12/02/2025
တပို့တွဲလပြည့် သြဝါဒပါတိမောက်အခါတော်နေ့
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြဝါဒပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြဝါဒပါတိမောက်အခါတော်နေ့အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။
တပို့တွဲလပြည့်နေ့၏ ထူးခြားချက်ကို သုံးသပ်ကြည့်ပါလျှင် အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့ ဖြစ်ခြင်း,
အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် ဧတဒဂ်ရသောနေ့ ဖြစ်ခြင်း, အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ဖြစ်ခြင်း, ဘုရားရှင်တိုင်း သြဝါဒပါတိမောက် ပြတော်မူသောနေ့ဖြစ်ခြင်း။ ဤထူးခြားချက်လေးမျိုးကို တွေ့ရှိရပါသည်။
အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို ``သြဝါဒ ဟု ခေါ်ပါသည်။ထိုသြဝါဒ မိန့်ကြားတော်မူခြင်းကို ``သြဝါဒပါတိမောက်ပြသည် ခေါ်ဆိုရပါသည်။
ပါတိမောက်သည် သြဝါဒပါတိမောက်, အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိပါသည်။သြဝါဒပါတိမောက်ကို မြတ်စွာဘုရားတို့သာ ပြတော်မူပါသည်။ တပည့်သံဃာများ ပြခွင့်မရှိပါ။ တပည့်သံဃာများသည် အာဏာပါတိမောက်ကိုသာ ပြခွင့်ရှိပါသည်။
သက်တော်ရှည်သော ဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြပါသည်။ သက်တမ်းတိုသော ဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို ဝါတော် (၂၀)အတွင်းမှာသာ ပြတော်မူကြပါသည်။လောဘ,ဒေါသ စသော စရိုက်များ ထူပြောချိန်တွင် သြဝါဒတည်ရန် ခဲယဉ်းသောကြောင့် ဝါတော် (၂၀)လွန်လျင် တပည့်သံဃာတို့အား အာဏာပါတိမောက်ကို ပြစေရပါသည်။
ဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း ဧဟိ ဘိက္ခု ရဟန်းချည်းသာဖြစ်ခြင်း ဆဠာဘိည ပဋိသမ္ဘိဒါပတ္တရဟန္တာချည်းသာဖြစ်ခြင်း မည်သူမျှ မပင့်ဖိတ်ပဲ စုဝေးမိခြင်း
ဤအင်္ဂါလေးချက်နှင့် ပြည့်စုံမှ ပြမြဲဖြစ်ပါသည်။
ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ကဿပညီနောင် ရှင်တစ်ထောင်, အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်နှင့် တပည့်(၂၅၀) စုစုပေါင်း ရဟန္တာ (၁၂၅၂)ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြဝါဒပါတိမောက်ကို ပြတော်မူပါသည်။
သြဝါဒပါတိမောက်ဂါထာသည် သီလ,သမာဓိ,ပညာကို ဟောကြားထား၍ ပိဋကသုံးပုံ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။သြဝါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်,နှုတ်,စိတ် ယဉ်ကျေးလိမ္မာပြီး အို,နာ,သေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ကြပါသည်။
ဘုရားရှင်နှင့်သြဝါဒပါတိမောက်
ဘုရားရှင်၏အဆုံးအမသြဝါဒနှင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ်များကို ပါတိမောက်ဟု ခေါ်ပါသည်။အဲဒီပါတိမောက်က သြဝါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။
