01/07/2025
ရေငန်ပုလဲ နဲ့ ရေချိုပုလဲ ဘာကွာခြားလဲ?
(ပုလဲတို့အကြောင်း ၇ by Nature's Gems)
ရေငန်ပုလဲနှင့် ရေချိုပုလဲသည် ပုလဲမျိုးကွဲ နှစ်မျိုးဖြစ်ပြီး ၎င်းတို့ ပေါက်ဖွားရာအရပ်ကို အခြေခံ၍ အမျိုးအစားခွဲထားသည်။ ခေတ်မီနည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဤနှစ်ခုကြား ခြားနားချက်ကို တဖြည်းဖြည်း ကျဉ်းမြောင်းသွားစေ သော်လည်း အစဉ်အလာအားဖြင့် ရေငန်နှင့် ရေချိုပုလဲများသည် အရောင်၊ အသွင်အပြင်၊ ဈေးနှုန်းနှင့် တာရှည်ခံမှုဆိုင်ရာ ကွဲပြားသော လက္ခဏာများရှိသည်။
မိတ်ဆွေအနေနဲ့ ဒီပုလဲ ၂မျိုးကို ဘာကိုရွေးရမလဲ ဝေခွဲမရ ဖြစ်ရင် ဤဆောင်းပါးကို ဆက်လက် ဖတ်ရှူနိုင်ပါသည်။ ရေငန်နှင့် ရေချိုပုလဲများကို ပိုမိုကောင်းမွန်သောရွေးချယ်မှုဟု သိသာစေမည့် အချက်များကို ဤ ေဆာင်းပါးတွင် နှိုင်းယှဉ်ပြပါမည်။
🟤ရေငန်ပုလဲနှင့် ရေချိုပုလဲများ - မူရင်းထွက်ရှိရာ ဒေသ🟤
ရေငန်ပုလဲများကို ဂျပန်၊ ဩစတေးလျ၊ တဟီတီ၊ အင်ဒိုနီးရှား ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံတို့ကဲ့သို့သော အပူပိုင်း သမုဒ္ဒရာများရှိသည့် ဒေသများတွင် နေထိုင်ကျက်စားသည့် Saltwater pearl oyster ရေငန် ကမာကောင်များဆီမှ ထုတ်ယူ ရရှိသည်။ Akoya၊ South Sea နှင့် Tahitian ပုလဲမျိုးစိတ်များသည် ထင်ရှားသည့် ရေငန်ပုလဲ မျိုးစိတ် ၃မျိုးဖြစ်သည်။
ရေချိုပုလဲများကို မြစ်များနှင့် ရေကန်များကဲ့သို့သော ရေချိုအရင်းအမြစ်များတွင် ပေါက်ဖွား ရှင်သန်သော freshwater mussels ရေချို ဂုံးကောင် အမျိုးအစားအမျိုးမျိုးမှ ထုတ်ယူရရှိသည်။ ဂျပန်နှင့် အမေရိကန်တို့က ဈေးကွက်တွင် ရေချိုပုလဲများဦးဆောင်မိတ်ဆက်သူများ ဖြစ်သော်လည်း ရေချိုပုလဲများကို တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့တွင် အဓိက မွေးမြူထုတ်လုပ်ကြသည်။
ရေငန်ပုလဲများ၏ ကြီးထွားမှုကာလသည် ရေချိုပုလဲများထက် ပိုရှည်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုများသည်။
🟤ရေငန် နှင့် ရေချို မှားယွင်းသော အယူအဆများ🟤
