Burma Voice လွတ်လပ်သော သတင်းမီဒီယာ

ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားသူ ၁၀၀ နီးပါးရှိနေ၊ ကာလဝမ်းရောဂါပိုးတွေ့သူ ၂၀ ကျော်ရှိBurma Voiceရန်ကုန်တိုင်းအတွင်း မြို့တွ...
12/08/2026

ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားသူ ၁၀၀ နီးပါးရှိနေ၊ ကာလဝမ်းရောဂါပိုးတွေ့သူ ၂၀ ကျော်ရှိ

Burma Voice

ရန်ကုန်တိုင်းအတွင်း မြို့တွင်းမြို့နယ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေ အပါအဝင် မြို့နယ် ၇ ခုထက်မနည်းမှာ ဝမ်းရောဂါဖြစ်ပွားနေပြီး ဆေးရုံတက်ရောက်ကုသနေရသူ ၁၀၀ နီးပါးရှိနေတယ်လို့ ရန်ကုန်ဆေးရုံကြီး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ အခုတစ်ပတ်အတွင်း ဝမ်းရောဂါဖြစ်ပွားသူ ၉၇ ဦးရှိပြီး အဲဒီထဲမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိသူ ၂၄ ဦးရှိပါတယ်။ လူနာအများဆုံးဖြစ်ပွားတဲ့ မြို့နယ်တွေမှာ လူနာ ၁၀ ဦးကနေ ၁၅ ဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးအပြင် ရန်ကုန်အနောက်ပိုင်းဆေးရုံနဲ့ အရှေ့ပိုင်းဆေးရုံတွေမှာလည်း ဝမ်းရောဂါလူနာတွေကို ကုသပေးနေပြီး တချို့လူနာတွေကတော့ ဆေးရုံကနေ ဆင်းနိုင်ပြီလို့ သိရပါတယ်။

ဝမ်းရောဂါဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲမှာ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒလ၊ သင်္ဃန်းကျွန်းတို့အပြင် မြို့တွင်းက မြို့နယ်တချို့လည်း ပါဝင်ပြီး စုစုပေါင်း မြို့နယ် ၇ ခုထက်မနည်းမှာ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဝမ်းရောဂါ အစုလိုက်ဖြစ်ပွားမှုကို စစ်ဆေးကြည့်တဲ့အခါ ဒလီဗာရီကနေ မှာယူစားသောက်တဲ့ အစားအစာတွေကြောင့် ဖြစ်ပွားတာ အများဆုံးတွေ့ရတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် လမ်းဘေးစားသောက်ဆိုင်တွေမှာ စားသောက်သူတွေထဲမှာလည်း ရောဂါဖြစ်ပွားသူတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တိုင်းကျန်းမာရေးဌာနက ရောဂါဖြစ်ပွားသူတွေရဲ့ ပြောပြချက်တွေအပေါ် အခြေခံပြီး ရောဂါစတင်ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ အစားအသောက်ဆိုင်တွေနဲ့ လုပ်ငန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ဆေးရာမှာ အစားအသောက်နမူနာတွေ ယူဆောင်စစ်ဆေးတာအပြင် ရောင်းချသူတွေရဲ့ နှာခေါင်းတို့ဖတ်နဲ့ အာခေါင်တို့ဖတ်တွေကိုလည်း ဓာတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဝမ်းရောဂါဖြစ်ပွားမှု မြင့်တက်လာတာကြောင့် ရန်ကုန်မြို့က လမ်းဘေးစားသောက်ဆိုင်တွေကို ပိတ်သိမ်းခိုင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ လတ်တလောမှာ လမ်းဘေးစားသောက်ဆိုင်တွေကို ပိတ်သိမ်းဖို့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

စစ်ဆေးမှုတွေကနေ ရောဂါပိုးတွေ့ရှိတဲ့သူတွေ ရှိလာရင် ဆေးကုသပေးတာအပြင် သက်ဆိုင်ရာဆိုင်တွေကို ယာယီပိတ်သိမ်းခိုင်းတာတွေ လုပ်ဆောင်သွားမယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်က တိုင်းဒေသကြီးအမတ် ဒေါ်အေးမြသဲဖြူကတော့ မြို့တွင်းမြို့နယ်တွေထဲမှာ လသာနဲ့ လမ်းမတော်မြို့နယ်တွေမှာ ဝမ်းရောဂါလူနာတွေ ရှိနေပြီး လသာမြို့နယ်မှာ လူနာ ၁၆ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်ဆေးရုံကြီးမှာ ဝမ်းရောဂါဖြစ်ပွားသူတွေကို သီးခြားအဆောင်တွေနဲ့ ထားရှိကုသပေးနေပြီး လူနာအရေအတွက် ထပ်မံမြင့်တက်လာရင် ကုသပေးနိုင်ဖို့အတွက်လည်း ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ဒေါ်အေးမြသဲဖြူက ပြောပါတယ်။

အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတမြို့နယ်တွေမှာလည်း ဝမ်းရောဂါဖြစ်ပွားနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို သီးခြားအတည်ပြုနိုင်ဖို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး Burma Voice က ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သီးခြားဖြေကြားပေးခြင်းမရှိဘဲ ဝန်ကြီးဌာနက အပြည့်အစုံ ထုတ်ပြန်ပေးသွားမယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 # မြန်မာစစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ကုလအဖွဲ့ IIMM ပြောBurma Voiceမြန်မာစစ်တပ်...
12/08/2026

# မြန်မာစစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ကုလအဖွဲ့ IIMM ပြော

Burma Voice

မြန်မာစစ်တပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ပုံစံတခုကို တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ပြောပါတယ်။

IIMM က ဩဂုတ် ၁၁ ရက်မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

IIMM ရဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ တစ်နှစ်တာကာလအတွင်း စုံစမ်းစစ်ဆေးမှုတွေအရ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားရာဇဝတ်မှုတွေဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ပြီးဆုံးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း ပိုမိုတိုးမြင့်လာခဲ့ပြီး အခုအချိန်အထိလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေမှာ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ခိုလှုံနေတဲ့ စခန်းတွေပါ ပစ်မှတ်ထားခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့သလို အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ IIMM က ဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်က ပါရာမော်တာနဲ့ ဒရုန်းတွေကို ပိုမိုအသုံးပြုလာတာကြောင့် အရပ်သားတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်လာမယ့်အချိန်ကို ကြိုတင်သိရှိဖို့ ပိုမိုခက်ခဲလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအတွက် တိုက်ခိုက်မှုမဖြစ်ခင် ကြိုတင်ထွက်ပြေးတာ ဒါမှမဟုတ် အကာအကွယ်ယူဖို့ ရရှိတဲ့အချိန်လည်း ပိုမိုနည်းပါးလာတယ်လို့ ဆိုပါတယ်။

