ကို ပျိုးကြဲသည်မှ စပါးရိတ်သည်အထိ စဉ်ဆက်မပြတ် ဂရုတစိုက်ကြည့်နေဖို့လိုတယ်။ စပါးပင်တွေ ထူးခြားလာရင် ပိုးကြောင့်ဖြစ်တာလား၊ ရောဂါကြောင့်ဖြစ်တာလားဆိုတာကို ခွဲခြားသိဖို့လိုတယ်။ မသေချာရင် ကျွမ်းကျင်သူတွေကို ပြရမယ်။ စပါးပင်ကိုနုတ်ပြီးယူသွားရမယ်။ ခွဲခြားသိရင် ထိထိရောက်ရောက် ကုသလို့ရတယ်။ ယခုခေတ်မှာ ပိုးသတ်ဆေးတွေ အသုံးများတယ်။ စနစ်တကျမသုံးတတ်ရင် အသီးအနှံတွေအတွက် အန္တရာယ်ရှိသလို ဓာတ်ကြွင်း အာနိသင်တွေကြောင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်တယ်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးက မဖြစ်မနေလိုအပ်မှ စနစ်တကျသုံးတာ အကောင်းဆုံးဖြစ်တယ်။

- နောက်ဆုံး ဒသမအချက်ကတော့ အလေအလွင့်နည်းအောင် ရိတ်ပါလို့ပြောတယ်။ အများအားဖြင့် မောင်းညိုချိန်ရိတ်ပါလို့ ပြောကြတယ်။ ရာသီဥတုဖောက်လို့ ပျက်စီးရတာ၊ စပါးရိတ်သားမရှိလို့ စပါးကျွမ်းရတာမျိုးတွေ ရှိတယ်။ စပါးရိတ်သားကလည်း ရှားလာတော့ အခုဆို ရိတ်ခြွေစက်ကြီးတွေ သုံးနေကြပြီဖြစ်တယ်။ အချိန်ကာလအတိအကျရဖို့တော့ ခဲယဉ်းနေသေးတယ်။ ရိတ်သိမ်းချိန် လေလွင့်ရင်လည်း စပါးအထွက်ကို ထိခိုက်တယ်။ ဒီအချက်ကိုလည်း တောင်သူတွေ အလေးထားဖို့လိုတယ်။ အလေအလွင့်မရှိအောင် ထိန်းသိမ်းဖို့လိုတယ်။

စာရေးသူ တင်ပြခဲ့တဲ့၊ စာရေးသူ လုပ်ကိုင်ခဲ့ဖူးတဲ့ စပါးအထွက်ထိုး နည်းစနစ် ၁၀ ချက်က မျက်မှောက်ကာလအထိ တချို့အချက်များကို လိုက်နာဆောင်ရွက်ရင် တောင်သူတွေ အမှန်တကယ်အကျိုးများမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တောင်သူတွေ မှတ်သားလွယ်တဲ့စကားတွေနဲ့ သိရှိမှတ်သားမိသမျှ မျှဝေတင်ပြလိုက်ရကြောင်းပါ

ဖိုးရာဇာ(မအူပင်-သုံးခွကျွန်း)
မြန်မာတောင်သူကြီးများ ဂျာနယ်

ကြက်သွန်စိုက်ပျိုးပြုစုနည်းကြက်သွန်နီသည် အပူအအေးသင့်တင့်သော ရာသီဥတု ကိုနှစ်သက်သည်။ သာမန်အားဖြင့် အပူချိန်သင့်တင့်ပြီး နေ...
20/03/2024