ဈေးကွင်းအတွင်း မှားယွင်းသည့် အယူအဆ တစ်ရပ်မှာ ❌မြိတ်ပုလဲ ကဲ့သို့သော ရေငန်ပုလဲများကို သဘာဝအလျောက် ပေါက်ဖွားလာသည့် သဘာဝပုလဲ (Natural Pearl) ရေချိုပုလဲများကို မွေးမြူရရှိသည့် မွေးပုလဲ (Cultured Pearl) ❌ဟူ၍ လူအများစုက မှားယွင်းစွာ ယုံကြည်ကြသည်။
အမှန်တစ်ကယ်ကတော့ လူတို့က ပုလဲကမာကောင်နှင့် ဂုံးကောင်များအတွင်း ဝတ်ဆံ ထည့်သွင်းပြီး မွေးမြူထားသောကြောင့် ✅ရေငန်ပုလဲရော ရေချိုပုလဲပါ မွေးပုလဲ Cultured Pearl များပင် ဖြစ်ပါသည်✅။ ကျောက်မျက် စမ်းသပ်ခန်းများတွင် စစ်ဆေးပါက မြိတ်ရေငန်ပုလဲကို Cultured Southsea Pearl ဟု စစ်ချက်ထွက်ပြီး ရေချိုပုလဲကို Cultured Freshwater Pearl ဟူ၍ စစ်ချက်ထွက်ပါသည်။
လူ့အကူအညီမပါဘဲ ဖြစ်ပေါ်လာသော သဘာဝပုလဲ စစ်စစ် (Natural Pearl) များသည် မတော်တဆ ဖြစ်စဉ်တစ်ခုဖြစ်ကာ သဘာဝအရ အလွန်ရှားပါးပြီး အလွန်စျေးကြီးသည်။ စျေးကွက်တွင်တွေ့ရသော ရေငန်ပုလဲ ရေချိုပုလဲများ၏ ၉၉ ရာခိုင်နှုန်းသည် Cultured Pearl မွေးပုလဲများပင် ဖြစ်သည်။
နောက်ထပ်မှားယွင်းသော ဈေးကွက် အယူအဆတစ်ရပ်မှာ ❌ရေငန်ပုလဲများ ကို ပုလဲအစစ် (Genuine Pearl or Real Pearl) လို့ ထင်မှတ်တတ်ပြီး ရေချိုပုလဲများကို ပုလဲအတု (Faux Pearl or Fake Pearl) ❌ဟု ထင်မြင်ကြခြင်း ဖြစ်သည်။ ဤ အယူအဆသည်လည်း လုံးဝ မှားယွင်းသော အယူအဆသာ ဖြစ်သည်။
✅ရေငန်ပုလဲရော ရေချိုပုလဲပါ သဘာဝ ပုလဲ ဖြစ်စေ မွေးပုလဲ ဖြစ်စေ ကာမာကောင် သို့မဟုတ် ဂုံးကောင်များ၏ ကိုယ်တွင်းမှ ထုတ်ယူရရှိသောကြောင့် ပုလဲ အစစ် (Genuine Pearl or Real Pearl) သာ ဖြစ်သည်။✅
ပုလဲအတု (Faux Pearl) များမှာ စက်ရုံထုတ် ပုလဲများဖြစ်သည့် ကမာပုလဲ (Shell Pearl) ခေါ် ခွံကြိတ်ပုလဲ ၊ ဖန်ပုလဲ၊ ကော်ပုလဲ များဖြစ်သည်။
🟤ရေငန်နှင့် ရေချို - Nacre ပုလဲသား အရည်အသွေး🟤
ရေငန် ရေချို မွေးပုလဲများ အားလုံးကို လက်ခံသတ္တဝါ ဖြစ်သော ရေငန်ကမာကောင် သို့မဟုတ် ရေချိုဂုံးကောင် ၏ ကိုယ်အတွင်းတွင် ဝတ်ဆံ တစ်မျိုးမျိုး ထည့်သွင်းခြင်းဖြင့် ဖန်တီးထားသည်။ ကမာကောင် သို့မဟုတ် ဂုံးကောင်သည် ဝတ်ဆံထည့်သွင်းလိုက်သောအခါ ၎င်း၏မသက်မသာဖြစ်မှုကို လျော့ပါးစေရန် ကြိုးစားသည့်အနေဖြင့် ပုလဲသားဖြစ်လာမည့် အရည်တစ်မျိုးဖြင့် ဝတ်ဆံကို ဖုံးအုပ်လေ့ရှိသည်။ ပုလဲဖြစ်လာသည့် Nacre အလွှာသည် ယားယံမှုဖြစ်စေသော ဝတ်ဆံ ကို တဖြည်းဖြည်းဖုံးအုပ်လာခြင်းဖြင့် လှပသော ပုလဲလုံး ဖြစ်ပေါ်လာသည်။ ၎င်းလုပ်ငန်းစဉ် အချိန်ကြာလေလေ ပုလဲသားပိုကောင်းလေလေ ပုလဲအရွယ် ပိုကြီးလေလေဖြစ်သည်။
