21/02/2025
“ကျွန်မ ဒီအနုပညာလောကမှာ ကျင်လည်နေတာ ၄၅ နှစ်ကျော်ပြီ။ အခုမှ ဒါ ပထမဆုံးအကြိမ် ဆုတစ်ဆုရဖူးတာပဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ကျွန်မကို ထုတ်လုပ်သူတစ်ယောက်က ပြောခဲ့ဖူးတယ်။ ကျွန်မက “ပြောင်းဖူးပေါက်ပေါက်သရုပ်ဆောင်” တဲ့။ အဲ့တုန်းက ကျွန်မ သူ့စကားကြောင့် ဒီဆုတွေက ကျွန်မ ရယူခွင့်မရှိတဲ့အရာတွေလို့ ထင်ခဲ့ဖူးတယ်။ ပိုက်ဆံတွေအများကြီးဝင်တဲ့ ရုပ်ရှင်တွေတော့ ရိုက်နိုင်ပါရဲ့၊ အခုလိုတော့ အသိအမှတ်ပြုခံရမှာမဟုတ်ဘူးလို့ ကျွန်မ ထင်မှတ်ခဲ့တယ်၊ ယုံကြည်မိခဲ့တယ်။ အဲ့ဒီအတွေးက ကျွန်မကို တဖြေးဖြေး တိုက်စားလာခဲ့တာပေါ့။ လွန်ခဲ့တဲ့နှစ်တွေတုန်းကဆို ကျွန်မ အနုပညာသက်တမ်းကုန်သွားပြီလို့တောင် ထင်ခဲ့တယ်။ ကျွန်မ လုပ်ဖို့လိုအပ်တာတွေ လုပ်ပြီးသွားပြီပေါ့။ ဒီလို ကျွန်မဘဝရဲ့ နိမ့်ကျတဲ့နေရာတစ်ခုကို ရောက်နေတဲ့တစ်ချိန်မှာ ကျွန်မစားပွဲပေါ်ကို ပုံမှန်ထက်ထူးခြားပြီး ဘောင်အပြင်ကတွေးတဲ့၊ အံ့သြဖို့ကောင်းတဲ့ ဇာတ်ညွှန်းတစ်ပုဒ် ရောက်လာတယ်။ နာမည်က “The Substance” တဲ့။ စကြာဝဠာကြီးက ကျွန်မကို အချက်ပေးတယ်။ “မင်းသက်တမ်းမကုန်သေးဘူး” တဲ့။”
ဒါဟာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို လက်ခံရယူအပြီးမှာ Demi Moore ပြောခဲ့တဲ့ ဆုလက်ခံစကားပါ။ တခေတ်တခါက ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးနဲ့ သရုပ်ဆောင်ကြေးအကြီးဆုံး မင်းသမီးတစ်လက်ဖြစ်ခဲ့ဖူးသူဟာ ဟောလိဝုဒ်ဝိုင်းတော်သားတွေရဲ့ လက်ခုပ်သြဘာသံအောက်မှာ အသံတွေတုန်ရီအက်ကွဲနေခဲ့တယ်။ ဒီဆုကို သူရမယ်လို့ မှန်းထားဟန်လည်းမပေါ်ဘူး။ သူဟာ အသက် ၆၂ နှစ်ပြည့်ခဲ့ပြီးပြီ။ စဥ်းစားကြည့်ပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက ဟောလိဝုဒ်ကို ခြေချလာတဲ့ အမျိုးသမီးတစ်ယောက်၊ စတူဒီယိုတွေရဲ့ စီးပွားရေးမျက်လုံးအောက်မှာ ရောင်းအားကောင်းဖို့ အသုံးချတဲ့ မားကတ်တင်းမော်ဒယ်တစ်ယောက်သာသာ ပုံသွင်းခံခဲ့ရသူတစ်ယောက်၊ ပေတံတွေရဲ့ တိုင်းတာမှုအောက်မှာ ဇရာကို အံတုရင်း လက်လျှော့လုဆဲဆဲ လူသားတစ်ယောက်ဟာ အသက် ၆၂ နှစ်အရွယ်ရောက်မှ သူအိပ်မက်မက်ခဲ့ရတဲ့ စင်မြင့်ပေါ်ကို တက်ခွင့်ရခဲ့တယ်။ မြိုသိပ်ထားခဲ့တဲ့ အစိုင်အခဲတွေအားလုံးကို ဖွင့်ဟပြောဆိုခွင့်ရခဲ့တယ်။ သူ့ရဲ့ဆုလက်ခံစကားဟာ မကြာခင်ရောက်လာတော့မယ့် အော်စကာဆုပေးပွဲမှာ ဆုထပ်ရစေဖို့ လမ်းဖွင့်ပေးနိုင်တယ်လို့ သတင်းစာဆရာတွေက ထင်ကြေးပေးလာကြတဲ့အထိ Demi Moore ရဲ့စကားသံဟာ ဟောလိဝုဒ်မှာ ညံခဲ့တယ်။
Demi Moore တစ်ယောက် ဟောလိဝုဒ်မှာ စပြီးနာမည်ရလာတာ ၁၉၈၅ ခုနှစ်ကတည်းကပါ။ Ghost, Indecent Proposal, St******se ရုပ်ရှင်တို့ဟာ သူ့အနုပညာသက်တမ်းရဲ့ အအောင်မြင်ဆုံးအချိန်ကာလတစ်ခုဆီကို တွန်းပို့ပေးခဲ့တယ်။ ရုပ်ရှင်တစ်ကားရိုက်ရင် ဒေါ်လာ ၁၂.၅ သန်းအထိရခဲ့တယ်။ အဲ့ဒီအချိန်တုန်းကတော့ ဒါဟာ စံချိန်တင်သရုပ်ဆောင်ကြေးပဲ။ သူနဲ့ခေတ်ပြိုင် နာမည်ကြီးလာတဲ့ မင်းသား Bruce Willis နဲ့ လက်ထပ်ထိမ်းမြားလိုက်တာက Demi Moore နာမည်ကို ပိုလို့တောင် ထင်ရှားသွားစေခဲ့တယ်။ ဒါပေမယ့် ပရိသတ်တွေက သူ့ကို ရုံဝင်ငွေဘုရင်မတစ်ယောက်အနေနဲ့သာ မြင်ကြတယ်။ သူဟာ အော်စကာဆုပေးပွဲကို တက်ခွင့်ရတဲ့သူမျိုး မဟုတ်ခဲ့ဘူး။ သူဟာ Jodie Foster, Emma Thompson တို့မဟုတ်ခဲ့။ ပရိသတ်တွေကလည်း သူ့ကို ရုပ်ရှင်ဆုပေးရာသီတွေမှာ မမြင်ရလို့ ဆုရွေးချယ်ရေးကော်မတီတွေကို ဝေဖန်တာမျိုးမရှိ။ “Demi Moore ပါလို့ကို ကြည့်တာ” ပေါ့။ စတူဒီယိုအကြီးအကဲတွေနဲ့ ထုတ်လုပ်သူတွေကလည်း သူ့ကို ရုံဝင်ငွေအာမခံတဲ့ ဖြတ်လမ်းတစ်ခုအနေနဲ့ပဲ မြင်ခဲ့ကြတယ်။ Demi Moore ပါရင် ဆုရတာ၊ မရတာ အသာထား၊ ငွေမြတ်ဖို့တော့ အလွယ်လေးပဲ။ ကိုယ်ဝန်ဆောင်နေရင်းနဲ့တောင် Vanity Fair မဂ္ဂဇင်းအတွက် ဝတ်လစ်စလစ်ဓာတ်ပုံအရိုက်ခံပေးရတဲ့အထိ Demi Moore ဟာ အလှဗဟိုပြုအောင်မြင်တဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်ခဲ့တယ်။