IIMM အကြီးအကဲ Nicholas Koumjian က မြန်မာနိုင်ငံတဝန်းက ပြည်သူတွေဟာ အကြမ်းဖက်မှုအန္တရာယ်အောက်မှာ နေ့စဉ်ရှင်သန်နေရတဲ့အပြင် ဒီဖြစ်ရပ်တွေရဲ့ နက်ရှိုင်းပြီး ရေရှည်ကျန်ရှိမယ့် အကျိုးဆက်တွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ဒါဟာ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိစေဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို အလေးအနက် ဖော်ပြနေတယ်လို့လည်း သူက ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ်တပ်ဖွဲ့အချို့ကိုလည်း IIMM က ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီရာဇဝတ်မှုတွေကြောင့် လူတွေရဲ့ဘဝတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်ဆိုတာကို ကျွန်တော်တို့ စုဆောင်းရရှိတဲ့ သက်သေအထောက်အထား တစ်ခုချင်းစီက ထောက်ပြနေပါတယ်” လို့ Nicholas Koumjian က ပြောပါတယ်။

IIMM ဟာ မြန်မာစစ်တပ်က စီမံခန့်ခွဲတဲ့ ထိန်းသိမ်းရေးစခန်းတွေထဲမှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ မတရားဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ ကျယ်ပြန့်တဲ့ အထောက်အထားတွေကိုလည်း စုဆောင်းစိစစ်ထားတယ်လို့ ပြောပါတယ်။

အဲဒီအထောက်အထားတွေထဲမှာ ၂၀၂၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲဝေဖန်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးမှုတွေကိုလည်း ထည့်သွင်းထားပါတယ်။

အဆိုပါဥပဒေအရ ဆိုရှယ်မီဒီယာပေါ်မှာ ရွေးကောက်ပွဲကို ဝေဖန်တဲ့ မှတ်ချက်တွေ ရေးသားတာလိုမျိုး လုပ်ရပ်တွေအတွက် ထောင်ဒဏ် အနှစ် ၂၀ ဒါမှမဟုတ် သေဒဏ်အထိ ချမှတ်ခံရနိုင်တယ်လို့ IIMM က ဖော်ပြထားပါတယ်။

IIMM က စုဆောင်းထားတဲ့ အထောက်အထားအများစုဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့ ပြည်သူ့စစ်တွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေနဲ့ သက်ဆိုင်ပါတယ်။

ဒါပေမယ့် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကိုလည်း IIMM က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

IIMM ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ သက်သေ ၇၅၀ ကျော်ရဲ့ ထွက်ဆိုချက်တွေအပါအဝင် ရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်က ရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ၊ ဂြိုဟ်တုပုံရိပ်၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေကိုလည်း အသုံးပြုထားတယ်လို့ ဆိုပါတယ်။

IIMM ကိုတော့ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအတွက် အထောက်အထားတွေ စုဆောင်း၊ ထိန်းသိမ်း၊ စိစစ်သုံးသပ်ပြီး တရားစွဲဆိုမှုတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတဟောင်း အာဆတ်ကို မျက်ကွယ်သေဒဏ်ချမှတ်မှု ပြည်သူတွေ ကြိုဆိုBurma Voiceဆီးရီးယားနိုင်ငံမှာ ၁၄ နှစ်နီးပါးကြာ ဖြ...
12/08/2026

ဆီးရီးယားသမ္မတဟောင်း အာဆတ်ကို မျက်ကွယ်သေဒဏ်ချမှတ်မှု ပြည်သူတွေ ကြိုဆို

Burma Voice

ဆီးရီးယားနိုင်ငံမှာ ၁၄ နှစ်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားမဝင် ဖမ်းဆီးမှုတွေအပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သမ္မတဟောင်း ဘာရှား အယ်လ်အာဆတ်နဲ့ သူ့လက်အောက်က အုပ်ချုပ်ရေးအရာရှိတွေကို ဩဂုတ် ၁၁ ရက်မှာ ဆီးရီးယားတရားရုံးက မျက်ကွယ်တရားစီရင်ပြီး သေဒဏ်ချမှတ်လိုက်ပါတယ်။

သေဒဏ်ချမှတ်လိုက်တဲ့သတင်း ထွက်ပေါ်လာပြီးနောက် ဒမတ်စကပ်စ်မြို့က တရားစီရင်ရေးနန်းတော်အပြင်မှာ ပြည်သူတွေ စုဝေးလာကြပြီး ကြွေးကြော်သံတွေ အော်ဟစ်တာ၊ လက်ခုပ်တီးတာနဲ့ ဆီးရီးယားအလံတွေ ဝှေ့ယမ်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အလားတူ အိဒလစ်ဘ်မြို့မှာလည်း ပြည်သူတွေ လမ်းတွေပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။

အစိုးရရှေ့နေတဦးကတော့ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ “ခေတ်သစ် ဆီးရီးယားရဲ့ ကူးပြောင်းရေးကာလ တရားမျှတမှုဆီ သွားတဲ့လမ်းကြောင်းပေါ်က အရေးပါတဲ့ ခြေလှမ်းတလှမ်း” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ အာဆတ်အပေါ် ဆီးရီးယားတရားရုံးက ပထမဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အာဆတ်ဟာ သူ့မိသားစုရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပဋိပက္ခတွေနဲ့ လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ သူပုန်တွေရဲ့ ထိုးစစ်အတွင်း ရာထူးကနေ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ဆီးရီးယားအစိုးရ အရာရှိဟောင်းတွေရဲ့ တရားခွင်မှာ တရားသူကြီးက အာဆတ်ကို ကလေးသူငယ်တွေအပါအဝင် လူတဦးထက်မကကို ကြိုတင်ကြံစည်ပြီး သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ တရားမဝင် ဖမ်းဆီးမှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြမှုတွေကို ဖြိုခွင်းတာ၊ အာဆတ်အတွက် ဆီးရီးယားနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ပေးတာတွေအပြင် အာဆတ် ချမ်းသာကြွယ်ဝလာစေဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုကို ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမှတ် ၄ သံချပ်ကာတပ်မကို ဦးစီးခဲ့သူ အာဆတ်ရဲ့ညီကိုလည်း မျက်ကွယ်တရားစီရင်ပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။

