25/07/2021
သုသာန်မှာအလောင်းတွေပုံနေလေရဲ့
ရှင်စဉ်အချိန်တုန်းက တယောက်နဲ့တယောက်
သိကြမှာမဟုတ်တဲ့သူတွေပေါ့
ခုလို ဘေးချင်းကပ်လျှက်
တယောက်ပေါ်တယောက်ထပ်လျှက်
နေရာယူနေကြရဲ့
ခရီးသွားဖို့မဟုတ္ဘူး
တခုခုဝယ်ဖို့မဟုတ်ဘူး
မီးသင်္ဂြုလ်စက်ထဲ ဝင်ဖို့မျှသာ
ရှင်စဉ်ကဆို ခုံချင်းကပ်တောင်
မထိုင်ချင်တဲ့သူတွေပါမယ်
ပုခုံးချင်းထိမိတောင် ဒေါသထွက်မယ့်သူတွေပါမယ်
ခုတော့ တယောက်ပေါ်တယောက်ထပ်လို့
ပြီးတော့ တယောက်နဲ့ တယောက်မသိတဲ့သူ
သုံးယောက်ဟာ မီးသင်္ဂြိုလ်စက်ထဲအတူဝင်ပြီး
မီးရှို့ခံကြလေရဲ့
အရိုးပြာတွေ ရောနှောကုန်ကြရော
ဒီလို အိပ်မက်တောင်မက်ဖူးမယ်မထင်
ရောဂါကူးမှာစိုးလို့
အိမ်ထဲတောင်အဝင်မခံနိုင်သူတွေခမျာ
ခုတော့ အိမ်ကနေသယ်ထုတ်ခံခဲ့ရပြီ
ကိုယ်စီးခဲ့တဲ့ကားကို အသက်မဲ့စွာစီးလို့
တစိမ်းတွေနဲ့စည်ကားနေတဲ့ သင်္ချိုင်းဆီ
ကိုယ့်အလှည့်ရောက်ဖို့ အလောင်းတွေထဲ
တန်းစီလို့ပေါ့
မသိရင် လေဆိပ် ကားဂိတ်က ပစ္စည်းတွေလို
ကိုယ်တိုင်လည်း ပစ္စည်းတခုဖြစ်နေရဲ့
ရှင်စဉ်က ကိုယ့်အိမ်ကိုယ်ယာနဲ့
မွေ့ရာ ကုတင်နဲ့ ဘယ်လောက်ခမ်းနားစွာနေခဲ့အုံး
ခုတော့ ခေါင်းဝယ်မရလို့ စောင်တွေပတ်လို့
ချစ်လို့ ဆင်ခဲ့ ဝတ်ခဲ့တဲ့ လက်ဝတ်ရတနာတွေတောင်
ကိုယ်နဲ့ပါမလာတော့ဘူး
အိမ်မှာ ချစ်ခင်သူတွေထားခဲ့ရပြီ
အဝတ်အစား ငွေကြေး
ဆေးဝါး အမှတ်ရစရာတွေ အကုန်
ထားခဲ့ရေလရဲ့
အလုအယက်ဝယ်လှောင်ထားတဲ့ စားစရာတွေတောင်
ကျန်ရစ်ခဲ့ရဲ့
မွေးနေ့ မင်္ဂလာဆောင် ရှင်ပြု
ဒင်နာ စသဖြင့် စည်ကားအောင်လုပ်နိုင်ခဲ့သမျှ
အခုတော့ နာရေးဟာ
တစိမ်း အလောင်းတွေကြားထဲ
ရောဂါပိုးမွှားတွေကြားထဲ
ခေတ်ဆိုးကြီးကြားထဲ
အနေကျပ်ခဲ့ရတဲ့အပြင်
အသေပါကျပ်ခဲ့ရပြီ
ဂုဏ်ဒြပ် ခံယူချက် မာန်မာန မတူသူတွေနဲ့အတူ
မီးရှို့ပြာချခံရတော့မယ်
သူ့အလှည့် ကိုယ့်အလှည်ရွေးချယ်လို့မရ
အခု အလောင်းဖြစ်နေရတဲ့သူလည်း
လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သူလိုကိုယ်လိုပဲ
သေမယ်ဘယ်ထင်ပါ့မလဲ
ဆေးဝါးတွေဝယ်ထားမှာပဲ
အစားအသောက်တွေဝယ်စုထားမှာပဲ
ဘဏ်မှာတန်းစီခဲ့မှာပါပဲ
ချမ်းသာ ဆင်းရဲ အရွယ်ကြီး အရွယ်ငယ်မရွေး
သေခြင်းတရားက မဲဖောက်သလို
တရစပ် ရွေးချယ်နေလေရဲ့
လူတိုင်း အသက် ၁၀၀ ထိနေရမယ့်ပုံလို
မသေတော့မယ့်လူလို နေထိုင်ခဲ့ကြရဲ့
လောဘတွေနဲ့ ဖြတ်သန်းခဲ့ရဲ့
အသိုက်အမြုံတစ်ခုကို ပင်ပန်းကြီးစွာ
ရှာဖွေတည်ဆောင်ခဲ့ကြရဲ့
အခုတော့....
သေခြင်းရဲ့အလွန်မှာ သူ ရှင်စဉ်ကဘယ်လို
စိတ်ထားနဲ့နေထိုင်ခဲ့သလဲဆိုတာကသာ
အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်
ဘာသာတရားခဏထား
( လူတစ်သန်းမှာတစ်ယောက်တောင်
တကယ်မလုပ်နိုင်ပါဘူး )
သူအကုန် ထားခဲ့ရသလို
အိမ်ကဘာမှ မထည့်ပေးလိုက်နိုင်တော့ဘူး
ငွေလွှဲပေးသလိုမျိုး delivery နဲ့ပို့သလိုမျိုး
ပို့လို့လဲမရ ဘာမွ လုပ္လို့ မရေတာ့ဘူး
သူနဲ့အတူပါသွားဖို့ သေချာတာကတော့
သူလုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုမျှသာ
ဒါကြောင့် ရှင်သန်စဉ်အချိန်ဟာ အရေးကြီးဆုံးလို့
ဆိုကြတာပေါ့
အကောင်းဆုံးမလုပ်နိုင်ခဲ့တောင်
မယုတ်မာမိခဲ့ဖို့ အရေးကြီးတယ်
ကိုယ့်နဲ့အတူ လိုက်မသေနိုင်ကြတဲ့
မိသားစု ဆွေမျိုး မိတ်ဆွေ ချစ်သူ တွေအတွက်
အကောင်းဆုံး အတတ်နိုင်ဆုံးကြိုးစားပေးတာ
ကောင်းပေမယ့်
အတ္တကြီးစွာ မောဟကြီးစွာ ရှာဖွေခဲ့ပေးတာကတော့
စဉ်းစားစရာ
ပြီးတော့ ကိုယ့်ကိုသူတို့ လာပစ်သွားကြတာပဲလေ
ကိုယ်လည်း သူတို့ကို ငိုရင်းပစ်ခဲ့ရမှာပဲ
ဒါ သဘာဝပဲကို.....
တွေးကြည့်လေ မတည်မြဲလေ
မက်စရာမရှိလေ သွေးပျက်စရာဖြစ်လေ
လောကကြီးက အဖြူတခြမ်း အမည်းတခြမ်း
အပြုံးတဝက် အငိုတဝက်
ချိုသလိုလိုနဲ့ အဆုံးသတ်ကျ အခါးသက်သက်
တကယ်ကို တရားကျစရာတွေ