အပေါ်မှာပြောခဲ့သလို ရေငန်ပုလဲများဟာ ရေချိုထက် ပုလဲ ဖြစ်ပေါ်ရန် အချိန်ပိုကြာပါသည်။ ရေငန်ပုလဲကို Bead Nucleus ဝတ်ဆံပုတီးလုံး နှစ်အတန်ကြာထည့်သွင်း မွေးမြူထားရသည်။ ရေငန်ကမာတွင် ထည့်သွင်းထားသော ပုတီးဝတ်ဆံလုံးကြောင့် ယားယံမှုသည် အလွန်ကြီးမားသော အခါ ၎င်းကို ဖုံးအုပ်ရန် ဖွဲ့စည်းထားသော nacre သည်လည်း ပို ကျစ်လစ် သိပ်သည်းပြီး အရည်အသွေး ပိုကောင်းပါသည်။ ရေငန်ပုလဲတစ်လုံး ဖြစ်ပေါ်လာဖို့ ဝတ်ဆံထည့်သွင်းပြီးချိန်မှ ပုလဲဖေါ်ချိန်အထိ ၅နှစ်ဝန်းကျင် အချိန်ယူ မွေးမြူရပါသည်။
ဆန့်ကျင်ဘက်အားဖြင့်၊ ရေချိုပုလဲများသည် နှစ်အနည်းငယ် အတွင်း ပုလဲ ဖြစ်ပေါ်အောင် ဖန်တီးနိုင်ကြသည်။ ခြားနားချက်မှာ ရေချိုပုလဲ အတွက် ထည့်သွင်းထားသော ဝတ်ဆံသည် ရေငန်ပုလဲလို Bead Nucleus မဟုတ်ဘဲ ပိုမိုသေးငယ်သည့် အသားစ ဝတ်ဆံ Tissue Nucleus ဖြစ်သောကြောင့် ရလဒ်အနေဖြင့် ရေချိုပုလဲများသည် လုံးဝိုင်း ရှားပါးပြီး လုံးဝိုင်းနိးပါး ဘဲဥပုံ အရှည်ပုံ အပြားပုံ အပွားပုံ အဝိုင်းပုံ စသည်ဖြင့် ပုံစံစုံ တွေ့ရှိရပြီး ဝတ်ဆံ ထည့်သွင်းပြီးချိန်မှ ၁နှစ်ခွဲ ၂နှစ်အတွင်း ပုလဲ ဖေါ်ယူနိုင်ပါသည်။
🟤 ရေငန်နှင့် ရေချို - အရွယ်အစားနှင့် ပုံသဏ္ဍာန်🟤
ရေငန်ပုလဲများသည် ကြီးထွားကာလပိုရှည်သောကြောင့် ရေချိုပုလဲများထက် အရွယ်အစား များစွာကြီးမားသည်။ သို့သော်လည်း ယနေ့ခေတ်တွင်၊ ရေချိုပုလဲများကို အရွယ်အစားပိုကြီးရန် မွေးမြူလာသောကြောင့် ယင်းကွာခြားချက်မှာ သိသာထင်ရှားခြင်းမရှိပေ။
ပုံသဏ္ဍာန်နှင့် ပတ်သက်၍ ရေချိုပုလဲများ၏ 5% ထက်နည်းသော ပုလဲများသာလျင် ပြီးပြည့်စုံသော လုံးဝိုင်းများဖြစ်သည်။ လုံးဝိုင်းပုံစံသည် ပုလဲများအတွက် ဈေးကွက်အတွင်း လူကြိုက် အများဆုံးသောပုံသဏ္ဍာန်ဖြစ်သည်။ ကျန်သည် ၉၅% သော ရေချိုပုလဲအများစုသည် ထည့်သွင်းသည့် တစ်ရူးအသားစ ဝတ်ဆံကြောင့် ဘဲဥပုံ၊ ပေါက်စီပုံသဏ္ဍာန်၊ ပုလဲပွားပုံစံ သို့မဟုတ် ပုလဲပြား ပုံ စသဖြင့် သဏ္ဍာန်စုံ တွေ့ရှိရတတ် သည်။
ဆန့်ကျင်ဘက်အားဖြင့်၊ ရေငန်ပုလဲများသည် ပုတီးစေ့ ဝတ်ဆံထည့်သွင်း သောကြောင့် ရေချိုပုလဲများထက်စာလျင် လုံးဝန်းသော ပုလဲများ ပိုမိုထွက်ရှိပါသည်။ သို့သော် ရေငန်ပုလဲများတွင်လည်း အရစ်များ အဖုအထစ်များ၊ ပုလဲပွားပုံစံနှင့် အခြားသော ပုံသဏ္ဍာန်နှင့် လည်းတွေ့ရှိနိုင်သည်။
လုံးဝိုင်း ပုလဲပုံစံအပြင် နောက်ထပ် စိတ်ဝင်စားစရာပုံစံမှာ ပုလဲပွား Baroque Pearl ဟုခေါ်ဆိုသည့် ပုံသဏ္ဍာန်မမှန်သော ပုလဲများဖြစ်သည်။ ပုလဲပွားသည် ၎င်း၏ တမူထူးသော ပုံစံကြောင့် လူကြိုက်များလာကာ ခေတ်မီလက်ဝတ်ရတနာဒီဇိုင်းများအတွက် ရေပန်းစားသောရွေးချယ်မှုတစ်ခုဖြစ်သည်။
🟤 ရေငန်နှင့် ရေချို - တောက်ပမှုနှင့် အရောင်🟤
ပွင့်ရည် တောက်ပမှုသည် ဤပုလဲမျိုးကွဲနှစ်ခုကြားတွင် အရေးကြီးသော ခြားနားချက်ဖြစ်သည်။ ရေငန်ပုလဲများသည် ရေချိုပုလဲများထက် သာလွန်တောက်ပပြီး တောက်ပသော အသွင်အပြင်ရှိသည်။ ဤတောက်ပမှုသည် ဝတ်ဆင်သူအများစုအတွက် ရေငန်ပုလဲများကို နှစ်သက်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
အရောင်နှင့် ပတ်သက်၍ ရေငန်ပုလဲများတွင် ယေဘုယျအားဖြင့် အဖြူရောင်နှင့် နို့နှစ်ရောင် အတွေ့ရများဆုံးဖြစ်ပြီး တဟေတီ ရေငန်ပုလဲတွင် အနက်ရောင်နှင့် ခဲရောင်၊ တောင်ပင်လယ် ရေငန်ပုလဲတွင် ရွှေရောင် အနုအရင့် အမျိုးမျိုးကို တွေ့ရသည်။
ရေချိုပုလဲများကို အဖြူရောင်၊ ခရင်မ်၊ ပန်းရောင်နှင့် ပန်းခရမ်းရောင် အပါအဝင် ရောင်ပြေးပါသော အရောင်အမျိုးမျိုးဖြင့် တွေ့ရှိနိုင်သည်။
🟤 ရေငန်နှင့် ရေချို - တန်ဖိုးနှင့် ဈေးနှုန်း🟤
ရေငန်ပုလဲများကို ရေချိုပုလဲထက် ပိုတန်ဖိုးကြီးသည်ဟု ယူဆရသည့် အကြောင်းရင်းများစွာရှိပါသည်။ အလားတူအရွယ်အစားပုလဲလုံးနှစ်လုံး၏စျေးနှုန်းများကိုနှိုင်းယှဉ်ပါက ပျမ်းမျှ ၁၀ ဆ ခန့် ဈေးကွာခြားလေ့ရှိသည်။
ဥပမာ အနာအဆာကင်းပြီး အရည်အသွေးမြင့် ရေချိုပုလဲ ကြိုးတစ်ကုံးသည် ၅သိန်း ဝန်းကျင် ကျသင့်ပြီး ရေငန်ပုလဲ အရည်မြင့် အနာကင်း တစ်ကုံးသည် သိန်း၅၀ မှာ သိန်း ထောင်ဂဏန်းအထိ ကျသင့်နိုင်ပါသည်။