ထို့အပြင် ၂၀၁၁ ခုနှစ်မှာ အာဆတ်အစိုးရကို စတင်ဆန္ဒပြခဲ့ကြတဲ့ တောင်ပိုင်း ဒါရာပြည်နယ်က အာဆတ်လက်ထက် လုံခြုံရေးအရာရှိ အာသေ့ဖ် နာဂျီးဘ်ကိုလည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။

အာဆတ်ရဲ့ ဝမ်းကွဲညီအစ်ကိုတော်စပ်သူ နာဂျီးဘ်ကိုတော့ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုတရားစွဲဆိုခံထားရသူတွေထဲမှာ ကိုယ်တိုင် တရားရင်ဆိုင်ခဲ့ရတဲ့ တဦးတည်းသောသူ ဖြစ်ပါတယ်။

ဂျပန်လိုလားသူရဲ့ မျိုးဆက် ဆိုပြီး တစ်ညအတွင်း ပွဲဆူသွားတဲ့ မင်းသမီး Ha-young — သူမရဲ့ ဘိုးဘွားသမိုင်းမှာ တကယ်ဘာတွေရှိခဲ့တ...
11/08/2026

ဂျပန်လိုလားသူရဲ့ မျိုးဆက် ဆိုပြီး တစ်ညအတွင်း ပွဲဆူသွားတဲ့ မင်းသမီး Ha-young — သူမရဲ့ ဘိုးဘွားသမိုင်းမှာ တကယ်ဘာတွေရှိခဲ့တာလဲ?

စာကတော့ နည်းနည်းရှည်ပါတယ်။ ဒါပေမယ့် သမိုင်းကြောင်းနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာဖြစ်သလို အခုလက်ရှိ ပွဲဆူနေတဲ့ကိစ္စရဲ့ နောက်ကွယ်မှာ တကယ်ဘာတွေဖြစ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာကောင်းလို့ ရနိုင်သမျှ သမိုင်းမှတ်တမ်းတွေနဲ့ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို ရှာဖွေစုစည်းပြီး ဖတ်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်။

စွပ်စွဲချက်တွေကိုပဲ ကြည့်ပြီးဆုံးဖြတ်တာထက် ဘယ်အချက်က သမိုင်းမှတ်တမ်းရှိတာလဲ၊ ဘယ်အချက်က အခုထိ အငြင်းပွားနေဆဲလဲ ဆိုတာ ခွဲခြားပြီး ဖတ်ကြည့်ရအောင်ပါ။
━━━━━━━━━━━━━━━━━━━━

🎬 ၁။ အငြင်းပွားမှု ဘယ်ကစခဲ့တာလဲ?

ဩဂုတ်လ ၇ ရက်နေ့မှာ Netflix Series 《Our Sticky Love》စတင်ပြသခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အဓိကမင်းသမီး Ha-young ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ Ha-young ဟာ အရင်အင်တာဗျူးတွေမှာ သူမရဲ့မိသားစုကို “မျိုးဆက်လေးဆက် ဆေးပညာနဲ့ ဆက်နွယ်ခဲ့တဲ့ မိသားစု” လို့ လူသိရှင်ကြား ပြောပြခဲ့ဖူးပါတယ်။

သူမရဲ့ဖခင်ဟာ ဆရာဝန်ဖြစ်ပြီး မိခင်ကလည်း သူနာပြုပညာ သင်ယူခဲ့သူပါ။

ဒီနေရာမှာ အဓိကအငြင်းပွားမှုဖြစ်လာသူကတော့ Ha-young ရဲ့ "အဘိုးရဲ့အဖေ (အဘေး) Ahn Sang-ho" ဖြစ်ပါတယ်။

《Our Sticky Love》 ထွက်ရှိလာပြီး Ha-young ကို လူအများ ပိုမိုစိတ်ဝင်စားလာချိန်မှာ သူမပြောခဲ့ဖူးတဲ့ မိသားစုနောက်ခံကို ပြန်လည်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြရာကနေ Ahn Sang-ho ရဲ့ ဂျပန်ကိုလိုနီခေတ် မှတ်တမ်းတွေ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
━━━━━━━━━━━━━━━━━━━━

⚠️ ၂။ Ahn Sang-ho က ဘယ်သူလဲ? ဘာကြောင့် ပြဿနာဖြစ်လာတာလဲ?

Ahn Sang-ho ဟာ ၁၈၇၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဂျပန်နိုင်ငံမှာ ဆေးပညာသင်ယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံရဲ့ ဆရာဝန်လိုင်စင်ရရှိခဲ့တဲ့ ပထမဆုံး ကိုရီးယားလူမျိုးအဖြစ် မှတ်တမ်းတင်ခံထားရပြီး ကိုရီးယားကို ပြန်လာပြီးနောက် တော်ဝင်နန်းတွင်းနဲ့ ဆက်နွယ်တဲ့ ဆေးကုသရေးလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

ပြဿနာရဲ့ အဓိကအချက်ကတော့ "Daijeong Friendship Association" ဆိုတဲ့ အဖွဲ့နဲ့ သူ့ရဲ့ ဆက်နွယ်မှု ဖြစ်ပါတယ်။

ဒီအဖွဲ့ကို ကိုရီးယားသမိုင်းမှတ်တမ်းတွေမှာ ဂျပန်ကိုလိုနီအုပ်ချုပ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခု အဖြစ် သတ်မှတ်ထားပြီး၊ Ahn Sang-ho ဟာ ၁၉၁၆ ခုနှစ်မှာ အဲဒီအဖွဲ့ရဲ့ Council Member (ကောင်စီအဖွဲ့ဝင်) တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ ဒါဟာ လက်ရှိ “ဂျပန်လိုလားသူရဲ့ မျိုးဆက်” ဆိုတဲ့ အငြင်းပွားမှု ပေါ်ပေါက်လာရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

Ahn Sang-ho ရဲ့ ဇနီးကလည်း ဂျပန်လူမျိုးလား?

ဒီအချက်နဲ့ပတ်သက်ပြီး Ha-young ရဲ့ အေဂျင်စီဘက်က Ahn Sang-ho ရဲ့ ဇနီးဟာ ဂျပန်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရှိထားကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ခြင်းတစ်ခုတည်းကို ဂျပန်ကိုလိုနီအစိုးရနဲ့ ပူးပေါင်းခဲ့တဲ့ လုပ်ရပ်အဖြစ် သတ်မှတ်လို့ မရပါဘူး။ လက်ရှိအငြင်းပွားမှုအတွက် ပိုအရေးကြီးတဲ့အချက်က Ahn Sang-ho ရဲ့ Daijeong Friendship Association မှာ ပါဝင်ခဲ့တဲ့ မှတ်တမ်း ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━

👑 ၃။ Emperor Gojong အဆိပ်ခတ်ခံရမှုနဲ့ Ahn Sang-ho ကရော?