ငယ်ရွယ်နုပျိုနေသေးချိန်၊ ခန္ဓာကိုယ်အလှအပကို လူအများသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ထိန်းသိမ်းထားနိုင်ချိန်မှာတော့ Demi Moore အတွက် ငွေမျက်လုံးအောက်က ထုတ်လုပ်သူတွေနဲ့ အလှကြည့်ချင်ရုံပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လွယ်ကူခဲ့ပေမယ့် ဘယ်အရာမှာ မမြဲတတ်တဲ့သဘောတရားအတိုင်း ဇရာက နောက်က လိုက်လာတဲ့အခါမှာ “ပြောင်းဖူးပေါက်ပေါက်မင်းသမီး ”ဆိုတဲ့ ကျောက်ဆောင်ကြီးဟာ ဒီရေတိုက်စားခံလာရတော့တယ်။ ၂၀၀၀ ခုနှစ်တွေမှာ Demi Moore တစ်ယောက် ကျရိပ်စပြလာခဲ့ပြီ။ ပုံမှန်ဆို ခေါင်းဆောင်မင်းသမီးတစ်နေရာ ပြေးမလွတ်တဲ့ Charlie’s Angels လိုရုပ်ရှင်မှာတောင် သူ့နောက်က တက်လာတဲ့ Lucy Liu, Drew Barrymore, Cameron Diaz တို့နဲ့ ရင်ဆိုင်ရတဲ့ ဗီလိန်အဖြစ်သာ ပါဝင်ခွင့်ရတော့တယ်။ ဒီလိုနဲ့ တဖြေးဖြေး ဇာတ်ပို့နေရာကိုရောက်လာရင်း၊ ကားတွေအရိုက်ကျဲလာရင်းနဲ့ Demi Moore ဟာ ဟောလိဝုဒ်မြင်ကွင်းကနေ မှေးမှိန်သွားပြီး မိသားစုကိုသာ အချိန်ပိုပေးဖြစ်လာတော့တယ်။ ကြားထဲမှာ ရံဖန်ရံခါ ဇာတ်ကားအချို့ရိုက်ရပေမယ့် ငွေကြေးအရလည်း မအောင်မြင်သလို ဆုပေးရာသီတွေမှာလည်း မျက်နှာပန်းမလှခဲ့ဘူး။ Toy Story ရုပ်ရှင်ထဲမှာ အရုပ်အသစ်တွေရောက်လာလို့ သေတ္တာထဲမှာ ချောင်ထိုးခံလိုက်ရတဲ့ အရုပ်အဟောင်းတွေကို မှတ်မိကြတယ်မလား။ Demi Moore ကလည်း ပရိသတ်တွေအမြင်မှာ ထိုနည်းလည်းကောင်းပဲ။ သူ့တုန်းကလို ပိန်တဲ့၊ လှတဲ့ တက်သစ်စမင်းသမီးတွ ထပ်ပေါ်လာတဲ့အခါ ပရိသတ်တွေက သူ့ကို ချောင်ထိုးသွားခဲ့ကြပြီ။
ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုမက ကြာသွားရင်း ၂၀၁၉ ခုနှစ်မှာ Demi Moore ရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်တစ်အုပ် ထွက်လာခဲ့တယ်။ Inside Out တဲ့။ ဒီစာအုပ်ထဲမှာ သူ့ကိုယ်သူမသိဘဲ တခြားလူတွေပုံသွင်းတဲ့ပုံစံခွက်တွေအောက်မှာ နေထိုင်ခဲ့မိတဲ့အကြောင်း၊ နှစ်ပေါင်းများစွာ လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်ခဲ့မိသလို အစားအသောက်လည်း အိုးနင်းခွက်နင်း မထိန်းမသိမ်းစားခဲ့မိကြောင်း ရေးထားတာတွေ့ရတယ်။ မနှစ်က အင်တာဗျူးတစ်ခုမှာလည်း Demi Moore ဟာ “တခြားလူတွေ ကိုယ့်အပေါ်အမြင်ကို ဗဟိုပြုပြီး ကိုယ့်ခန္ဓာကိုယ်ဘယ်လိုပုံစံရှိလဲ၊ ကြည့်ကောင်းသလားဆိုတာကိုပဲ ပုံအောတွေးတောခဲ့မိတယ်” လို့ ဖွင့်ဟခဲ့ဖူးတယ်။ ဒါဟာ Demi Moore တစ်ယောက် သူ့တန်ဖိုးသူနားလည်လာတာကို ပြတဲ့စကားသံတွေပဲ။ ဟောလိဝုဒ်ရဲ့ အရုပ်မလေးတစ်ရုပ်အဖြစ် ဆယ်စုနှစ်တစ်စုကျော် အသုံးတော်ခံပြီးနောက်မှာ သူ့တန်ဖိုးသူ သက်သေပြနိုင်ဖို့ အခွင့်အရေးဟာလည်း သူ့ရှေ့ကို ရောက်လာခဲ့တယ်။ ရုပ်ရှင်နာမည်က The Substance။ ရုပ်ရှင်အကြောင်းက Demi Moore ကြုံနေရတဲ့ဘဝကို ချရေးထားသလို။
The Substance ရုပ်ရှင်မှာ Elisabeth ဟာ ဇရာကို အံတုဖို့ကြိုးစားနေရတဲ့ တချိန်က နာမည်ကျော်သရုပ်ဆောင်ဖြစ်တယ်။ သူ့ရဲ့ အေရိုးဗစ်အစီအစဥ်က တဖြေးဖြေး ကြည့်ရှုသူနည်းလာတယ်။ စတူဒီယိုအကြီးအကဲ Harvey က သူ့နေရာမှာ သူ့ထက်ငယ်ရွယ်တဲ့သူကို အစားထိုးချင်တော့ Elisabeth ကို အသက်ကြီးပြီဆိုပြီး “အနားပေး” လိုက်တယ်။ ဒါကို လက်သင့်မခံနိုင်တဲ့ Elisabeth က “The Substance” လို့ခေါ်တဲ့ ထူးခြားဆေးရည်တစ်မျိုးကို အသုံးပြုပြီး အသက်ငယ်အောင်ကြိုးစားတယ်။ ငယ်ရွယ်နုပျိုပြီး လှပနေတဲ့ သူ့ရဲ့လူငယ်ဗားရှင်းကိုတော့ “Sue” လို့ နာမည်ပေးလိုက်တယ်။ အဲ့ဒီဆေးရည်က စည်းကမ်းတစ်ခုတော့ရှိလေရဲ့။ ဆေးတစ်ခါထိုးပြီးရင် တစ်ပတ်တာ အသက်ငယ်ခွင့်ရှိတယ်။ တစ်ပတ်ပြည့်ရင်တော့ အရင်ခန္ဓာကိုယ်ဆီကို ပြန််လာရမယ်။ Elisabeth အဖြစ် တစ်ပတ်၊ Sue အဖြစ် တစ်ပတ်။ စည်းကမ်းက ရိုးရှင်းဟန်ပေါ်တယ်ဟုတ်။ Elisabeth လို အသက်ကြီးတဲ့အချက်တစ်ခုတည်းကြောင့် တချိန်က ရွှေရည်စိမ်အိပ်မက်တွေကို စွန့်လွှတ်ထားရသူအတွက်တော့ ဒီလောက် ဘယ်ရိုးရှင်းပါ့မလဲ။ Sue အဖြစ်က ရတဲ့ အောင်မြင်မှုတွေ၊ လှပတင်းရင်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မက်မောလောက်စရာပဲကိုး။ Sue အနေနဲ့ တစ်ပတ်တာဟာ မြန်လွန်းသလို ခံစားရပေမယ့် Elisabeth အဖြစ် ပြန်ပြောင်းနေရတဲ့ ရက်သတ္တပတ်ကတော့ ရှည်လွန်းတယ်လို့ မြင်လာတယ်။ ဒီလိုနဲ့ Sue အဖြစ် တစ်ပတ်ထက်ပိုပြီး ရက်တိုးနေကြည့်လာတယ်။ တစ်ဖက်မှာ Elisabeth ခန္ဓာကိုယ်က ပိုပြီး အိုမင်းရင့်ရော်လာတယ်။ အိုမင်းလာလေ၊ Elisabeth ခန္ဓာကိုယ်ဆီ ပြန်မသွားချင်လေနဲ့ ရိုးရှင်းတယ်ထင်ရတဲ့ စည်းကမ်းကို အကြိမ်ကြိမ်ချိုးဖောက်လာတဲ့ Sue တစ်ဖြစ်လည်း Elisabeth ဟာ နောက်ဆုံးမှာ ဧရာမသတ္တဝါကြီးအဖြစ် ပြောင်းလဲသွားပြီး တချိန်က သူ့နာမည်ကို ထွင်းထုထားခဲ့တဲ့ ဟောလိဝုဒ်ကြယ်ပွင့်လျှောက်လမ်းပေါ်က ကြယ်ပွင့်ပေါ်မှာပဲ အရည်ပျော်ကျရင်း ပျောက်ကွယ်သွားခဲ့ရတယ်။
ဒီဇာတ်ကောင်ဟာ Demi Moore အတွက်တော့ သူ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တစ်ယောက်ဆိုတာထက် ပိုခဲ့တယ်။ သူ့ကိုယ်သူ မှန်ထဲမှာကြည့်ရင်း ပေါ်လာတဲ့ မနှစ်မြို့မှုအပြုအမူတွေဟာ Elisabeth ဇာတ်ကောင်ရဲ့ မနှစ်မြို့မှုတွေမှ ဟုတ်ပါရဲ့လားလို့ အထင်မှားမိစေတဲ့အထိပဲ။ တစ်ဖက်မှာလည်း Elisabeth ဇာတ်ကောင်ဟာ Demi Moore တစ်ယောက် သူ့ရဲ့ဖြစ်တည်မှုကို သူကိုယ်တိုင် လက်ခံလာကြောင်း ပြနေပြန်တယ်။ အလှစံနှုန်းတွေနဲ့ တိုင်းတာရင် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မရှိတော့တဲ့ ကိုယ်လုံးတီးဇာတ်ဝင်ခန်းတွေမှာ Demi Moore ဟာ ပုံမှန်ထက် ပိုရဲရင့်နေပါရော။ Demi Moore တစ်ယောက် ကြမ်းပြင်မှာ လူးလှိမ့်နေတဲ့ ကိုယ်လုံးတီးဇာတ်ဝင်ခန်းတွေကိုကြည့်ရင်း နာမည်ကျော် အချစ်ရုပ်ရှင်ဖြစ်တဲ့ Before ရုပ်ရှင် ၃ ကားမှာ ပါခဲ့တဲ့ မင်းသမီး Julie Delpy ပြောဖူးတဲ့စကားတစ်ခွန်းကို သွားသတိရမိတယ်။ Before ရုပ်ရှင်ကားတွဲရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Before Midnight မှာ Julie Delpy ဇာတ်ကောင် Celine