အဓိကကျသော အချက်မှာ ရေငန်ပုလဲများသည် ရေချိုပုလဲများလောက် မပေါများပါ။ မွေးမြူချိန်ပိုကြာပြီး ရေငန်ကမာကောင်များသည် ရေချိုဂုံးများထက်သေးငယ်သောကြောင့် တစ်ကောင်တွင်ပုလဲများစွာကို မဖန်တီးနိုင်ပါ။ ရေချိုဂုံးကောင် တစ်ကောင်သည် တစ်ကြိမ်လျှင် ပုလဲအလုံး ၅၀ အထိ ထုတ်လုပ်နိုင်ပြီး ရေငန်ကမာကောင်များသည် တစ်ကြိမ်တွင် အများဆုံး ပုလဲ ၃ လုံးအထိသာ ထုတ်လုပ်နိုင်သည်။ ထို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် များစွာ ကွာခြားပါသည်။
နောက်တစ်ခုအနေနှင့်၊ ရေငန်ပုလဲများသည် ပွင့်ရည်တောက်ပပြီး အသွင်အပြင် ပိုလှပသောကြောင့် အလွန်နှစ်လိုဖွယ်ကောင်းပြီး ၎င်းတို့ကို ရတနာ မြတ်နိုးသူများက ပိုမိုဝယ်ယူ စုဆောင်းကြခြင်းပင် ဖြစ်သည်။ ရေငန်ပုလဲများ ၀ယ်လိုအား ပိုများလာခြင်းသည် စားသုံးသူအတွက် ဈေးကွက်အတွင်း ရေငန်ပုလဲစျေးကို ပိုမြင့်စေသည်။
🟤ရေငန် နဲ့ ရေချို ဘယ်ဟာကို ရွေးရမလဲ?🟤
လူအများစုသည် ၎င်းတို့၏ တောက်ပမှုနှင့် လှပမှုကြောင့် ရေငန်ပုလဲများကို နှစ်သက်ကြသော်လည်း ယနေ့ခေတ်တွင် ရေချိုပုလဲများသည် တောက်ပြောင်ပြီး ထပ်တူထပ်မျှ လှပလုနီးပါး ဖြစ်နေသည်။
သုံစွဲမည့် ငွေပမာဏသည် မိတ်ဆွေအတွက် ထည့်သွင်းစဉ်းစားစရာ ဖြစ်ပါက ရေချိုပုလဲများကို ရွေးချယ်ခြင်းသည် သင့်လျော်သောရွေးချယ်မှုဖြစ်သည်။ ကုန်ကျစရိတ်များစွာသက်သာစွာဖြင့် လှပသောပုလဲများကို ဝတ်ဆင်နိုင်မည်ဖြစ်သည်။
သုံစွဲမည့် ငွေပမာဏကို ထည့်သွင်းတွက်ချက်ရန်မလိုဘဲ ပိုမိုရှားပါးသော တန်ကြေးမြင့်သော ပုလဲရတနာကို စုဆောင်းလိုပါက ရေငန်ပုလဲများကို ရွှေချယ်သင့်ပါသည်။
အချုပ်အားဖြင့်ဆိုသော် လှပ၍ ဈေးသက်သာသော ရေချိုပုလဲများနှင့် တန်းဖိုးမြင့်၍ အရည်အသွေးကောင်းသော ရေငန်ပုလဲများ ၂မျိုးစလုံးသည် ပုလဲကျက်သရေ ဆိုသည့်အတိုင်း မိတ်ဆွေအတွက် လှပခြင်း ကျက်သရေရှိခြင်း ခန့်ငြားထည်ဝါခြင်းများကို ယူဆောင်လာပေးမည့် ပုလဲရတနာများပင် ဖြစ်ပါသည်။
Ko Aung (Nature's Gems)
#ပုလဲ #ရေချိုပုလဲ #ရေငန်ပုလဲ #ပုလဲတို့အကြောင်း
(စိတ်တိုင်းကျ Like Share နိုင်ပါသည်။ ကျင့်ဝတ်နှင့် အညီ ပြန်လည်ကူယူဖေါ်ပြလိုပါက Credit to Original Poster လို့ မရေးဘဲ Ko Aung (Nature's Gems) ဟု ဖေါ်ပြပေးပါရန် မေတ္တာရပ်ခံပါသည်)