ဒီကနေ အငြင်းပွားမှုက ပိုကျယ်လာပါတယ်။

၁၉၁၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ကိုရီးယားဧကရာဇ် Gojong ဟာ အဆိပ်ခတ်ခံခဲ့ရတာလားဆိုတဲ့ သမိုင်းအငြင်းပွားမှုဟာ ယနေ့အချိန်အထိ ရှိနေဆဲဖြစ်ပြီး အဲဒီသမိုင်းအဆိုတချို့ထဲမှာ Ahn Sang-ho ရဲ့နာမည်လည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ အတည်ပြုပြီးသားအချက်နဲ့ သမိုင်းအဆိုကို ခွဲခြားဖို့ အရေးကြီးပါတယ်။

⚠️ Ahn Sang-ho က Emperor Gojong ကို အဆိပ်ခတ်ရာမှာ ပါဝင်ခဲ့တယ်ဆိုတာ အတည်ပြုပြီးသား သမိုင်းအချက် မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မတူညီတဲ့ သမိုင်းအမြင်တွေ ရှိနေဆဲဖြစ်ပြီး အချို့သုတေသနတွေက Ahn Sang-ho အပေါ်ထားရှိတဲ့ အဆိပ်ခတ်မှုဆိုင်ရာ သံသယဟာ အထင်လွဲမှု ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ထားပါတယ်။
━━━━━━━━━━━━━━━━━━━━

🏥 ၄။ Ha-young ရဲ့ အဘိုး Ahn Bu-ho ကရော ဘာကြောင့် ပါလာတာလဲ?

အငြင်းပွားမှုက Ahn Sang-ho မှာပဲ မရပ်ဘဲ Ha-young ရဲ့ အဘိုး Professor Ahn Bu-ho အထိ ဆက်ရောက်လာပါတယ်။

Ahn Bu-ho ဟာ Pathology (ရောဂါဗေဒ) ပညာရှင်တစ်ဦးဖြစ်ပြီး ကိုရီးယား Pathology ဆေးပညာရဲ့ အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ တစ်ချိန်က Sorokdo မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ မှတ်တမ်းလည်း ရှိပါတယ်။

Sorokdo ဆိုတာက Hansen's disease (Leprosy / အနာကြီးရောဂါ) ခံစားနေရသူတွေကို သီးခြားထားရှိခဲ့တဲ့ နေရာဖြစ်ပြီး ကိုရီးယားခေတ်သစ်သမိုင်းမှာ လူနာတွေအပေါ် ခွဲခြားဆက်ဆံမှု၊ အတင်းအကျပ်ထိန်းချုပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နာကျင်စရာသမိုင်းရှိခဲ့တဲ့ နေရာတစ်ခုပါ။ Ahn Bu-ho အလုပ်လုပ်ခဲ့တဲ့ကာလဟာ Sorokdo မှာ လူနာတွေရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့တဲ့ Director Kim Sang-tae ရဲ့ အုပ်ချုပ်မှုကာလနဲ့ တိုက်ဆိုင်နေတယ် ဆိုတဲ့အချက်ကို သတင်းဌာနက Ha-young ရဲ့ အေဂျင်စီကို မေးမြန်းခဲ့ပါတယ်။

အေဂျင်စီဘက်ကတော့—

“ဒီအပိုင်းကိုလည်း ထပ်မံစစ်ဆေးကြည့်ပါမယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီနေရာမှာ အထင်မလွဲသင့်တဲ့အချက်က—

Ahn Bu-ho ဟာ အဲဒီအချိန် Sorokdo မှာ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းရှိတာနဲ့ သူကိုယ်တိုင် လူနာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာဟာ တစ်ခုတည်းမဟုတ်ပါဘူး။ လက်ရှိထွက်ပေါ်ထားတဲ့ အချက်အလက်တွေအရ Ahn Bu-ho ကိုယ်တိုင် အဲဒီလိုချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း အတည်ပြုနိုင်တဲ့ ခိုင်မာတဲ့အထောက်အထား မတွေ့ရသေးပါဘူး။
━━━━━━━━━━━━━━━━━━━━

📢 ၅။ အေဂျင်စီက အစပိုင်းမှာ ငြင်းခဲ့ပြီး ဘာကြောင့် ပြန်တောင်းပန်တာလဲ?

အငြင်းပွားမှု စတင်လာချိန်မှာ Ha-young ရဲ့ အေဂျင်စီဘက်က စွပ်စွဲချက်တွေအပေါ် “အမှန်မဟုတ်” ဆိုတဲ့သဘောနဲ့ ကနဦးတုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် တစ်ရက်အကြာမှာ သဘောထားပြောင်းသွားခဲ့ပါတယ်။

အေဂျင်စီရဲ့ ရှင်းလင်းချက်အရ Daijeong Friendship Association ရဲ့ အဖွဲ့ဝင်စာရင်းကို အတည်ပြုဖို့ အချိန်ယူခဲ့ရပြီး အရင်တုံ့ပြန်ချက်ဟာ အချက်အလက်ကို လုံလောက်စွာ မစစ်ဆေးရသေးဘဲ အလျင်စလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်—

“လုံလောက်တဲ့ စစ်ဆေးအတည်ပြုမှုမရှိဘဲ အလျင်စလို ဖြေကြားခဲ့တဲ့အတွက် ရှုပ်ထွေးမှုဖြစ်စေခဲ့ပါတယ်။ တောင်းပန်ပါတယ်” လို့ အေဂျင်စီဘက်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဒါဆို Ha-young နဲ့ သူမရဲ့မိသားစုက Ahn Sang-ho ရဲ့ ဒီအတိတ်ကို အရင်ကတည်းက သိခဲ့ကြသလား?

ဒီမေးခွန်းကို တိုက်ရိုက်မေးခဲ့ရာမှာ အေဂျင်စီက—

“မင်းသမီးကိုယ်တိုင်ရော မိသားစုကပါ ဒီအကြောင်းကို မသိခဲ့ကြဘူးလို့ သိထားပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဆိုလိုတာက အေဂျင်စီရဲ့ ရှင်းလင်းချက်အရ Ha-young နဲ့ သူမရဲ့မိသားစုဟာ လက်ရှိအငြင်းပွားမှု ပေါ်ပေါက်လာပြီးမှ Ahn Sang-ho ရဲ့ ဒီသမိုင်းမှတ်တမ်းတွေအကြောင်း သိရှိခဲ့ကြတာ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━

🙏 ၆။ Ha-young ကိုယ်တိုင် ဘာပြောထားလဲ? အနုပညာလှုပ်ရှားမှုတွေကရော?

Ha-young က အေဂျင်စီမှတစ်ဆင့်—

“စိုးရိမ်ပူပန်မှုဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ နောင်မှာ ပိုမိုသတိထားပြီး နှိမ့်ချတဲ့သဘောထားနဲ့ လုပ်ဆောင်သွားပါမယ်” လို့ သူမရဲ့သဘောထားကို ထုတ်ဖော်ခဲ့ပါတယ်။ ဒါပေမယ့် ကိုရီးယားမီဒီယာနဲ့ အွန်လိုင်းအသိုင်းအဝိုင်းအချို့မှာတော့ ဒီတောင်းပန်မှုဟာ လုံလောက်မှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိအချိန်အထိတော့ Ha-young ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခြင်း မရှိသေးပါဘူး။ 《Our Sticky Love》 ထွက်ရှိထားပြီးဖြစ်သလို ဩဂုတ်လ ၁၄ ရက်နေ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အင်တာဗျူးကိုလည်း မူလအစီအစဉ်အတိုင်း ပါဝင်ဖို့ရှိနေပါတယ်။

ဒါ့အပြင် Ha-young ဟာ Ju Ji-hoon ပါဝင်တဲ့ 《The Trauma Code: Heroes on Call》 Season 2 မှာလည်း ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။

အေဂျင်စီဘက်ကတော့ လက်ရှိအချိန်အထိ Netflix ဘက်က သီးခြားပြောင်းလဲမှုတစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
━━━━━━━━━━━━━━━━━━━━

🔎 ၇။ ဒါဆို အခုအချိန်မှာ ဘာတွေကို အတည်ပြုပြီး ဘာတွေက အငြင်းပွားနေဆဲလဲ?

ရှုပ်မသွားအောင် ဒီလိုခွဲကြည့်ရင် အလွယ်ဆုံးပါ။

✔️ သမိုင်းမှတ်တမ်းရှိတဲ့အချက် — Ahn Sang-ho ဟာ ဂျပန်ကိုလိုနီအုပ်ချုပ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ Daijeong Friendship Association မှာ Council Member အဖြစ် ပါဝင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။

⚠️ အငြင်းပွားနေဆဲအချက် — Ahn Sang-ho ဟာ Emperor Gojong အဆိပ်ခတ်ခံရမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အဆိုကို အတည်ပြုပြီးသား သမိုင်းအချက်အဖြစ် မယူနိုင်သေးပါဘူး။

✔️ သမိုင်းမှတ်တမ်းရှိတဲ့အချက် — Ahn Bu-ho ဟာ Sorokdo မှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။

⚠️ အတည်မပြုနိုင်သေးတဲ့အချက် — Ahn Bu-ho ကိုယ်တိုင် Sorokdo လူနာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့ကြောင်း ခိုင်မာတဲ့အထောက်အထား မတွေ့ရသေးပါဘူး။
━━━━━━━━━━━━━━━━━━━━

📌 နောက်ဆုံးအနေနဲ့…

ဒီအငြင်းပွားမှုမှာ အရေးကြီးဆုံးက Ha-young ကိုယ်တိုင် လုပ်ခဲ့တဲ့အရာနဲ့ သူမရဲ့ ဘိုးဘွားတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က လုပ်ခဲ့တဲ့အရာကို ခွဲခြားကြည့်ဖို့ပါ။ ဒီကိစ္စဟာ Ha-young ကိုယ်တိုင် ဂျပန်ကိုလိုနီအစိုးရကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ခဲ့လို့ ပေါ်ပေါက်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။

သူမက အရင်က လူသိရှင်ကြား ပြောခဲ့ဖူးတဲ့ “မျိုးဆက်လေးဆက် ဆေးပညာရှင်မိသားစု” ဆိုတဲ့ မိသားစုနောက်ခံကို ပြန်လည်ရှာဖွေစစ်ဆေးရာကနေ အဘိုးရဲ့အဖေ Ahn Sang-ho ရဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က သမိုင်းမှတ်တမ်းတွေ ပြန်လည်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းမှာ ဖြစ်ခဲ့တာကို မှန်မှန်ကန်ကန် မှတ်တမ်းတင်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် ဘိုးဘွားတစ်ဦးရဲ့ လုပ်ရပ်ဟာ သူ့ရဲ့သားစဉ်မြေးဆက်ရဲ့ ကိုယ်ပိုင်လုပ်ရပ် မဟုတ်ပါဘူး။

ဒါကြောင့် ဘိုးဘွားတွေရဲ့လုပ်ရပ်ကြောင့် နောက်မျိုးဆက်ကို အလိုအလျောက် အပြစ်ရှိသူအဖြစ် သတ်မှတ်တာထက် အဲဒီလူကိုယ်တိုင် ဘာလုပ်ခဲ့သလဲ၊ အကြောင်းအရာကို သိရှိလာပြီးနောက် ဘယ်လိုရင်ဆိုင်တုံ့ပြန်သလဲ ဆိုတာကို သီးခြားခွဲပြီး ကြည့်သင့်ပါတယ်။

တစ်ချိန်တည်းမှာပဲ သမိုင်းမှတ်တမ်းတွေကို ဖုံးကွယ်ခြင်းမရှိဘဲ—

အတည်ပြုထားတာကို အတည်ပြုထားတဲ့အချက်အဖြစ်၊
စွပ်စွဲချက်ကို စွပ်စွဲချက်အဖြစ်၊
အငြင်းပွားနေဆဲကို အငြင်းပွားနေဆဲအဖြစ်

ခွဲခြားပြီး ကြည့်ဖို့ကလည်း အရေးကြီးပါတယ်။

လက်ရှိမှာ Ha-young ဘက်ကတော့ သူမနဲ့ မိသားစုဟာ Ahn Sang-ho ရဲ့ ဒီသမိုင်းနောက်ခံကို အရင်က မသိခဲ့ကြောင်း ရှင်းလင်းထားပါတယ်။

အဆုံးမှာတော့ Ha-young ကို ဘိုးဘွားတွေရဲ့ အတိတ်နဲ့ ဘယ်လောက်အထိ ချိတ်ဆက်အကဲဖြတ်သင့်သလဲ ဆိုတာက စာဖတ်သူတစ်ဦးချင်းစီရဲ့ အမြင်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