ရဲ့ လိင်ဆက်ဆံခန်းတစ်ခန်းပါတယ်။ ဒီလိင်ဆက်ဆံခန်းက အသက် ၄၀ ကျော်အရွယ် စုံတွဲတစ်တွဲရဲ့ လိင်ဆက်ဆံခန်းပဲ။ အပြာကားတွေထဲကလို၊ လက်တွေ့နဲ့ အဝေးကြီးဖန်တီးထားတဲ့ ရုပ်ရှင်တွေထဲက စိတ်ကူးယဥ်ဆန်ဆန် ချစ်တင်းနှောခန်းတွေလို လှတပတနဲ့ ရင်သားတင်းတင်းရင်းရင်းတွေ မြင်ရတာတော့မဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး Julie Delpy က “ဒီဇာတ်ဝင်ခန်းက စိတ်ကူးယဥ်မဟုတ်ဘူး။ ကျွန်မရဲ့ အသက် ၄၀ ကျော်အရွယ် ရင်သားနှစ်ဖက်ကို လက်ခံနိုင်တဲ့လူတွေအတွက်ပဲ။ မခွဲစိတ်၊ မပြုပြင်ထားတဲ့၊ မျက်တောင်မွှေးတောင် မကော့ထားတဲ့ အသက် ၄၀ ကျော်အရွယ် လူစစ်စစ်တစ်ယောက်နဲ့ လိင်ဆက်ဆံတာကို ပြတာပဲ” လို့ပြောခဲ့ဖူးတယ်။ သူ့ရဲ့ဖြစ်တည်မှုနဲ့ ဇရာရဲ့ပြောင်းလဲမှုကို သူ့ကိုယ်သူလက်ခံကြောင်း ထင်ဟပ်ပြနေတဲ့ စကားတစ်ခွန်းပဲ။ အသက် ၆၀ ကျော်အရွယ် Demi Moore ဟာလည်း သူ့ခန္ဓာကိုယ်ကို ရဲရဲတင်းတင်းပြခဲ့တယ်။ တစ်ဖက်က မင်းသမီးငယ် Margaret Qualley ရဲ့ ရင်သားအတု၊ တင်အတုတွေထည့်သွင်းထားတဲ့ လူအများအမြင်မှာ ပြီးပြည့်စုံလုနီးပါးခန္ဓာကိုယ်နဲ့ ဘေးချင်းကပ် ယှဥ်ပြခဲ့တယ်။ ဒါဟာ Elisabeth ဇာတ်ကောင်အကြောင်း ပြောနေရုံမဟုတ်တော့ဘူး။ Demi Moore ဟာ တခြားလူတွေအမြင်အတိုင်း ရှင်သန်နေသူမဟုတ်တော့ကြောင်း၊ ကိုယ့်ဖြစ်တည်မှုကို ကိုယ်လက်ခံနိုင်ပြီဖြစ်ကြောင်း ပြနေတဲ့ဇာတ်ဝင်ခန်းဖြစ်လာခဲ့တယ်။
The Substance ဟာ Elisabeth လိုအမျိုးသမီးတွေကို ပြစ်တင်ရှုံ့ချတဲ့ ဇာတ်ကားမဟုတ်ခဲ့ဘူး။ ဒီအစား အမျိုးသမီးတွေဟာ လူ့ဘောင်က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ဝင်ဆံ့အောင် ဘယ်အတိုင်းအတာအထိ ကြိုးစားရုန်းကန်နေရသလဲဆိုတာကို ပြတယ်။ တခါတရံမှာ ဒီလိုဝင်ဆံ့နိုင်ဖို့ အတင်းကြိုးစားရင်း Elisabeth လို ကံကြမ္မာမျိုးနဲ့ ရင်ဆိုင်နေရကြောင်းကိုလည်း အသိပေးတယ်။ The Substance ကိုကြည့်ပြီး “Elisabeth တော့ ဒီလိုအဆုံးသတ်ရတာ နည်းတောင်နည်းသေးတယ်” လို့ ဘယ်သူမှ ပြောဝံ့မယ်မထင်။ Demi Moore ကို ကိုယ်တုံးလုံးကြီး မချွတ်ပြပါနဲ့လားလို့ ဘယ်သူမှ ရှုံ့ချရဲမှာမဟုတ်။ The Substance ရုပ်ရှင်ဟာ ဇရာကြောင့် ပစ်ပယ်ခံရတဲ့ အမျိုးသမီးတွေအတွက် Body Horror အခြေခံတဲ့ မသတီစရာ အကျိုးသက်ရောက်မှုတွေကို ပြနေပေမယ့် စတူဒီယိုအကြီးအကဲ Harvey ကိုသာ ပိုပြီး ရွံရှာမုန်းတီးကြလိမ့်မယ်။ ဘယ်လောက်ပဲ ကြမ်းတမ်းရက်စက်ပါစေ စင်မြင့်ထက်က မီးရောင်အောက်မှာ တောက်ပခွင့်ရဖို့ အမျိုးသမီးတွေဟာ ပိုးဖလံ မီးကိုတိုးသလို တိုးဝင်ရပုံတွေကို စာနာမိလိမ့်မယ်။ ဒါကိုက The Substance ရဲ့ အလှတရားတစ်ခုပဲ။ Demi Moore ရဲ့ ပိတ်ကားပေါ်က လွန်ကြူးတဲ့လုပ်ရပ်တွေဟာ သူ့အပေါ် ရွံရှာစက်ဆုပ်စေမယ့်အစား သူ့ကို ဒီအခြေအနေရောက်အောင် တွန်းပို့ကြတဲ့ လူတွေအပေါ် ဒေါသအချောင်းချောင်းထွက်စေခဲ့တယ်။ တခါတရံမှာ ကျွန်တော်တို့ဟာ Elisabeth ကိုကြည့်နေတာလား၊ Demi Moore ရဲ့ ဘဝဖြစ်စဥ်ကို ကြည့်နေရသလားလို့တောင် ထင်မိကြလိမ့်မယ်။
Demi Moore ဟာ အခုတော့ တစ်ချိန်က သူ့အောင်မြေဆီ ပြန်ရောက်လာခဲ့ပြီ။ ဒီတစ်ကြိမ်မှာတော့ သူ့နာမည်မှာ ကပ်တဲ့ သတင်းစာခေါင်းစီးတွေဟာ “ရုံဝင်ငွေဘုရင်မ”၊ “အလှအပဂေး”၊ “ပြီးပြည့်စုံသူ” ဆိုတဲ့ နာမ်တွေမဟုတ်တော့ဘူး။ ဒီအစား သရုပ်ဆောင်တစ်ယောက်ရဲ့ အနုပညာသက်တမ်းမှာ နားဝင်အချိုဆုံးနဲ့ အထိုက်တန်ဆုံးစကားလုံးဖြစ်တဲ့ “သရုပ်ဆောင်စွမ်းရည်” အကြောင်း ခေါင်းစီးစာသားတွေ နေရာယူလာကြပြီ။ သူ့ဘဝမှာ ပထမဆုံးအကြိမ် အနုပညာဆုရှင်တစ်ယောက်လည်း ဖြစ်လာခဲ့ပါပြီ။ ရွှေကမ္ဘာလုံးဆုကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း Demi Moore က သူ့ရဲ့ဆုလက်ခံစကားကို ဒီလိုအဆုံးသတ်ခဲ့တယ်။
“ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် မျှော်မှန်းထားသလောက် စမတ်မဖြစ်ဘူး၊ မလှဘူး၊ မပိန်ဘူး၊ မအောင်မြင်ဘူး၊ ကုန်ကုန်ပြောရရင် ကိုယ့်ကိုယ့်ကိုယ် မလုံလောက်ဘူးလို့ ထင်ကြတဲ့အခိုက်အတန့်တွေမှာ ဒီရုပ်ရှင်ထဲက အမျိုးသမီးက ကျွန်မကိုပြောတယ်။ လူဆိုတာ ဘယ်တော့မှ တင်းတိမ်မှာမဟုတ်ဘူး။ ဒါတွေကို တိုင်းတာနေတဲ့ ပေတံကိုသာ ပစ်ချထားလိုက်။ ကိုယ့်တန််ဖိုးကိုယ်သိလာလိမ့်မယ်တဲ့။”