ကြက်သွန်စိုက်ပျိုးပြုစုနည်း
ကြက်သွန်နီသည် အပူအအေးသင့်တင့်သော ရာသီဥတု ကိုနှစ်သက်သည်။ သာမန်အားဖြင့် အပူချိန်သင့်တင့်ပြီး နေ့တာရှည်ပါက ဥတုဖြစ်ပေါ်မှုကို အားပေးသည်။ အပူချိန်သည် ပန်းခိုင်ထွက်ခြင်းကို စိုးမိုး၍ (၁၀-၆၀) စင်တီဂရိတ်တွင် နေ့တာ(၉)နာရီမှ (၁၂)နာရီရရှိပါက ပန်းပွင့်ပြီး အစေ့တည်စေသည်။
ပျိုးထောင်ခြင်း
ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၅)ဧကရှိရမည်။ မျိုးစေ့များကို ညီညာစွာ ကြဲပက်ပြီး လည်းစိုက်ကြသည်။ ပေါင်းလိုက် လွယ်ကူစေရန် အတန်းလိုက် စိုက်သင့်သည်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့် ပါးပါဖြူးပြီး သဲကြမ်းဖြင့် ပြန်လည်ဖုံးအုပ်ပေးပါ။ မျိုးစေ့အညှောင့်ပေါက် ညီညာစေရန် ကောက်ရိုးဖြင့် ပါးပါးဖုံးအုပ်ပေးရမည်။ ပျိုးသက်တစ်လခန့် ရှိလျှင်(၃×၁၈) ပေအရွယ်ပျိုးဘောင် တစ်ဘောင်လျှင် ယူရီးယား နို့ဆီဗူးတစ်ဝက်ကို ရေ(၈)ဂါလံတွင် ဖျော်၍လောင်းပေးပါ။
မျိုးရွေးချယ်ခြင်း
ရွေဖလား၊ ဘောင်စောက်၊ သပိတ်လုံး၊ မင်းတုံး ဥမွှာမျိုး နှင့်ကျော်မင်းမျိုး စသည့်ဒေသမျိုးများမှ ရွေးချယ်စိုက်ပျိုး နိုင်သည်။(၁)ဧကအတွက် (၁)ပြည်လျှင်အလေးချိန် (၇၈-၈၀) ကျပ်သားရှိသည့် မျိုးစေ့(၂-၄)ပြည်ခန့် သုံးသင့်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၀၇ခုနစ်မှစ၍ စပ်မျိုးကြက်သွန်နီများကို တင်သွင်းပြီး စိုက်ပျိုးလာကြသည်။ စပ်မျိုးများမှာ ပလက်တီနမ်၊ လူစီဖာ၊ဖလဲ နှင့်အိုးရီးယင့် တို့ဖြစ်သည်။
မြေပြုပြင်ခြင်း
ရွေ့စိုက်ပြီးချိန်မှ စ၍ကြီးထွားမှု နှေးသောသီးနှံဖြစ်သည့် အတွက် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ပေါင်းမြက် ကြိုတင်နှိမ်နှင်းရန် အတွက်ထယ်အကြိမ်ကြိမ် ထိုးရသည်။ ထယ်ရေးပြီးက ထွန်ရေးညက်အောင် ထွန်၍ကြမ်းရိုက်ပြီး ဘောင်စနစ်ဖြင့် လည်းကောင်း၊ ကန်သင်းဖော်၍ လည်းကောင်း စိုက်ပျိုးကြသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံဓါတ် မှာ(၆-၇)ဖြစ်ပါသည်။
စိုက်ပျိုးခြင်း
စိုက်ခင်းအား မြေပြုပြင်ပြီးပါက (၂)ပေအကျယ် ထယ်ကြောင်းဖော်ပြီး၊ ဘောင်ပြုလုပ်ပေးရပါသည်။ ထယ်ကြောင်းထဲတွင် ကျနေသော မြေစာများကို ကောက်၍ဘောင်တင် ပေးရသည်။ ကန်သင်းဖော်ပြီး စိုက်မည်ဆိုပါက (၉×၆)ပေ ကျင်းများဖွဲ့ရသည်။ ထိုစနစ်ကို ရေသွင်းစိုက်စနစ် ဖြစ်သည့်အတွက် ရေသွင်းမြောင်းများကို နှစ်ကျင်းကျော် တစ်မြောင်းဖောက်ပေးပါ။ ပင်ကြား၊တန်းကြား အကွာအဝေးမှာ (၃×၄)လက်မဖြစ်၍ တစ်ဧကလျှင် အပင်ဦးရေ (၂)သိန်းခွဲမှ (၃)သိန်းဝင်အောင် စိုက်ပျိုးရပါသည်။
မြေသြဇာထည့်သွင်းခြင်း