သံတွဲ ကျောက်ကြီးရွာဗုံးကြဲခံရမှု အရပ်သား ၁၄ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရBurma Voice ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရ...
11/08/2026

သံတွဲ ကျောက်ကြီးရွာဗုံးကြဲခံရမှု အရပ်သား ၁၄ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

Burma Voice

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ အမည်စာရင်းနှင့် အသေးစိတ်အချက်အလက်များကို AA က ထပ်မံထုတ်ပြန်လာခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူ စုစုပေါင်း ၂၅ ဦးရှိလာခြင်းဖြစ်သည်။

သေဆုံးသူများမှာ အသက် ၄၅ နှစ်အရွယ် ဒေါ်စန်းစန်းမော်၊ အသက် ၈၈ နှစ်အရွယ် ဦးဖိုးငြိမ်း၊ အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်အုန်း၊ အသက် ၂၁ နှစ်အရွယ် မခိုင်ဇံသင်း၊ အသက် ၈၇ နှစ်အရွယ် ဒေါ်ညီမပု၊ အသက် ၅၇ နှစ်အရွယ် ဒေါ်မနီ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မဇွန်မီ၊ အသက် ၆ နှစ်အရွယ် မောင်အောင်မြင့်မြတ်၊ အသက် ၈၆ နှစ်အရွယ် ဒေါ်မကြီး၊ အသက် ၉ နှစ်အရွယ် မဘုန်းပွင့်စံ၊ အသက် ၆၅ နှစ်အရွယ် ဒေါ်ခင်သန်းမြင့်၊ အသက် ၄၀ အရွယ် ဒေါ်စုဝေဖြိုး၊ အသက် ၄၉ နှစ်အရွယ် ဦးမောင်မောင်နိုင်နှင့် ဒေါ်ချစ်ပုတို့ ဖြစ်ကြောင်း AA က ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၂၅ နှစ်အရွယ် မမိုးမိုးသန်း၊ အသက် ၃၈ နှစ်အရွယ် ဒေါ်ပြည့်ဖြိုးဝေ၊ အသက် ၃၈ နှစ်အရွယ် ဦးဇော်မင်းလွင်၊ အသက် ၇၅ နှစ်အရွယ် ဦးမောင်ဖြူ၊ အသက် ၆၅ နှစ်အရွယ် ဒေါ်မှဲ့နီ၊ အသက် ၆၅ နှစ်အရွယ် ဦးကိုမဲ၊ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဖြူ၊ အသက် ၇၇ နှစ်အရွယ် ဦးသောင်းရွှေ၊ အသက် ၃၈ နှစ်အရွယ် ဦးမောင်မြင့်သူ၊ အသက် ၃၅ နှစ်အရွယ် ဦးထက်လင်းအောင်နှင့် အသက် ၃၁ နှစ်အရွယ် ဦးကျော်နိုင်လင်းတို့ ဖြစ်သည်။

ဒဏ်ရာရရှိသူများအနက် မမိုးမိုးသန်းမှာ သံတွဲမြို့နယ် စလူကျွန်းကျေးရွာမှဖြစ်ပြီး ကျန် ၁၀ ဦးမှာ ကျောက်ကြီးကျေးရွာမှ ဖြစ်ကြောင်း AA က ဆိုသည်။

ကျောက်ကြီးကျေးရွာကို ဩဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးက မိနစ် ၂၀ ခန့် လှည့်ပတ်ပျံသန်းပြီး ပေါင် ၃၀၀ ခန့်ရှိသည်ဟု ယူဆရသည့် ဖျက်အားပြင်းဗုံးသီး သုံးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

အဆိုပါဗုံးများသည် ကျောက်ကြီးကျေးရွာရှိ ဓမ္မရောင်ခြည်ဘုန်းတော်ကြီးကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း AA က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါပတ်ဝန်းကျင်ရှိ လူနေအိမ်နှင့် အဆောက်အအုံ ၂၀ ခန့်လည်း ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း ရှိ၊ မရှိကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကျောက်ကြီးကျေးရွာသည် သံတွဲမြို့နှင့် ကျိန္တလီမြို့အကြားတွင် တည်ရှိပြီး သံတွဲမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်သည်။

ဓာတ်ပုံ - သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ ဗုံးကြဲခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးမှုများ။ (Photo – AA Info Desk)

ရွှေဘိုမှာ ရေဘေးကူညီသူတွေကို နေအိမ်ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်၊ စစ်ကိုင်းတံတားမှာ ကယ်ဆယ်ရေးပစ္စည်းတွေ သိမ်းဆည်းခံရBurm...
11/08/2026

ရွှေဘိုမှာ ရေဘေးကူညီသူတွေကို နေအိမ်ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်၊ စစ်ကိုင်းတံတားမှာ ကယ်ဆယ်ရေးပစ္စည်းတွေ သိမ်းဆည်းခံရ

Burma Voice

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသင့်ပြည်သူတွေကို သွားရောက်ကူညီမယ့်သူတွေကို စစ်တပ်က နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်တားဆီးနေတယ်လို့ ဒေသခံတွေနဲ့ ကူညီရေးလုပ်ဆောင်နေသူတွေထံက သိရပါတယ်။

ရွှေဘိုမြို့မှာ ရေဘေးသင့်ပြည်သူတွေကို သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေသူတွေနဲ့ ရဲစခန်းမှာ ကြိုတင်ခွင့်တောင်းသူတွေကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက အကြမ်းဖက်အားပေးမှု မြောက်တယ်လို့ဆိုပြီး နေအိမ်တွေ ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

အဲဒီလို တားမြစ်ခြိမ်းခြောက်မှုတွေကြောင့် ရွှေဘိုခရိုင်အတွင်း ရေဘေးသင့်ဒေသတွေကို လာရောက်လှူဒါန်းမယ့် အလှူရှင်တွေ အတော်လေး နည်းပါးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ မြို့ထဲက ဘယ်အဖွဲ့အစည်းမှ ရေဘေးသင့်ဒေသတွေကို ဝင်ရောက်ကူညီကယ်ဆယ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

တစ်ဖက်မှာတော့ အာဏာသိမ်းစစ်တပ်က သူတို့လက်အောက်ခံ ပျူစောထီးကျေးရွာတချို့ကိုသာ ရဟတ်ယာဉ်တွေနဲ့ ရိက္ခာတွေ ပစ်ချကူညီပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးဘက်ကနေ စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ဒေသတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်မယ့် ပရဟိတအဖွဲ့တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်မှာ တင်းကျပ်စွာ တားဆီးပိတ်ပင်နေတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလှေတွေနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကိုပါ ဖြတ်သန်းခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်တာတွေ လုပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

