25/05/2026
"မပြည့်သည့်အိုး ဘောင်ဘင်ခတ်"
"မပြည့်သည့်အိုး ဘောင်ဘင်ခတ်" ဟူသော မြန်မာစကားပုံဟာ ကမ္ဘာတစ်ဝန်းတွင်လည်း "Empty vessels make the most sound" ဆိုပြီး ရိုးရာစကားအဖြစ် တည်ရှိနေပါတယ်။ အတွေ့အကြုံ၊ ဗဟုသုတနှင့် ပညာဉာဏ် အမှန်တကယ် မပြည့်ဝသေးသူတွေမှသာ မိမိကိုယ်ကို ထင်ပေါ်ကျော်ကြား လိုစိတ်၊ ကြွားဝါလိုစိတ် ပြင်းပြပြီး မရှိတာကို အရှိလုပ်ကာ အသံကျယ်ကျယ် အော်ဟစ်တတ်ကြ တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လူမှုအဖွဲ့အစည်းအတွင်း နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရတဲ့ ဒီဖြစ်စဉ်ကို လူမှုစိတ်ပညာ ရှုထောင့်မှ အသေးစိတ် ဆန်းစစ်ကြည့်လျှင် စိတ်ဝင်စားဖွယ်ရာ လူသားတို့၏ စိတ်ခံစားမှု ကာကွယ်ရေး ယန္တရားများကို တွေ့ရှိရမှာဖြစ်တယ်။
စိတ်ပညာရှင် Justin Kruger နှင့် David Dunning တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ စိတ်ပညာသီအိုရီအရ စွမ်းဆောင်ရည် သို့မဟုတ် အသိပညာ နည်းပါးသူတွေဟာ သူတို့ရဲ့ အရည်အချင်းကို အဆမတန် အထင်ကြီးလေ့ရှိကြပါတယ်၊ ပညာမပြည့်စုံသူတစ်ဦးဟာ မိမိမှာ ဘာတွေလိုနေတာလဲ၊ ဘာကို မသိသေးဘူးဆိုတာကိုပင် ကိုယ်တိုင် ဆန်းစစ်နိုင်စွမ်းမရှိကြတာပါ။ ဒါကြောင့် မိမိကိုယ်ကို အရာရာ သိသူအဖြစ် အကြွင်းမဲ့ ယုံကြည်ကာ အသံအကျယ်ဆုံး ထွက်ပေါ်လာခြင်း ဖြစ်တယ်။အမှန်တကယ် ပညာပြည့်ဝသူတွေကတော့ ပညာရပ်တွေရဲ့ နက်ရှိုင်းကျယ်ဝန်းမှုကို သိမြင်သဖြင့် "ငါ ဘာမှမသိ သေးပါလား" လို့ နှိမ့်ချတွေးခေါ်ပြီး တိတ်ဆိတ်ငြိမ်သက်နေတတ်ကြတယ်။
မရှိသည်ကို အရှိလုပ်ကာ လွန်လွန်ကဲကဲ ကြွားဝါပြောဆိုခြင်းရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ "ကိုယ်ရည်ကိုယ်သွေး မလုံခြုံမှု" ရှိနေတတ်ပါတယ်။ စိတ်ပညာအရ လူတစ်ဦးဟာ မိမိမှာ အမှန်တကယ် ချို့တဲ့နေတဲ့အရာ (ဥပမာ- ပညာစွမ်းအား၊ ငွေကြေးစွမ်းအား သို့မဟုတ် အသိအမှတ်ပြုခံရမှု) ကို ဖုံးကွယ်ဖို့အတွက် အခြားအရာတစ်ခုခုကို ပုံကြီးချဲ့ကာ လှုပ်ရှားပြတတ်ပါတယ်။မိမိကိုယ်ကို စစ်မှန်တဲ့ ယုံကြည်မှုမရှိသည့်အတွက် ပတ်ဝန်းကျင်က မိမိကို အထင်မသေးစေရန် အတ္တအတုကို တည်ဆောက် ပြီး မပြည့်သောအိုးကို ဘောင်ဘင်ခတ်ပြခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ရှာဖွေကြခြင်း ဖြစ်ပါတယ်။
မျက်မှောက်ခေတ် Social Media ခေတ်ကြီးမှာ ဒီဗီဇတွေဟာ ပိုမိုထင်ရှားလာကြပါတယ်၊ လူမှုစိတ်ပညာရှင် Erving Goffman ရဲ့ "Impression Management" သီအိုရီအရ လူသားတွေဟာ အခြားသူတွေရဲ့ အမြင်မှာ မိမိကိုယ်ကို အကောင်းဆုံး ပုံရိပ် ဖြစ်အောင် ဖန်တီးပြသလိုကြပါတယ်။
အုပ်စုတစ်ခုအတွင်း သို့မဟုတ် လူမှုကွန်ရက်ပေါ်မှာ ထင်ပေါ်လိုခြင်း၊ ဆရာလုပ်လိုခြင်းနှင့် ဆွဲဆောင် လိုခြင်းတို့ဟာ လူမှုဗီဇများ ဖြစ်ပါတယ်။ သို့သော် အနှစ်သာရမရှိဘဲ ဟန်ပြသက်သက်ဖြင့် "မရှိဘဲ အရှိလုပ်" ပြောဆိုသူတွေဟာ ရေရှည်မှာ အများရဲ့ ယုံကြည်ကိုးစားမှုကို ဆုံးရှုံးရလေ့ရှိပါတယ်။
"အိုးစည်တီးလျှင် အထဲက အခေါင်းပွလေ အသံမြည်လေ" ဆိုသကဲ့သို့ပင် ဖြစ်ပြီး၊ ပညာ၊ ကရုဏာနှင့် အနှစ်သာရ ပြည့်ဝသော လူသားများသည် ရေပြည့်အိုးကဲ့သို့ တည်ငြိမ်ငြိမ်သက်ပြီး လေးနက်ကြသည်။ မိမိပတ်ဝန်းကျင်တွင် အနှစ်မရှိဘဲ အသံကျယ်နေသူများကို တွေ့ရလျှင် ဒေါသဖြစ်နေမည့်အစား ၎င်းတို့သည် မိမိတို့၏ အားနည်းချက်ကို ဖုံးကွယ်ရန် ရုန်းကန်နေရသော "စိတ်ပိုင်းဆိုင်ရာ မလုံခြုံသူများ" ဖြစ်သည်ဟု နားလည်ပေးကာ စာနာစိတ်ဖြင့် ရှုမြင်နိုင်ပါသည်။
အဓိကအကျဆုံးမှာ မိမိကိုယ်တိုင်သည်လည်း အခြားသူများရှေ့တွင် "ဘောင်ဘင်ခတ်နေသော အိုးတစ်လုံး" ဖြစ်မသွားစေရန် အမြဲမပြတ် သတိချပ်ပြီး၊ မိမိကိုယ်ကို သိစိတ်ဖြင့် အနှစ်သာရ ပြည့်ဝအောင် အစဉ်မပြတ် ဖြည့်ဆည်းနေကြရန်သာ ဖြစ်ပါတယ်။