Demi Moore တစ်ယောက် Elisabeth လို သူ့ကျောရိုးထဲကနေ Sue တစ်ယောက် ထွက်လာပါစေလို့ ဆုတောင်းပါ့ဦးမလား။ Sue လို ပျိုမြစ်တဲ့အလှ၊ တင်းရင်းတဲ့ ရင်နဲ့ တင်တွေကို မက်မောပါ့ဦးမလား။ “ဆယ်လီ” ဂုဏ်ပုဒ်ကို ဆုံးရှုံးလိုက်ရတာနဲ့ ကိုယ့်ရဲ့တန်ဖိုးမရှိတော့သလို ခံစားရပါ့ဦးမလား။ Monstro Elisasue အနေနဲ့ စင်ပေါ်တက်လာလို့ ပရိသတ်တွေက ရွံမုန်း အော့အန်နေကြရင်တောင် သူ မှုပါဦးတော့မလား။ The Substance ရုပ်ရှင်ဟာ စင်စစ် Demi Moore ရဲ့ အတ္ထုပတ္တိတစ်ပုဒ်ပဲ။ Demi Moore ဟာ Elisabeth နည်းတူ ငယ်ရွယ်ပျိုမြစ်မှုနဲ့ အလှအပကို ရူးသွပ်တဲ့ ရုပ်ရှင်လောကထဲမှာ နိမ့်ချည်၊ မြင့်ချည် ဖြတ်သန်းခဲ့ပြီးပြီ။ Elisabeth လိုပဲ ပျောက်ကွယ်သွားဖို့လည်း ငြင်းဆန်ခဲ့ပြီးပြီ။ Demi Moore ဆိုတာ ဘယ်သူလဲ။ တချိန်က သရုပ်ဆောင်ကြေးအမြင့်ဆုံး ပြောင်းဖူးပေါက်ပေါက်မင်းသမီးတစ်ယောက်လား။ ကိုယ်ဝန်ဆောင်ရင်းနဲ့တောင် ဝတ်လစ်စလစ် ဓာတ်ပုံရိုက်ခဲ့တဲ့အထိ လှပခဲ့တဲ့ အမျိုးသမီးတစ်ယောက်လား။ ဇရာကို မလွန်ဆန်နိုင်လို့ ချောင်ထိုးခံလိုက်ရတဲ့ အရုပ်မလေးတစ်ရုပ်လား။ ဟင့်အင်း မဟုတ်ပါဘူး။ Demi Moore ဟာ Demi Moore ပါပဲ။ ဒီစကားကို သူကိုယ်တိုင် စင်မြင့်ပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာပြောနိုင်ဖို့ ၄၅ နှစ်တိုင်တိုင် စောင့်ခဲ့ရတယ်။ ဒါပေမယ့် Demi Moore စောင့်ခဲ့ရကျိုးနပ်ပါတယ်။ နောက် ၂ ပတ်ကြာရင် ကျင်းပတော့မယ့် အော်စကာဆုပေးပွဲမှာရော Demi Moore တစ်ယောက် နောက်ဆုံးပိတ် အိတ်နဲ့လွယ်လေဦးမလား။ ဒါက သူ့အတွက် အရေးမကြီးလှတော့ပါဘူး။ ဘာကြောင့်လဲဆိုတာ Demi Moore ဟာ တချိန်က သူ့အပေါ် လူတွေ ဝိုင်းကပ်ခဲ့တဲ့ တံဆိပ်တွေထက် ပိုတယ်ဆိုတာ သက်သေပြခဲ့ပြီးပြီမို့လို့ပါ။