26/03/2022
သကြင်္န်တဲ့ 💦
ကျွန်မဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့တောင်ပြောလို့ရတဲ့ ကျွန်မသိပ်ချစ်တဲ့သကြင်္န် ..
ဇွန်လမှာမွေးတဲ့ကျွန်မ မေမေ့ကိုဂျစ်တိုက်ဖူးတာ ဘာလို့သမီးကို ဧပရယ်လမှာ မမွေးတာလဲလို့လေ ဟုတ်တယ် ကျွန်မက သကြင်္န်ကိုချစ်တာအပြင် သကြင်္န်နဲ့ပတ်သက်တဲ့ အငွေ့အသက်အားလုံးကိုချစ်တာ ဧပရယ် အတာ ငုဝါ တန်ခူးဆိုတဲ့နာမည်လေးတွေပေးထားတဲ့သူလေးတွေဆိုလည်း သိပ်သဘောကျတာပဲ ကျွန်မဘယ်လောက်ထိရူးလဲဆို ကျွန်မနာမည်မှာ သကြင်္န်နဲ့ပတ်သက်တာ ပါမနေတော့ ကျွန်မမွေးတဲ့ကလေးကျရင် ဧပရယ်လမှာရအောင်မွေးမယ်လို့တောင် ကြုံးဝါးခဲ့ဖူးတာပေါ့ အဟက် ရယ်တော့ရယ်ရသား
ကျွန်မသိတတ်စအရွယ်ကစလို့ ကျွန်မနှလုံးသားထဲဝင်ရောက်လာတဲ့သကြင်္န်ဟာ ကျွန်မရဲ့ ဂီတဝါသနာအတူတွဲရက်ပါလာခဲ့တာပါ သကြင်္န်မဏ္ဍပ်ပေါ်မှာ ဆိုနေရရင် ကခုန်နေရရင် ထမင်းမေ့ဟင်းမေ့ပါပဲ ဒါလည်းငယ်ငယ်တုန်းကသာရယ်ပါ တစ်ဖြည်းဖြည်းနဲ့အပျိုပေါက်အရွယ်ကိုရောက်လာတော့ ကခုန်သီဆိုဖို့ထက် ကားတစ်စင်းနဲ့လျှောက်လည်ရတာ ပိုကြိုက်လာတတ်တယ်
မတ်လအကုန်လောက်ရောက်လို့ သကြင်္န်သီချင်းသံတွေစကြားရပြီဆိုတာနဲ့ ကျွန်မစိတ်ထဲမရိုးမယွဖြစ်လာတော့တာပါပဲ သူငယ်ချင်းတွေနဲ့လူစုပြီးလျှောက်လည်ဖို့ ကားငှါး အဝတ်အစားနဲ့ ဆံပင်ပုံစံတွေစတင်ရွေးချယ်ပြီး သကြင်္န်မှာအလန်းဆုံးဖြစ်ဖို့ ကျွန်မတို့တွေ မမောနိုင်မပန်းနိုင် တိုင်ပင်ကြပါတယ် ကျွန်မအတွက်အမှတ်တရဖြစ်နေစေတဲ့သကြင်္န်ကတော့ ရန်ကုန်မှာဗုံးပေါက်တဲ့နှစ်ပါပဲ
ဖြစ်ချင်တော့ အဲ့ဒီနှစ်က သကြင်္န်ကိုရှေ့ရက်တွေတစ်ရက်မှအပြင်မထွက်ဘဲ နောက်ဆုံးရက်မှအပီကဲမယ်ဆိုပြီး ကားငှါးပြီး မနက်စောစောလူစုကြပါလေရော ဘယ်မှမသွားရသေးခင်လိုက်မယ့်လူတွေကို ကားတစ်စီးနဲ့ပတ်ခေါ် လမ်းမှာစားဖို့ ဒံပေါက်နဲ့ သောက်စရာဘာညာတွေ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လှည့်ဝယ်လုပ်ရင်း ကားပေါ်ပါလာတဲ့တစ်ယောက်က ကားမူးလို့ဆက်မလိုက်တော့ပါဘူးဆိုတာနဲ့ ရောက်တဲ့နေရာကနေ သူ့အိမ်ပြန်ပို့ အဲ့ဒီမှာတင် ၁၁နာရီခွဲ ကဲ မလည်ကြနဲ့တော့ နေပူပြီဆိုပြီး ကားပေါ်ပါလာတဲ့သူငယ်ချင်းတစ်ယောက်အိမ်နေ့လည်ခင်းတအောင့်ဝင်နား ၂နာရီလောက်ပြန်ထွက်ပြီး ကန်တော်ကြီးပတ်လမ်းဘက်သွားမဟဆိုပြီး သွားတုန်းရှိသေး ဖုန်းဝင်လာတယ် ကန်တော်ကြီးပတ်လမ်းဘက်က မဏ္ဍပ်တစ်ခုမှာ ဗုံးပေါက်လို့ အကုန်လုံးပြန်လာခဲ့ကြတဲ့ အေးရော
သကြင်္န်လို့ပြောလိုက်ရင်ကျွန်မအတွက် နောက်ထပ်ရယ်စရာအနေနဲ့မှတ်မိနေတာတစ်ခုက တစ်စုံတစ်ယောက်ကိုရေလောင်းရတာနဲ့ပတ်သက်ပါတယ်
မဏ္ဍပ်ပေါ်ကနေ ပိုက်နဲ့အောက်ကသွားနေတဲ့ကားတွေကို ရေပက်တာမျိုး အုန်းလက်မဏ္ဍပ်လေးထဲကနေ လမ်းသွားလမ်းလာတွေကို လက်ထဲကဖလားနဲ့ ရေလောင်းလိုက်ရတာမျိုးက ကျွန်မအတွက်မထူးဆန်းပေမယ့် ကျွန်မကြိတ်ပြီး Crushနေတဲ့ကောင်လေးကို မျက်နှာချင်းဆိုင်ပြီး ရေလောင်းရတာမျိုးကျတော့ ကျွန်မအတွက်ခက်ခဲနေသလိုပါပဲ
အဲ့ဒီတော့ ကျွန်မဘာလုပ်တယ်ထင်ပါသလဲ သူ့မျက်နှာကိုလည်းမော့မကြည့်ရဲခဲ့တော့ ကျွန်မမျက်လုံးနဲ့ တည့်တည့်ရှိနေတဲ့ သူ့ရဲ့ နှလုံးသားနေရာကိုစိုက်ကြည့်ရင်း ပခုံးပေါ်ကနေ ရေလောင်းချတဲ့အချိန် ကျွန်မနှုတ်ဖျားက တိုးတိုးရွတ်ဆိုမိတာက ဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မံသရဏံဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိတဲ့
ဟုတ်တယ်လေ ကျွန်မက မျက်နှာသစ်တဲ့အချိန် ရေချိုးခေါင်းလျှော်တဲ့အချိန်တိုင်း စိတ်ထဲကနေ သရဏဂုံသုံးပါးကိုရွတ်ဆိုနေလေ့ရှိတဲ့သူဆိုတော့ သူ့ကိုရေလောင်းနေတဲ့အချိန်မှာလည်း ဒါပဲသွားသတိရမိတာကိုး ကျွန်မအဖြစ်က ရယ်တော့ရယ်ရသားမဟုတ်လားရှင်
နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်လာလို့အသက်တွေကြီးသွားလည်း သကြင်္န်ဆိုတဲ့အသံကြားရုံနဲ့ ကျွန်မရဲ့ရင်ခုန်သံတွေလတ်ဆတ်ဆဲပါပဲ ဒါပေမယ့်အဲ့ဒီရင်ခုန်သံတွေက နည်းနည်းတော့ပြောင်းလဲသွားလဲသွားတယ်ရှင့် ဘယ်သူ့ကြောင့်လဲဟုတ်လား ကျွန်မရဲ့တစ်ဦးတည်းသော မာတာမိခင်ကြောင့်ပါပဲရှင် ထူးဆန်းသွားလား
ဆက်ရန်ရှိသေးသည် 💁♀️
LadyZun 🌻