အရေးတကြီး လိုအပ်နေတဲ့ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ အဝတ်အထည်တွေနဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေကို သယ်ဆောင်လာတာကိုလည်း စစ်တပ်က တားမြစ်ပိတ်ပင်ပြီး အဲဒီစစ်ဆေးရေးဂိတ်မှာပဲ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ သဖန်းဆိပ်ရေကာတာက ရေတွေ လွှတ်ချခဲ့တာနဲ့ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် မူးမြစ်ရေက အရှိန်အဟုန်နဲ့ မြင့်တက်လာပြီး ဝက်လက်၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘိုနဲ့ ရေဦးမြို့နယ်တွေထဲက ကျေးရွာအများအပြား ရေကြီးရေလျှံနဲ့ ရေနစ်မြုပ်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။

အခု ရေအနည်းငယ် ပြန်ကျလာပြီဖြစ်ပေမယ့် နေအိမ်တွေ ရေနစ်မြုပ်နေဆဲဖြစ်ပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးဒဏ်နဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေကိုပါ တစ်ပြိုင်တည်း ရင်ဆိုင်နေရတဲ့ အဆိုပါ ရေဘေးသင့်ဒေသတွေကို လူမှုကူညီရေးအဖွဲ့တွေနဲ့ စေတနာရှင်တွေက တတ်နိုင်သလောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ အခုလို ခြိမ်းခြောက်တားဆီးတာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ သိမ်းဆည်းတာတွေကြောင့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အခက်အခဲတွေ ပိုမိုကြီးမားလာနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - တော်လှန်ရေးအင်အားစုများထံမှ ကူးယူဖော်ပြသည်။

#ရွှေဘို #စစ်ကိုင်းတံတား #ရေဘေးကယ်ဆယ်ရေး #စစ်ကောင်စီတားဆီး #စစ်ကိုင်းတိုင်း #ရေကြီးရေလျှံ

ထိုင်းဆေးရုံမှာ ဖုန်းကာဗာကို သေနတ်လို့ထင်ပြီး လူတွေ ထိတ်လန့်Burma Voiceထိုင်းနိုင်ငံ၊ ချိုင်းနတ်ခရိုင်က ဆေးရုံတခုမှာ ဘုန...
11/08/2026

ထိုင်းဆေးရုံမှာ ဖုန်းကာဗာကို သေနတ်လို့ထင်ပြီး လူတွေ ထိတ်လန့်

Burma Voice

ထိုင်းနိုင်ငံ၊ ချိုင်းနတ်ခရိုင်က ဆေးရုံတခုမှာ ဘုန်းကြီးတပါးရဲ့ လွယ်အိတ်ထဲကနေ သေနတ်လက်ကိုင်လို ပုံစံရှိတဲ့ အရာတခု ထွက်နေတာကို တွေ့လိုက်ရလို့ ဆေးရုံလာသူတွေ ထိတ်လန့်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြပါတယ်။

ဖြစ်စဉ်က ဩဂုတ် ၁၀ ရက် မနက်ပိုင်းမှာ Chai Nat Narenthorn ဆေးရုံမှာ ဖြစ်ခဲ့တာပါ။ အဲဒီအချိန် ဘုန်းကြီးတပါးက ဆေးဝါးစောင့်ယူနေချိန်မှာ သူ့လွယ်အိတ်ထဲက သေနတ်လက်ကိုင်နဲ့ ဆင်တူတဲ့ အရာတခုကို ဆေးရုံလာသူတွေက တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ပွားထားတာကြောင့် သေနတ်နဲ့ပတ်သက်ပြီး လူတွေ စိုးရိမ်ထိတ်လန့်နေချိန်လည်း ဖြစ်တဲ့အတွက် အဲဒီအရာကို တွေ့တဲ့သူတွေက ပိုပြီး စိုးရိမ်ခဲ့ကြတာပါ။

ရဲတပ်ဖွဲ့ ရောက်လာပြီး ဘုန်းတော်ကြီးကို မေးမြန်းစစ်ဆေးတဲ့အခါမှာတော့ သေနတ်အစစ်မဟုတ်ဘဲ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ သေနတ်ပုံစံ ဖုန်းကာဗာ တခုသာ ဖြစ်နေခဲ့ပါတယ်။

သက်ကြီးပိုင်း ရဟန်း ဦးပရီးဒါးက အဲဒီဖုန်းကာဗာကို TikTok ကနေ တွေ့ပြီး ကိုင်ရလွယ်ကူတာကို သဘောကျလို့ ဝယ်ယူခဲ့တာဖြစ်ကြောင်း၊ မသမာတဲ့ ရည်ရွယ်ချက် လုံးဝမရှိကြောင်း မိန့်ကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အခုလိုမျိုး တခြားသူတွေကို ထိတ်လန့်စေနိုင်တဲ့ ဖုန်းကာဗာမျိုးကို နောက်ထပ် မသုံးတော့ဘူးလို့လည်း မိန့်ကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဦးပရီးဒါးကို အများပြည်သူတွေ ထိတ်လန့်ခဲ့ရတဲ့အတွက် သတိပေးစကား ပြောကြားခဲ့ပြီး အဆိုပါ သေနတ်ပုံစံ ဖုန်းကာဗာအပိုင်းကို သိမ်းဆည်းသွားခဲ့ပါတယ်။

ကိုးကား။ ။ Khaosod English — “Monk’s Phone Case Mistaken For Gun at Chai Nat Hospital”

ပုံစာ - ဦးပရီးဒါးက အဆိုပါ ဖုန်းကာဗာကို TikTok မှတဆင့် ကိုင်ရလွယ်ကူသောကြောင့် သဘောကျ၍ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မိန့်သည်။ / Khaosod

သံတွဲမြို့ ဗုံးကြဲခံရမှုအတွင်း အပြစ်မဲ့ ပြည်သူ (၁၀) ဦးအထက်သေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အာရက္ခတပ်တော် ထုတ်ပြ...
10/08/2026

သံတွဲမြို့ ဗုံးကြဲခံရမှုအတွင်း အပြစ်မဲ့ ပြည်သူ (၁၀) ဦးအထက်သေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အာရက္ခတပ်တော် ထုတ်ပြန််