တစ်ဧကလျှင် ယူရီးယား(၂)အိတ်၊ တီစူပါ(၂)အိတ်၊ ပိုတက်ရှ်(၁)အိတ်နှင့် နွားချေး(၁၀-၁၅)တန် သုံးသင့်သည်။
အပင်ပြုစုခြင်းအပင်ပြုစုခြင်း
ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် လိုသည်။ ရေသွင်းချိန်ရောက်၊ မရောက်ကို ကြက်သွန်ပင် အခြေအနေကိုကြည့်၍ သိနိုင်သည်။ ကြက်သွန်ပင် ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ မြေအလွန် ခြောက်အောင်ထားပြီး ရေသွင်းက ကြက်သွန်ခွံ အက်ကွဲတတ်သည်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေသွင်ပေးရသည်။ ရာသီပူပြင်းပါက (၄-၅)ရက်ခြား တစ်ကြိမ်ရေပေးသွင်းရန်လိုသည်။ အရွက်များ စတင်ကျလာချိန်တွင် ရေပေးသွင်းခြင်းကို ရပ်လိုက်ရမည်။
မြေသားပေါ် မူတည်ပြီး ရေသွင်းချိန် (၅)ကြိမ်မှ (၈)ကြိမ်ထိရှိရပါမည်။ လှေးပိုး၊ပျပိုး၊ ခါးရိရောဂါ၊ တောက်တဲ့မြီးရောဂါတို့ ကျရောက်တတ်သည်။ အပင်စုပ်ပိုး ကျရောက်မှု အခြေအနေပေါ် မူတည်ပြီး ပင်လုံးပြန့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ် နှိမ်နှင်းပါ။ မှိုရောဂါကျရောက် နိုင်သည့်မိုးအုံ့ခြင်း၊ မိုးဖွဲဖွဲရွာခြင်း စသော ရာသီဥတု ဖောက်ပြန်မှုရှိပါက သင့်တော်သော မှိုသတ်ဆေးဖြင့် ကြိုတင်ကာကွယ်ပါ။
နှုတ်သိမ်းခြင်းနှင့် အထွက်နှုန်း
အမြိတ်စားအတွက် စိုက်ပါက ကြက်သွန်ဥ ငယ်စဉ်ခဲတံလုံးခန့် အရွယ်ရှိလျှင် လက်ဖြင့်ဆွဲနှုတ် ယူနိုင်သည်။ တစ်နည်းအားဖြင့် ကြက်သွန်မြိတ် (၁)ပိသာလျှင် အရွယ် (၃၅)ကျပ်သား၊ ဥအလေးချိန် (၆၅) ကျပ်သားရှိပါက ကြက်သွန်မြိတ် အဖြစ်နုတ်ရောင်းနိုင်ပါသည်။ ဥကြီးအတွက် ရိတ်သိမ်းပါက အရွက်၏ (၁၅-၂၅)ရာခိုင်နှုန်း ခြောက်လာလျှင် လက်ဖြင့်ဆွဲနုှတ် ရိတ်သိမ်းနိုင်သည်။ အရွက်များအားလုံး ခြောက်မှရိတ်သိမ်းက မြေကြပ်၍ လက်ဖြင့်နုတ်ယူရန် မလွယ်ကူချေ။ အမြစ်များသောကြောင့် ရောင်းပန်းလည်း မလှပေ။ ဥများကိုနုတ်ပြီးလျှင် ပြီးချင်းအရွက်ကို မဖြတ်ပဲတစ်ပါတ်ခန့် အရိပ်အောက်တွင် ထားပါ။ ထို့နောက်အရွက်ကို (၂)လက်မခန့် ချန်ဖြတ်ပြီး လေဝင်လေထွက် ကောင်းသောအရိပ် အောက်တွင်သိုလှောင်ပါ။ ပျမ်းမျှတစ်ဧကလျှင် (၈၀၀၀-၁၀၀၀၀) ထိထွက်နိုင်သည်။
မျိုးမရောရန် ထားရှိရမည့် အကွာအဝေး -FS -၁၀၀၀မီတာ (CS -၅၀၀မီတာ)
ကွင်းဆင်းစစ်ဆေးခြင်း အကြိမ်ရေ -၄ ကြိမ်မျိုးစေ့ စံချိန်စံညွန်းများ
အညှောင့်ပေါက်မှု ရာခိုင်နှုန်း -၇၀%
သန့်စင်မှု ရာခိုင်နှုန်း -၉၈%
Aunty Gyi Farming and Agricultural Products

#စိုက်ပျိုးသုတ
#ကြက်သွန်

Address

Myingyan

Website

Alerts

Be the first to know and let us send you an email when သဘာဝ အော်ဂဲနစ်ရွက်ဖျန်းအားဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share