သြဝါဒပါတိမောက်ကို မြတ်စွာဘုရားတို့သာ ပြခွင့်ရှိပြီး တပည့်သာဝကတို့ ပြခွင် မရှိပါဘူး။ ဘုရားရှင်တိုင်း သြဝါဒပါတိမောက်ကို ရွတ်မြဲပြမြဲဖြစ်ပါတယ်။ တစ်ဆူနှင့်တစ်ဆူ သြဝါဒပေးပုံကွဲပြားမှု ခြားနားမှုမရှိကြပါ။
ပြတော်မူတဲ့ အချိန်ကာလသာ ကွဲပြားပါတယ်။
ဥပမာ
(က) ဝိပဿီမြတ်စွာဘုရားသည် (၇)နှစ်လျှင်တစ်ကြိမ် သြဝါဒပါတိမောက်ကို ပြတော်မူပါတယ်။ တစ်ကြိမ်ပြရုံဖြင့် သြဝါဒ (၇) နှစ်ကြာ တည်တံ့ပါတယ်။
(ခ) သိခီမြတ်စွာဘုရားနှင့် ဝေဿဘူမြတ်စွာဘုရားတို့မှာ (၆) နှစ်လျှင်တစ်ကြိမ် သြဝါဒပါတိမောက်ကို ပြတော်မူပါတယ်။
တစ်ကြိမ်ပြရုံဖြင့် သြဝါဒ (၆) နှစ်ကြာ တည်တံ့ပါတယ်။
(ခ) ကကုသန်မြတ်စွာဘုရားနှင့် ကောဏာဂုံမြတ်စွာဘုရားတို့မှာ (၁) နှစ်လျှင် တစ်ကြိမ် သြဝါဒပါတိမောက်ကို ပြတော်မူပါတယ်။
တစ်ကြိမ်ပြရုံမျှဖြင့် သြဝါဒ (၁) နှစ် တည်တံ့ပါတယ်။
(ဂ) ကဿပမြတ်စွာဘုရားမှာ (၆) လလျှင်တစ်ကြိမ် သြဝါဒပါတိမောက်ကို ပြတော်မူပါတယ်။ တစ်ကြိမ်ပြရုံမျှဖြင့် သြဝါဒ (၁) နှစ် တည်တံ့ပါတယ်။
သက်တမ်းရှည်သောမြတ်စွာဘုရားတို့က သြဝါဒပါတိမောက်ကို သာသနာခေတ်ဆုံးအောင် ပြတော်မူကြပါတယ်။
သက်တမ်းတိုသော မြတ်စွာဘုရားတို့က ပထမဗောဓိခေါ်သော ဝါတော် (၂၀) အတွင်းမှာသာ သြဝါဒပါတိမောက်ကို ပြတော်မူလေ့ ရှိကြပါတယ်။
သိက္ခာပုဒ်တော်ပညတ်ချိန်မှ စ၍ သြဝါဒပါတိမောက်ကို ပြတော်မမူပဲ တပည့်သာဝကတို့အား အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါတယ်။
သြဝါဒပါတိမောက် ဂါထာတော်များ
ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ်ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
၁။ ခန္တီကျင့်ထုံး၊ အမြတ်ဆုံး၊ ရှေးထုံးလိုက်နာအပ်။
၂။ နိဗ္ဗာန်ဓာတ်သား၊ အမြတ်ထား၊ ဘုရားမိန့်တော်မှတ်။
၃။ ပဗ္ဗဇိတ၊ မှန်တုံက၊ လုံးဝ မညှဉ်းအပ်။
၄။ ညှဉ်းဆဲပါက၊ သမဏ၊ မုချ မခေါ်အပ်။
သဗဗှပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊
ဧတံ ဗုဒဓှါနသာသနံ။
၁။ အကုသိုလ်ရှောင်၊ ကုသိုလ်ဆောင်၊ ဖြူအောင်စိတ်ကိုထား။
၂။ ဘုရားတိုင်းသာ၊ ဟောမိန့်မှာ၊ သုံးဖြာ ဤစကား။
၃။ ဘုရားတပည့်၊ ထားသတိ၊ ပွားဘိ ဤတရား။
အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေ စ သံဝရော။
မတ်တညုတာ စ ဘတ်တသ်မိံ၊
ပန်ထဉ်စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊
ဧတံ ဗုဒဓှါနသာသနံ။
၁။ သူ့ကိုစွပ်စွဲ၊ မပြုပဲ နှုတ်လဲစောင့်နိုင်စေ။
၂။ သူ့ကိုညှဉ်းဆဲ၊ မသတ်ပဲ ကိုယ်လဲ စောင့်နိုင်စေ။
၃။ ပါတိမောက်ထုံ၊ ဣနြေ္ဒခြုံ၊ လုံအောင် စောင့်စည်းစေ။
၄။ စားသည့်အစာ၊ တိုင်းအတာ၊ မှန်စွာ သိပါစေ။
၅။ နေသည့်အခါ၊ ဆိတ်ငြိမ်ရာ၊ မှန်စွာ ရှိပါစေ။
၆။ အဓိစိတ္တ၊ အာယောဂ၊ လုံလရှိကြစေ။
၇။ ဗုဒ္ဓဆုံးမ၊ သြဝါဒ၊ လောက ကျင့်နိုင်စေ။