Burma Voice

ယနေ့ သြဂုတ်လ ၁၀ ရက်၊ နေ့လယ် (၁) နာရီအချိန့်မှစတင်၍ အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၁) စီးဖြင့် မိနစ် (၂၀) ခန့်ကြာ လှည့်ပတ်ပြီး ပေါင် (၃၀၀) ဟု ယူဆရသည့် ဖျက်အားပြင်းဗုံးသီး (၃) လုံးကို ကြဲချပြီး ထပ်မံ အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။

အဆိုပါဗုံးသီးများမှာ ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်များသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူ (၁၀) ဦးအထက် အစုလိုက်အပြုံလိုက် ထပ်မံသေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။

ထို့အပြင် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးမှာလည်း ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါလေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ၄င်းပတ်ဝန်းကျင်မှ ဒေသခံ အပြစ်မဲ့ အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ (၂၀) ခန့်မှာလည်း လုံးဝနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ (၆၀) နီးပါး ကြဲချတိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ၊ (၂၃) ၊ (၂၄)၊ (၂၇)၊ (၃၁) ရက်နေ့တို့တွင်လည်း သံတွဲမြို့နယ်၊ ကျေးရွာများရှိ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ နေ့ရော ညပါ ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှု အများအပြားရှိခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

ထို့ကြောင့် အာရက္ခ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း နှင့် ရေကြောင်း ရန်တို့ကို ယခင်ကထက် ပိုမိုဂရုစိုက်ကြပါရန် အာရက္ခတပ်တော်(အေအေ) က ထပ်မံအသိပေး တိုက်တွန်းထားပါသည်။

ယနေ့ နေ့လယ်က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုစာရင်း အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Photos-AA info desk

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ လီယွန်နယ် မက်ဆီကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတစ်ခု ရှိခဲ့တယ်လို့ အမေရိကန်ရဲ...
08/08/2026

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ လီယွန်နယ် မက်ဆီကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတစ်ခု ရှိခဲ့တယ်လို့ အမေရိကန်ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ ဖော်ပြထားမှုအရဆိုရင် မက်ဆီဟာ ပြိုင်ပွဲတလျှောက်လုံးမှာ ခြိမ်းခြောက်ခံရမှုအများဆုံး ရရှိတဲ့ ကစားသမားဖြစ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အသေခံဗုံးခွဲတိုက်ခိုက်မယ့် အစီအစဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျော်ဒန်နဲ့ ကစားခဲ့တဲ့ ပွဲမတိုင်ခင်မှာ ဖုန်းခေါ်ဆိုသူ တဦးက Dallas လေဆိပ်ကို သတိပေးမှုတခု ပြုလုပ်ခဲ့ပြီး လက်လုပ်ဗုံးတွေ ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင် ၃ ဦးက အားကစားကွင်းထဲ ဝင်ရောက်ပြီး မက်ဆီကို ပစ်မှတ်ထား လုပ်ကြံဖို့ စီစဉ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

အီဂျစ်နဲ့ပွဲမတိုင်ခင်လည်း အလားတူသတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီး ကွင်းထဲက အမှိုက်ပုံးတွေအတွင်းမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ဝှက်ထားတယ်ဆိုတဲ့ သီးခြားဗုံးခွဲမယ့် ခြိမ်းခြောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေး အရာရှိတွေက ဗုံးရှာဖွေရေး ခွေးတွေနဲ့ အဆိုပါနေရာတွေမှာ သေသေချာချာရှာဖွေခဲ့ကြပြီး ခြိမ်းခြောက်မှုတွေဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့ ကောက်ချက်ချအတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

ဆည်တော်ကြီး ရေပိုလွှဲ ဖွင့်ချ၊ အနီးရှိရွာများ ပြောင်းရန် သတိပေးBurma Voice မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော...
05/08/2026

ဆည်တော်ကြီး ရေပိုလွှဲ ဖွင့်ချ၊ အနီးရှိရွာများ ပြောင်းရန် သတိပေး

Burma Voice

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး၌ ကန်ရေပြည့်အမှတ်သို့ ရောက်ရှိရန် ၁ ပေခွဲခန့်သာ လိုတော့သဖြင့် ဩဂုတ် ၃ ရက် ည ၈ နာရီမှ စ၍ ရေတံခါးများဖွင့်ချထားသောကြောင့် ဆည်အနီးကျေးရွာများ ရွှေ့ပြောင်းကြရန် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းကော်မတီက အသိပေးသည်။

လက်ရှိတွင် ကျေးရွာများနှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင်၊ အင်းတံခါး ကျေးရွာများမှဒေသခံများအနေဖြင့် ကုန်းမြင့်ပိုင်းများသို့ အရေးပေါ် ပြောင်းရွှေ့နေထိုင်ကြရန် တိုက်တွန်းထားသည်။

မတ္တရာဒေသခံတဦးက “ဆည်တော်ကြီးက နှစ်တိုင်းလိုလို ရေပိုလွှဲကနေ ရေ လွှတ်နေကြပါ၊ ဆည်နဲ့ နီးတဲ့ရွာတွေနဲ့ အောက်ဘက်က ရွာတွေက ရေ ဝင်နေကြမို့ အရမ်းကြီး စိုးရိမ်ရတာမျိုးတော့ မဟုတ်ပါဘူး၊ အခုသတိပေးတဲ့ ရွာတွေက ဆည်တော်ကြီးရေလွှတ်မြောင်းမတော်ကြီးဘေးက ရွာတွေပါ”ဟု ပြောသည်။

ထို့အတူ တံငါတံတား၏ လက်ရှိရေအမှတ်သည် ၉၅ ဒသမ ၆ သို့ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ကျော်လွန်နေပြီဖြစ်သော ကြောင့် ထပ်တိုးရေ ၃ ပေခန့် ရောက်ရှိလာပါက ကားလမ်းများ ရေကျော်နိုင်သလို ပုဂံစု၊ ရေချောင်း၊ သပြေချောင်၊ အင်းတံခါး ကျေးရွာများမှအပ အခြားကျေးရွာများအတွက် စိုးရိမ်ဖွယ်မရှိဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ဆည်တော်ကြီးရေလှောင်တမံတွင် ရေပိုလွှဲတံခါး ၇ ပေါက်ရှိသလို ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ ပေ၊ ရေလှောင်ပမာဏ ၃၆၃၀၀၀ ဧကပေ ဖြစ်ပြီး လက်ရှိတမံရေအမှတ် ၄၁၈ ပေသို့ ရောက်ရှိနေပြီဖြစ်ကာ ရေပိုလွှဲတံခါး ၇ ပေါက်အနက် မည်မျှ ဖွင့်ချထားသည်ကိုမူ မသိရပေ။


ที่อยู่

Bangkok
10170

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Voiceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์