13/06/2025
ဆမီးမြို့ တွင် ကလေးနှစ်ဦးမိခင် မုဒိမ်းကျင့် ခြေလက်ကြိုးတုတ်လျက် သတ်ဖြတ်ခံရ
===========
ဇွန်လ ၁၃ရက်၊ ၂၀၂၅ခုနှစ်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ အမှတ် ၃ရပ်ကွက် တွင် ကလေးနှစ်ဦးမိခင် မုဒိမ်းကျင့်ခံရပြီး ခြေလက်ကြိုးတုတ်လျက် သတ်ဖြတ်ခံရကြောင်း စုံစမ်းသိရှိရသည်။
မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် ကလေးနှစ်ဦးမိခင်သည် ဆမီးမြို့ အမှတ် ၃ ရပ်ကွက် ပီဝကျေးရွာ မှ အသက်၂၇ နှစ်အရွယ် ဒေါ်စန်းရီဖြစ်သည်။
ဒေါ်စန်းရီသည် ပြီးခဲ့သည့် မေလ ၂၃ရက်နေ့ တွင် သူမ၏အဒေါ်အိမ်သို့ အလည်သွားပြီး အပြန်လမ်းတွင် အမည်မသိလူတစ်စုက မုဒိမ်းကျင့် သတ်ဖြတ်ခြင်းခံရတာဖြစ်သည်။
ဒေါ်စန်းရီ၏ ရုပ်အလောင်းကို ရွာသားများ က လိုက်လံရှာဖွေစဉ် မေလ ၂၆ရက်နေ့ တွင် ခြေ၊ လက်ကို ကြိုးတုတ်လျက် ပီဝရွာနှင့် ကျီးဝရွာကြားတွင် ပြန်လည်တွေ့ရှိခဲ့သည်။ အေအေတပ်ဖွဲ့ဝင်များ က ဒေါ်စန်းရီ၏ ရုပ်အလောင်းကို စစ်ဆေးပြီး ချက်ချင်းမြေမြှုပ်ခိုင်းကြောင်း၊ ဓာတ်ပုံရိုက်ခွင့် မပေးထားကြောင်း နှင့် အပြင်သို့မပေါက်ကြားစေရန် ခြိမ်းခြောက်ထားကြောင်း ဒေသခံများ က ကီမိုမီဒီယာသို့ပြောကြားထားသည်။
အဆိုပါ ဒေါ်စန်းရီ၏ ရုပ်အလောင်းကို အေအေတပ်ဖွဲ့ဝင်များ က စစ်ဆေးပြီး သတင်းမပေါက်ကြားရန် ခြိမ်းခြောက်ထားသော်လည်း မုဒိမ်းကျင့်သတ်ဖြတ်မှု ကျူးလွန်ထားသည့် တရားခံကိုမူ အေအေ အနေဖြင့် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ဆမီးမြို့ အမှတ် ၃ရပ်ကွက် တွင် အေအေတပ်ဖွဲ့ဝင်များ က အင်အားအများအပြားဖြင့် စစ်စခန်းတည်ဆောက်ထားသည့် နေရာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါ နေရာတွင်ပင် စိတ်မမှန်သော အမျိုးသမီးတစ်ဦးကို ရခိုင်စကားပြောသည့် အမည်မသိလူတစ်စု မှ အုပ်စုဖွဲ့ မုဒမ်းကျင့်ပြီး သတိလစ်သည့်အထိ ရိုက်နှက်ဒဏ်ရာဖြင့် ချောင်းစပ်တစ်နေရာတွင် စွန့်ပစ်ထားခဲ့သည်။
၂၀၂၅ ခုနှစ် ဧပြီ ၅ ရက်နေ့တွင်လည်း စိမ်းစင်းကျေးရွာတွင် အသက် ၂၃ နှစ်အရွယ် နို့စို့ကလေးမိခင် အမျိုးသမီးတစ်ဦးကို အေအေတပ်ဖွဲ့ဝင်နှစ်ဦးက မုဒိမ်းကျင့်ပြီး ချောင်းတွင် ရေနစ်သတ်ရန်ကြိုးပမ်းခဲ့သည်။ စိမ်းစင်းကျေးရွာမှဖြစ်သော မုဒိမ်းမှုကို အေအေတပ်တော်မှ ကျပ်သိန်း ၁၀၀ ဖြင့် ကျေအေးပေးရန် လုပ်ဆောင်နေပါသည်။